Monday 16 January 2017

IT Certificates တွေရဲ့တခြားစာမျက်နှာ။


IT certificates တွေဟာ အလုပ်ရဖို့၊ လခ ကောင်းဖ်ို့၊ ရာထူးတိုးဖို့ အတွက် အထောက် အကူပြုတယ်ဆိုတာ IT Field ထဲမှာ လုပ်နေတဲ့သူတွေ၊ အလုပ်ရှာနေတဲ့သူတွေ အကုန်လုံး လက်ခံ ထားကြပါတယ်။ အကုန်လုံးမဟုတ်တောင် ရာခိုင်နှုန်းများများက လက်ခံတဲ့ အုပ်စုဘက်မှာ ပါတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့်လည်း သင်တန်းတွေတက်၊ စာတွေဖတ်၊ လက်တွေ့တွေ လုပ် စသဖြင့် နည်းမျိုးစုံနဲ့ လက်မှတ်တွေ ပိုင်ဆိုင်လာအောင် ကြိုးစားကြပါတယ်။ ဒါပေမဲ့  တခါတလေ မှာ ကိုယ်ထင်ထားသလို လစာတွေ၊ ဝင်ငွေတွေ ရမလာတဲ့ အခါမှာ ကိုယ်ရဲ့ကြိုးစား အားထုတ်မှုက အရာထင်မလာတဲ့အတွက် ခံပြင်းခဲ့ရတဲ့ သူတွေလည်း ဒုနဲ့ဒေးပေါ့။ ဒီနေရာမှာ အသေးစိတ် ထပ်ပြီး ကြည့်မယ်ဆိုရင် ပေးခဲ့ရတဲ့ အချိန်၊ ကုန်ကျခဲ့တဲ့ ငွေ၊  ကြိုးစားအားထုတ်ခဲ့ရတဲ့ အတိုင်းအတာဟာ ကိုယ့် အခြေအနေ၊ ကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ့်ဝင်ငွေနဲ့ ကိုယ့်မှာရှိတဲ့ အခြေခံပေါ် မူတည်ပြီး ဘယ်လောက်အထိ ရင်းနှီးခဲ့ရတယ်ဆိုတာ ကွဲပြားကြပါတယ်။ အိမ်က မိဘတွေက ပေးတဲ့သူနဲ့ ကိုယ့်ရဲ့ ရှိစုမဲ့စုကို စုဆောင်းပြီး သုံးရတဲ့သူကွာသလို၊ တစ်ကိုယ်တော် တွေနဲ့၊ မိသားစု အတွယ် အတာတွေကြားက အချိန်လုပြီး လုပ်ခဲ့ရသူတွေလည်း ကွာကြပါတယ်။ ဒါတွေဘာလို့ပြောနေရ တာလည်းဆိုတာကို ဆက်ကြည့်ရအောင်။

IT certificates တွေရဲ့ ကုန်ကျစရိတ်ကို ပြောရင် အများစုဟာ သင်တန်းကြေး၊ စာအုပ်ဖိုး၊ ကွန်ပြူတာ၊ စာမေးပွဲကြေး စတဲ့အရာတွေကိုပဲ မြင်ကြပါတယ်။ ဒါပေမယ့် အဲဒီ လက်မှတ်တွေ ကိုထိန်းသိမ်းဖို့၊ အသက်ဝင်နေဖို့ ထပ်ဖန်တလဲလဲပေးနေရတဲ့ Renewal ဆိုတဲ့ ကိစ္စကို ထည့်ပြီး တွေးထားတဲ့သူ ရှားပါတယ်။ Renewal ဟာ စာမေးပွဲကြေးတစ်ခုထက် ပိုပါတယ်။ အချိန်တွေ၊ လိုအပ်တဲ့ စာအုပ် စာတမ်းတွေ ဝယ်ယူစရိတ် စတာတွေ ပေါင်းထည့်လိုက်ရင် တစ်နှစ် တစ်နှစ်ကို မနည်းပါဘူး။ CCNA/CCNP ဆိုရင် စာမေးပွဲကြေး အနေနဲ့ တစ်နှစ်ကို ဒေါ်လာ တစ်ရာလောက် အနဲဆုံးရှိပါတယ်။ သုံးနှစ်နဲ့ပြန်တွက်ထားတာပါ။ ဒီထက်ဈေးကြီးတဲ့ CCIE လို လက်မှတ်မျိုးဆိုရင် စာမေးပွဲကြေးတင် တစ်နှစ်ကို ဒေါ်လာ ၂၀၀ နီးပါးကုန်ကျပါတယ်။ တခြားအရာတွေသာ ထည့်တွက် လိုက်ရင်တော့ ၅၀၀ ခန့်၊ ဒါမှမဟုတ် အထက်မှာရှိပါတယ်။ ဒါဆို Renew မလုပ်ရင်ကော မရ ဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒါက ကိုယ့်သဘောပါ။ ကိုယ့်အတွက် လိုအပ် နေသေးတယ်၊ အရှေ့မှာ လိုအပ်လာနိုင်သေးတယ်ဆိုရင်တော့ လုပ်ရမှာပဲပေါ့။ ဒါပေမဲ့ အဲဒီ လိုလုပ်နေနိုင်အောင် ကိုယ့်ရဲ အလုပ်၊ ဝင်ငွေကလည်း ကောင်းနေမှဖြစ်မှာပါ။ CCIE လုပ်ပြီးတော့မှ CCIE တစ်ယောက် ရသင့်တဲ့ လစာမျိုး မရနိုင်ဘူးဆိုရင် နှစ်စဉ်ပေးနေရတဲ့ ကိစ္စက သိပ်မတန် သလိုဖြစ်လာပါလိမ့်မယ်။ မရနိုင်ဘူး ဆိုတဲ့နေရာမှာလည်း ကိုယ်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံ နဲ့လည်း သက်ဆိုင်ပါတယ်။

နောက်တခုက လက်မှတ်အများကြီးကိုင်ထားတာ ကောင်းလား မကောင်းဘူးလားဆိုတဲ့ အချက်။ သက်ဆိုင်ရာ Vendor Certificate တွေဟာ သက်တမ်းတိုးဖို့အတွက် သီးသန့်ဖြေရပါတယ်။ ဒီတော့ Cisco ရော Juniper ပါယူထားတဲ့ သူတစ်ယောက်ဟာ Cisco ရော Juniper အတွက်ပါ သက်တမ်း တိုးရတဲ့အတွက် ပိုအကုန်အကျများပါတယ်။ လက်မှတ်နှစ်မျိုးကိုင်ထားတဲ့ သူအတွက် အလုပ် အခွင့်လမ်း ပိုပြီး ရွေးချယ်လို့ရတယ်လို့ ပြောလို့ရသလို ထိန်းသိမ်းဖို့လို ပိုပင်ပန်း၊ ပိုကုန်လာ တာကို သတိပြုရပါမယ်။ ယူမယ်လို့စဉ်းစားရင်လည်း သေသေချာချာ တွက်စပြီး အချိန်မထပ်အောင်၊ တစ်ခုနဲ့တစ်ခုလွတ်အောင် ဖြေသင့်ပါတယ်။ ဒီလက်မှတ်တွေဟာ ဘွဲ့တွေ၊ ဒီဂရီတွေလို တခါရပြီး တာနဲ့ပြီးသွားတာမျိုးမဟုတ်ပဲ ပုံမှန်သက်တမ်းတိုးနေရတာကို သတိပြုဖို့လိုပါတယ်။ နှစ်မျိုးထက် ပိုလာရင်တော့ ထိန်းသိမ်းရတာ အရမ်းခက်သွားပြီး နောက်ပိုင်းမှာ တခုခုကိုလက်လွတ်ရပါလိမ့် မယ်။

 နောက်ထပ် တစ်ချက်အနေနဲ့ ကိုယ်က အခုမှကျောင်းဆင်းကာစ ဖရက်ရှာတစ်ယောက်၊ ရှာနေတဲ့ အလုပ်က ဂျူနီယာ နေရာဆိုပါတော့။ ဒီလိုနေရာမျိုးအတွက် ကိုယ့်အတွက်လိုအပ်တဲ့ လက်မှတ် ဟာ CCENT/ CCNA လို Associate Level Cert တွေပါ။ အဲဒီနေရာမှာ သူများတွေက CCNP လုပ်တာနဲ့ ကိုယ်လည်းလိုက် လုပ်မယ်ဆိုရင် အပေါ်က ပြောခဲ့တဲ့ အရာတွေကိုပြန်စဉ်းစားကြည့်ပါ။ မလိုဘူး မလုပ်သင့် သေးဘူး ဆိုရင် စာရင်းထဲ သွင်းထားလိုက်ပြီး တကယ်လိုအပ်တဲ့ အချိန်မှ သာပြန်လုပ်သင့်ပါတယ်။ (စာဖတ်လေ့လာခြင်းကို မဆိုလိုပါ၊ လက်မှတ်နောက်လိုက်တာ ကို ပြောတာပါ) ဘာကြောင့် ဒီလိုပြောတာလည်းဆိုရင် ကိုယ်ပြန်ရမယ့် လစာ၊ ဝင်ငွေဟာ ဂျူနီယာ တစ်ယောက်ရဲ့လစာသာဖြစ်နေတဲ့အတွက် ကိုယ်အရင်ပေးထားရတာနဲ့ဆို မကိုက်ပါဘူး။ ပြီးတော့ ကိုယ်အရင်ရထားတဲ့ လက်မှတ်ကို အသုံးပြုပြီး ဝင်ငွေပြန်ရအောင် ရှာသင့်ပါတယ်။ ဝင်ငွေရှာသလို တဖက်ကလည်း အတွေ့အကြုံရအောင်ယူရင်း နောက်ထပ် လက်မှတ်တစ်ခုကို စပြီးဖြေသင့်ပါ တယ်။ CCNP ယူထားပြီး လုပ်ငန်းခွင် အတွေ့အကြုံ တစ်နှစ်လောက်မှ မရှိရင် နောက်ပိုင်း အလုပ်ရဖို့ ပိုတောင် ခက်သွားနိုင်ပါတယ်။

လက်မှတ်တွေအများကြီးကိုင်ထားရင် အလုပ်သေချာပေါက်ရမယ်၊ လစာတွေအများကြီး ရမယ်လို့ သေချာပေါက်ပြောလို့မရပါဘူး။ လက်မှတ်တွေရှိခြင်းဟာ အင်တာဗျူးရဖို့အတွက် အခွင့်အလမ်းပို များပေမယ့် တကယ့်အင်တာဗျုးမှာ ကိုယ်တကယ်တတ်ကြောင်း၊ လုပ်နိုင်ကြောင်း ဖြေဆို ပြောပြနိုင် မှာသာ အလုပ်ရမှာဖြစ်ပါတယ်။ ခေါ်တဲ့အဆင့်ထက် ကိုယ်မှာရှိတာက များနေပြန်ရင်လည်း ပြဿနာ ဖြစ်တတ်ပါတယ်။ အိုဗာ ကွာလဖိုင်း (Over qualify) ဆိုပါတော့။ ဥပမာ NOC Level လို နေရမျိုးအတွက် လိုအပ်တာက CCNET/CCNA Level ပါ။ ကိုယ်က CCNP ရထားတယ်ဆိုပါတော့။ အလုပ်ရှင်ဖက်ကကြည့်ရင် နှစ်မျိုးရှိပါတယ်။ တစ်မျိုးက Skill Set ပိုမြင့်တဲ့သူရမယ် လိုတာထက် ပိုပြီးသုံးလို့ရနိုင်တဲ့အတွက် ကြိုက်တယ်။ နောက်တမျိုးကြတော့ ဒီလိုတွေးတယ်။ CCNP ဖြစ်နေတဲ့ အတွက် လစာကို သူများထက် အနည်းငယ်ပိုပေးရမယ်၊ ပြီးတော့ သူဟာ သူအဆင့်ထက်နှိမ့်ပြီး လာလုပ်နေတဲ့အတွက် ဒီနေရာမှာ အကြာကြီး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ သူကိုယ်တိုင်က နှိမ့်ထားရတဲ့အတွက် ဒီအလုပ်မှာ ပျော်ဖို့ဆိုတာ ရာခိုင်နှုံးနဲတယ်။ ဒီအတွက် မသင့်တော်ဘူး ပယ်တယ်ဆိုတယ် ကိစ္စမျိုးတွေ ကြုံဘူးပါတယ်။ မန်နေဂျာ ကခေါ်ချင်တာတောင် HR ဖက်က ကန့်ကွက်တာမျိုးတွေ ရှိပါတယ်။

နောက်ဆုံးတစ်ခုကတော့ ထန်းပင်တက် လက်မှတ်ရဖြစ်ပါတယ်။ အလုပ်ခေါ်တဲ့အချိန်မှာ အင်တာဗျူး ရအောင်ဆိုပြီး ရှိသမျှဖြေထားတာတွေ၊ အကုန်ထုတ်ကြွားလိုက်မိရော။ တကယ်အလုပ် လည်းရရော ကိုယ်ကိုင် တွယ်တာဝန်ယူရတာအပြင် အဲဒီအပို လက်မှတ်တွေကြောင့် ကိုယ်နဲ့မဆိုင် တဲ့နေရာ တွေမှာပါ ဝင်ရောက် လုပ်ကိုင်ရပါတယ်။ ဒါပေမဲ့ အဲဒီဟာတွေက ကိုယ့်ရဲ့တကယ့် ကျွမ်းကျင်မှုမဟုတ်တဲ့အတွက် တကယ်သေချာမလုပ်နိုင်တဲ့အခါ ကိုယ့်ရဲ့ အဓိက အလုပ်ရဲ့ Performance ပိုင်းကိုပါလာထိတတ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ကိုယ့်အရင်လုပ်ပြထားခဲ့တဲ့ အရာတွေကို မမြင်ကြတော့ပဲ ကိုယ်မလုပ်တတ်တဲ့ ကိစ္စကသာ မြင်သာသွားတဲ့အတွက် ရာထူးတက်ဖို့ လစာတိုးဖို့ အတွက် အဟန့်အတားဖြစ်လာနိုင်ပါတယ်။

ဒီတော့ IT Certificates တွေရဲ့ ကောင်းကျိုးတွေသာမက ကိုယ့်ကိုပြန်ပြီးထိခိုက်လာနိုင်တဲ့ ကိစ္စ လေး တွေကိုပါ သတိပြုဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို ချိန်ပြီး ကိုယ့်ရဲ့ Professional Profile ကို သေချာအကွက်ချ ပြင်ဆင်ပြီး မြှင့်တင်သွားရင် အကောင်းဆုံးလို့ထင်ပါတယ်။ အသိပညာ အတတ်ပညာအနေနဲ့ကတော့ ဖတ်နိုင်သလောက်၊ မှတ်နိုင်သလောက် လုပ်ထားတာ အကောင်းဆုံး ပါ။ ဒါပေမဲ့ လက်မှတ်တွေ ယူတော့မယ်၊ ဖြေတော့မယ်ဆိုရင်တော့ အပေါ်ကပြောခဲ့တာတွေကို ထည့်ပြီးစဉ်းစားပါလို့ အကြံပေးလိုပါတယ်။ ဒါဆိုရင် လက်မှတ်တွေ ကိုင်ထားပြီး မချင့်မရဲနဲ့ အားမရဖြစ်နေတာမျိုးတွေ နဲသွားပြီး ကိုယ့်ကိုကိုယ် ပိုပြီးတော့ ကျေနပ်အားရလာပါလိမ့်မယ်။

ကိုဖြိုး