Monday 26 October 2015

Multicast ရဲ့သဘော

ကျွန်တော်တို့ပြောပြောနေတဲ့ Routing ဆိုတာဟာ အဓိကအားဖြင့် Unicast Routing ကိုဆိုလိုတာဖြစ်ပါတယ်။ Unicast Routing ရဲ့အလုပ်လုပ်ပုံတွေကိုနားလည်သွားပြီ၊ uRPF တို့ BGP တို့ကိုနားလည်ပြီဆိုရင်တော့ Multicast Routing ကိုလေ့လာဖို့ အဆင်သင့်ဖြစ်ပါပြီ။ အဲဒါတွေ မသိသေးရင်တော့ Multicast Routing နည်းပညာရဲ့ ရှုတ်ထွေးတဲ့ အကြောင်းအရာတွေကြောင့် နားလည်နိုင်ဖို့မလွယ်လောက်ပါဘူး။ ကျွန်တော့်အမြင်သက်သက်ကိုသာ ပြောတာပါ၊ တားမြစ်ချက်တော့မဟုတ်ပါဘူး။

အရင်ဦးဆုံး Multicast ဆိုတာဘာလဲဆိုတာကို မြင်သာအောင် အရင်ကြည့်ကြတာပေါ့။ အခုခေတ်မှာ Facebook ကိုလူတိုင်းအသုံးပြုတတ်ကြမှပါ။ ဒါဆိုရင်တော့ Multicast ဆိုတာဘာလဲဆိုတာ Facebook အသုံးပြုပုံနဲ့ နှိုင်းယှဉ်ပြီး အလွယ်တကူသိနိုင်ပါပြီ။ Facebook မှာ ကျွန်တော်တို့ ပို့စ်တွေတင်တဲ့အခါမှာ သူငယ်ချင်းတယောက်ကိုကြည့်စေချင်တင်လား၊ သူငယ်ချင်းတွေအားလုံးကိုလား၊ အခုလို Cisco Myanmar လို Closed Group ကိုလား၊ ဒါမှမဟုတ် အကုန်လုံး မြင်စေချင်အောင် မိမိ Wall မှာပဲ Public ဆိုပြီး တင်ချင်တာလားဆိုပြီး ရွေးရပါတယ်။ (မသိသေးရင် Facebook များများသုံးပါ)  :)

တယောက်ကိုပဲကြည့်စေချင်တာက ဘာနဲ့တူမလဲဆိုရင် Unicast ပေါ့၊ Source တစ်ခု Destination တစ်ခုပဲ။ Public ကိုတင်တာကြတော့ Broadcast ပေါ့၊ Source တစ်ခုကနေပြီးတော့ Facebook ဆိုတဲ့ Broadcast domain တစ်ခုအောက်က သူတွေအကုန်လုံးမြင်အောင်တင်တာပေါ့။ Broadcast မတူတဲ့ Google + တို့၊ Instagram တို့ဖက်ကသူတွေတော့ဘယ်ပါလိမ့်မလဲ။ Multicast ဆိုတာက Facebook အောက်မှရှိတဲ့ သီးခြား Group တွေကိုပဲသီးသန့်တင်တဲ့သဘောပေါ့။ အဲဒီအုပ်စုက မဟုတ်တဲ့သူတွေဆိုမမြင်ရဘူး၊ အုပ်စုအထဲကသူတွေပဲမြင်ရတာပါ၊ Source အနေနဲ့ကတော့ တစ်ခုပဲပေါ့။ Multicast ကိုလေ့လာမယ်ဆိုရင် အရင်ဆုံးသိသင့်တာတော့ ခုနကပြောခဲ့တဲ့ Group Concept ပါပဲ။ နောက်တခုကတော့ အဲဒီပို့စ်တင်တဲ့အခါ အုပ်စုထဲကသူတွေ တစ်ယောက်စီအတွက် ပို့စ်တွေ အများကြီးရေးစရာ မလိုပါဘူး၊ တစ်ခုရေးပြီး တင်လိုက်ရင် အကုန်လုံးဖတ်လို့ရသွားပါပြီ။ ဒါဟာ Multicast ရဲ့နောက်ထပ် အဓိကလုပ်ဆောင်ပုံပါ။ တစ်ခုပဲလိုပါတယ်။

Unicast ကကော။
Facebook မှာလူတရာလောက်က ကိုယ်ကို Hi လာလုပ်ရင် တယောက်ချင်းစီကိုပြန်ပြီး Hi လုပ်ရင်တောင် အခါတရာပြန်လုပ်ရမှာဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒါတောင် Hi ပဲရှိသေးတယ်။ ရှည်ရှည်ဝေးဝေးသာ အခါတရာလောက်ပြောရရင် ဘယ်လွယ်လိမ့်မလဲ၊ ဖုံးဘေလ်တွေလဲ ပေးလိုက်ရမဲ့အဖြစ်။ Group/ Multicast နဲ့ဆိုရင်တော့ Hello everyone ဆိုပြီး တခါပြောလိုက်ယုံနဲ့ ပွဲပြီးသွားမှာပေါ့။ ဒီလောက် အသေးအဖွဲလေးမှာတောင် အတော်ကွာခြားနေရင် သီချင်းတွေ၊ ရုပ်ရှင်တွေ စသဖြင့် ကြီးမားတဲ့ Data တွေဆိုရင် ဘယ်လောက်တောင်ကွာခြားလိမ့်မလဲဆိုတာ တွက်စလို့ရပါတယ်။ အခုလောက် သိပြီဆိုရင်တော့ Multicast ဆိုတာဘာလဲဆိုတာ သိသွားပါပြီ။ ထပ်လေ့လာရမှာကတော့ အဲဒီလို Multicast လုပ်နိုင်အောင် ဘယ်လိုနည်းပညာ၊ ဘာ Protocol တွေကလုပ်ဆောင်ပေးတာလဲကိုပါ။

အဲဒါကိုလဲ အသေးစိတ်မလေ့လာခင်မှာ အပေါ်ယံ Overview ကိုအရင်ကြည့်ထားရင်ပိုကောင်းပါလိမ့်မယ်။ Multicast Group Concept နဲ့ အသုံးပြုတဲ့ Multicast Address တွေကဘာတွေလဲ၊ Intradomain မှာအသုံးပြုတဲ့ Protocols တွေက ဘယ်လိုခေါ်လဲ၊ အဲဒီကမှတဆင့် CCIE level တွေမှာ ပါတဲ့ Interdomain Multicast Protocols တွေက ဘယ်လိုဆိုတာကို အကြမ်းမျဉ်းအနေနဲ့ ရင်းနှီးသွားပြီဆိုရင်တော့ နောက်ပိုင်းဖတ်ရတာ အဆင်ပြေသွားပါလိမ့်မယ်။ ကျွန်တော်ပြန်ရှာကြည့်တဲ့အခါ အခုအောက်မှာပေးထားတဲ့ လင့်က Overview အတွက်ရေးထားတာဖြစ်တဲ့အတွက် ဖတ်လို့အဆင်ပြေပါတယ်။ နဲနဲတော့ဟောင်းနေပေမယ့် အသစ်ထွက်တဲ့ စာတမ်းတွေအတော်များများကလဲ ဒီကနေ ကူးယူထားတာကြောင့် ဒီလင့်ကိုဖတ်ရင် ရပါပြီ။

http://www.cisco.com/c/en/us/td/docs/ios/solutions_docs/ip_multicast/White_papers/mcst_ovr.html




ကိုဖြိုး

Wednesday 21 October 2015

ဖတ်၍မကုန် ယူလို့မခမ်း

Networking ကိုလေ့လာရာမှာ သင်တန်းတွေအပြင်၊ စာမေးပွဲတွေအတွက်ထုတ်ထားတဲ့ စာအုပ်တွေ၊ ပညာရပ်ဆိုင်ရာသီးသန့် ရေးထားတဲ့ စာအုပ်တွေ၊ ဖိုရမ်တွေ၊ ဘလော့တွေ စသဖြင့် ထောင့်မျိုးစုံကနေလေ့လာကြရပါတယ်။ ဒါမှတဆင့် သက်ဆိုင်ရာဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရင်းနဲ့လည်း အလုပ်ခွင်က ကြုံတွေ့ရတဲ့ ဗဟုသုတတွေ၊ လုပ်ငန်းခွင်မှာ အဓိကနေရာတွေကနေ တာဝန်ယူလုပ်ဆောင်နေကြတဲ့ အတတ်ပညာရှင်တွေရဲ့ နည်းပညာဖလှယ်မှုတွေကိုလည်း နားထောင်ရပါတယ်။ နောက်ပြီးတော့ ပစ္စည်းထုတ်လုပ်သူတွေ နည်းပညာ ထုတ်ကုန်မိတ်ဆက်ပွဲတွေကိုလည်း သွားရောက်ပြီး ကိုယ်နဲ့ဆိုင်တဲ့ နည်းပညာနယ်ပယ်ထဲမှာ ဘာတွေတော့ အပြောင်းအလဲဖြစ်နေပြီ၊ ရှေ့လမ်းကြောင်းတွေက ဘယ်လိုတော့ ရှိနိုင်တယ်၊ စသဖြင့်ကိုလည်း မျက်ချေမပြတ်သင့်ပါဘူး။ နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြမယ့် အတတ်ပညာရှင်တယောက် ဖြစ်ချင်တယ်၊ ဖြစ်လာပြီ၊ဆိုရင် အဲဒါတွေကိုရပ်လို့မရတော့ပါဘူး။ သင်တန်းတခုတက်ပြီးသွားယုံနဲ့ပွဲမပြီးသွားပါဘူး။ ဒါဟာ အစပါ။  ကိုယ့်ရဲ့ အသိပညာကို စဖွင့်လိုက်တာနဲ့အတူတူပါပဲ။ အဲဒီလို စသိသွားပြီဆိုရင် လေ့လာရတာပိုပြီးကောင်းလာတာ တွေ့ရပါတယ်။ တီဗွီဇတ်လမ်းတွေ ကြည့်သလိုပေါ့၊ စ စချင်းမှာ သိပ်စိတ်ဝင်စားစရာမကောင်းတဲ့ ဇတ်ကားတောင် ဇတ်ရည်လည်လာတာနဲ့ အမျှနောက်ထပ်ဆက်ကြည့်ချင်စိတ်ပေါ်လာသလိုပေါ့။

 ဒါပေမယ့် အဲဒါတွေအတွက် အမြဲတမ်း အကုန်အကျခံရမယ်ဆိုရင်တော့ ဘယ်လွယ်လိမ့်မလဲ၊ အလကားရနိင်တဲ့နေရာတွေ၊ အဖွဲ့အစည်းကပံ့ပိုးပေးမယ့် အထောက်အပံ့တွေ ရှာထားရတာပေါ့။
Cisco Networking လေ့လာသူတွေအနေနဲ့ကတော့ သိပ်ပြီးဝေးဝေးလံလံ လိုက်ရှာနေစရာမလိုပါဘူး။ Cisco documentation လို့ခေါ်တဲ့ Cisco Product documents တွေကိုလိုက်ပြီးလေ့လာယုံနဲ့ တင်အချိန်မလောက်ပါဘူး။ Product ကိုအသားပေးရေးထားတဲ့ အကြောင်းအရာတွေသာမက Internetworking နဲ့သက်ဆိုင်တဲ့ နည်းပညာတွေကိုလဲ တွေ့နိုင်ပါတယ်။ ပြီးရင် Cisco Community အထဲဝင်ပြီး မေးချင်တာတွေမေး၊ သူများတွေ အမေးအဖြေလုပ်ထားတာတွေကို ဖတ်ရင်းနဲ့လည်း ကိုယ်တိုင်မကြုံတွေ့နိင်တဲ့ အတွေ့အကြုံတွေကိုမြည်းစမ်းကြည့်လို့ရပါတယ်။ ဒါမှအားမရသေးရင် တနှစ်ကို လေးကြိမ်ကျင်းပတဲ့ Cisco Live ဆိုတာရှိပါသေးတယ်၊ ဒါပေမယ့် အာရှဖက်မှာလုပ်တဲ့ အရေအတွက်နဲတာကြောင့် သွားတက်ဖို့က သိပ်မလွယ်ပါဘူး။ အချိန်အရကော ကုန်ကျစရိတ်ကပါ မသေးပါဘူး။အနီးဆုံးအနေနဲ့ Melbourne မှာပဲလုပ်ပါတယ်။ ဒါပေမယ့် Cisco Live မှာလာရောက်ပြောဆိုကြတဲ့ ပညာရှင်တွေ၊ အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာကောင်းပြီး အပြင်မှာ ထုတ်ဝေထားတဲ့ စာအုပ်တွေမှာ ရှာဖွေမတွေ့နိုင်တဲ့ အရာတွေ ပါပါတယ်။ Online event တွေဆိုရင်တော့ Live တက်လို့ရပါတယ်။


အဆင်ပြေတာကတော့ အဲဒီပွဲတွေကနေ ရိုက်ကူးထားတဲ့ Video တွေ၊ Presentation တွေကို Cisco Live website မှာ အကုန်ပြန်ကြည့်လို့ရပါတယ်။ User account register လုပ်ထားပြီး ဘယ်အချိန်တုန်းကကျင်းပခဲ့တဲ့ပွဲတုန်းက ပြောသွားတဲ့အရာတွေဖြစ်စေ၊ ကိုယ်သိချင်တဲ့ နည်းပညာပိုင်းဆိုင်ရာ သီးသန့်ပဲဖြစ်စေ စသဖြင့်ရွေးချယ်ပြီး ကြည့်လို့ရပါတယ်။ ကိုယ့်ဖက်က အချိန်ပေးနိင်ဖို့ရယ်၊ အင်တာနက်ကောင်းဖို့ရယ်ပဲ လိုပါတယ်။ Cisco Live On-demand library မှာကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။ မြန်မာပြည်အတွက်တော့ Video ကိုကြည့်ဖို့အခက်အခဲရှိနိုင်ပေမယ့် PDF/ PPT File ကိုတော့ အလွယ်တကူ Download ယူပြီးဖတ်လို့ရပါတယ်။ ဒီတော့ ဘာဖတ်ရမှန်းမသိတဲ့သူတွေ၊ ကုန်ကျစရိတ်တွေကြောင့် နှောင့်နှေးနေနဲ့သူတွေ၊ နည်းပညာကိုရူးသွပ်နေသူတွေအတွက် ဖတ်၍မကုန်နိုင်စရာတွေ အင်တာနက်ပေါ်မှာ အလကားရှိနေပါတယ်လို့ သတင်းပေးလိုပါတယ်။ မိမိရဲ့ စိတ်အားထက်သန်မှုနဲ့အချိန်ပေးနိင်မှုပေါ်မူတည်ပြီးတော့ ကိုယ်ဘယ်လောက်အထိ လိုက်လုပ်နိုင်မလဲဆိုတာပဲ ကြည့်ရမှာပါ။


www.ciscolive.com








ကိုဖြိုး

Sunday 11 October 2015

Loop-Prevention in MPLS L3VPN

OSPF ကို PE-CE Protocol အဖြစ်နဲ့အသုံးပြုမယ်၊ CE Router တစ်လုံးဟာ Dual-homed အနေနဲ့ PE Router နှစ်လုံးကိုချိတ်ဆက်ထားခဲ့မယ်ဆိုရင် ဖြစ်လာနိုင်ခြေရှိတဲ့ Loop ကို OSPF ရဲ့ LSA Option ကိုအသုံးပြုပြီးကာကွယ်ထားပုံကိုလေ့လာကြည့်ရအောင်။ OSPF အကြောင်းနဲ့MPLS အခြေခံတွေကို မသိသေးရင်တော့ ဖတ်ရတာသိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။

အောက်ကပုံမှာကြည့်လိုက်ရင် CE1 ဖက်က ပို့လိုက်တဲ့ Route ဟာ MPLS backbone ကနေPE2 ကနေတဆင့် CE2 ကို ရောက်သွားမယ် အဲဒီကမှ PE3 ကိုပြန်ရောက်သွားမယ်၊ PE3 ကနေ အဲဒီRoute ဟာဘယ်ကလာတယ်ဆိုတာသေချာမသိပဲ MP-BGP အထဲကို ပြန်ထည့်မယ် ဆိုခဲ့ရင် Loop ဖြစ်သွားနိုင်တာပေါ့၊ ဒီလိုမဖြစ်ရအောင် PE Router တွေဟာ MPLS ကအခွံချွတ်ထွက်လာမယ့် OSPF Routes တွေမှာ DN bit ထည့်ပေးလိုက်ပါတယ်။ CE ကနေပြန်လာတဲ့ LSA အထဲမှာ DN bit ပြန်ပါလာခဲ့ရင် အဲဒီ LSA ကို အသုံးမပြုတော့ပါဘူး၊ OSPF calculation မှာမပါတော့သလို MP-BGP အထဲကိုလည်း ပြန်ထည့်စရာအကြောင်းမရှိတော့ပါဘူး။ ဒီနည်းနဲ့Loop မဖြစ်အောင် ကာကွယ်ထားပါတယ်။ သီးသန့် Configure လုပ်စရာမလိုပဲ OSPF ကို PE-CE protocol အဖြစ်သုံးလိုက်တာနဲ့ ပါလာမယ့် နည်းပညာဖြစ်ပါတယ်။ PE တစ်လုံးကိုသာ ချိတ်ဆက်ထားတဲ့ နေရာမျိုးမှာတော့ Loop ဖြစ်နိုင်ခြေမရှိလောက်ပါဘူး။

DN bit ပါမပါဘယ်လိုကြည့်ရမလဲဆိုရင်တော့ Show ip ospf database summary ဆိုပြီးခေါ်ကြည့်လိုက်ရင် LSA Option ဆိုတဲ့နေရာမှာ Downward ဆိုပြီးတွေပါလိမ့်မယ်။ ဒါဆိုရင် DN bit ထည့်ပေးထားတယ်ဆိုတာသိသာတာပေါ့။ အဲဒီမှာ နောက်ထပ်သတိထားမိတာတစ်ခုကတော့ PE Router တွေမှာ DN bitကိုထည့်လိုက်ပြီးတာနဲ့ Routing bit ကိုတပြိုင်တည်းမှာ Disable လုပ်လိုက်ပါတယ်။ Routing bit ဟာ LSA အထဲမှာတွဲပါလာတာ မဟုတ်ပဲ IOS ကနေထပ်မံထည့်ပေးလိုက်တဲ့ အမှတ်အသားဖြစ်ပါတယ်။ အဲဒါဘာကိုဆိုလိုတာလဲဆိုရင် အဲဒီ Route ဟာအသုံးပြုလို့ရတယ် Valid route ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်။ MPLS PE မဟုတ်တဲ့ ရိုးရိုး OSPF Network တွေမှာဆိုရင် LSA တွေကို ခေါ်ကြည့်လိုက်ရင် Option ရဲ့အပေါ်မှာ Routing bit set on this LSA ဆိုပြီးတွေ့ကြပါလိမ့်မယ်။ OSPF Database ကိုအသုံးပြုသူတိုင်းခေါ်ကြည့်ဖူးပါလိမ့်မယ်။ ဒီတော့ Routing bit ဟာ MP-BGP နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့တော့ ပြောလို့မရပါဘူး။ ဒါကြောင့်လဲ ဆွေးနွေးချက်တွေ၊ ဖိုရမ်တွေမှာ MPLS PE-CE ကိစ္စတွေမှာ သူ့ထက်စာရင် DN bit အကြောင်းကိုပဲ အလေးထားပြောကြပါတယ်။


R1# show ip ospf database summary

           OSPF Router with ID (11.11.11.11) (Process ID 1)

                Summary Net Link States (Area 0)

  Routing Bit Set on this LSA
  LS age: 149
  Options: (No TOS-capability, DC, Downward)
  LS Type: Summary Links(Network)
  Link State ID: 4.4.4.4 (summary Network Number)
  Advertising Router: 192.168.1.2
  LS Seq Number: 80000001
  Checksum: 0x989C
  Length: 28
  Network Mask: /32
        TOS: 0  Metric: 11

အောက်က လင့်မှာအသေးစိတ်ရှင်းပြထားပါတယ်။ 
http://www.cisco.com/c/en/us/support/docs/ip/open-shortest-path-first-ospf/118800-configure-ospf-00.html


ကိုဖြိုး