Showing posts with label CCIE. Show all posts
Showing posts with label CCIE. Show all posts

Friday, 22 July 2016

မေးခွန်းများစွာနဲ့ CCIE

CBT Nuggets Blog မှာ Certificates တွေရဲ့ခက်ခဲမှု့အဆင့်ကို ဖော်ပြထားတဲ့ ပို့စ်တခုမှာ CCIE ကို အခက်အခဲဆုံးဆိုပြီးဖော်ပြထားတာ ဖတ်ရပါတယ်။ ဒါနဲ့ပက်သက်ပီးကျွန်တော့ အမြင်နဲ့ အတွေ့အကြုံကို ပြောပြလိုပါတယ်။ ကျွန်တော့်ကိုလာမေးထားတဲ့ မေးခွန်းတွေလည်းဖြေပီးသားဖြစ်သွားတာပေါ့။

ကျွန်တော်ဖြေဘူးသမျှ IT certification exam တွေအထဲမှာ CCIE ဖြေခဲ့ရတာ အခက်ခဲဆုံးပါ။ ကျွန်တော်ဒီလက်မှတ်ကို လက်ရှိကိုင်ထားလို့ လူအထင်ကြီးအောင်ပြောတာမဟုတ်ပါ။ မကြာသေးခင်ကပဲ CBT ရဲ့စာရင်းမှာပါတဲ့ CISSP ကိုလဲဖြေခဲ့ပီးပါပြီ။ ဘယ်ဟာပိုခက်လဲဆိုရင် CCIE လို့ပြောရမှာပါ။ ဒီလိုပြောလို့ CISSP ကိုလွယ်တယ်လို့ပြောတာမဟုတ်ပါ။ ဒါပေမယ့် ဖြေဆိုရတဲ့ပုံစံက မတူတဲ့အတွက် Apple to Apple သွားချိန်ကြည့်လို့မရပါဘူး။ CISSP က အတွေ့အကြုံကို အခြေခံပီး ကိုယ်ဘယ်လောက်သိသလဲဆိုတဲ့ပုံစံမျိုးမေးတာဖြစ်ပီး၊ မေးခွန်းဖတ် အဖြေ ရွေး ၊ ကလစ်နှိပ်ပုံစံနဲ့ ဖြေရတဲ့ MCQ exam ပါ။ CCIE ကတော့ လက်တွေ့ကိုအဓိကထားတဲ့ပုံစံပါ။ နည်းပညာနဲ့ပက်သက်ပြီး ဘယ်လောက်သိသလဲဆိုတာကို လက်တွေ့နဲ့ အချိန်ကန့်သတ်ပီး မေးတဲ့ပုံစံပါ။ နှစ်ခုစလုံးဟာ ဖြေရတာခက်ခဲပေမယ့် လက်တွေ့ပါတဲ့၊ အချိန် ၂ နာရီပိုကြာတဲ့ CCIE က ပိုခက်ပါတယ်။ ဒီလက်မှတ်နှစ်ခုရဲ့ အဓိကရည်ရွယ်ချက်ကလည်း မတူပါဘူး။ CCIE တွေကို လက်တွေ့မှာတကယ်ကျွမ်းကျင်တဲ့ Expert တယောက်ဖြစ်အောင်မေးထားတဲ့ပုံစံဖြစ်တဲ့အတွက် CCIE လို့ဆိုလိုက်တာနဲ့ ဒီလူဟာ သူနဲ့သက်ဆိုင်တဲ့အပိုင်းမှာ လက်တွေ့လုပ်နိုင်တဲ့သူလို့ ဆိုလို့ရပါတယ်။ CISSP ကျတော့ စီမံခန့်ခွဲဖို့၊ အကြံဉာဏ်ပေးဖို့၊ ပူပေါင်းလုပ်ဆောင်ဖို့အတွက် ရည်ရွယ်ထားပုံရပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် အိုင်တီနဲ့ပက်သက်တဲ့ကိစ္စအားလုံးအပြင် တခြားလုံခြုံရေးဆိုင်ရာကိစ္စများအထိဘက်ပေါင်းစုံပါဝင်ပီး ကျယ်ပြန့်ပါတယ်။

ဒါပေမဲ့ နှစ်ခုစလုံးဟာ သူတို့လိုချင်တဲ့ ပုံစံကို မတူညီတဲ့နည်းနဲ့ စာမေးပွဲကို ခက်အောင်လုပ်ထားပါတယ်။ CISSP ဆိုရင် မေးခွန်းပေါင်းများစွာနဲ့ အင်္ဂလိပ်စာကို လှည့်ပတ်ပီး မေးထားသလို CCIE ဆိုရင်လည်း အချိန်အကန့်အသတ်နဲ့ ကျဉ်းမြောင်းတဲ့ ဘောင်ထဲကနေ မရ ရအောင်လုပ်ခိုင်းပါတယ်။ CCIE ကို ၈ နာရီအစား ၃ ရက်နဲ့အပီးဖြေဆိုရင် အတွေ့အကြုံရှိတဲ့ Network သမားတိုင်း ဝင်ဖြေလို့ရနိုင်ပါတယ်။ Open book ပါ။ ဒါပေမဲ့ Expert လို့ဆိုထားတဲ့အတွက် သူများ ၃ ရက်နဲ့လုပ်ရမဲ့ကိစ္စကို ကိုယ်က ၈ နာရီနဲ့ပီးအောင်လုပ်နိုင်တယ်လို့လဲ ယူဆလို့ရပါတယ်။
အငြင်းပွားဖွယ်ကိစ္စကတော့ ဒီလက်မှတ်တွေရဲ့တန်ဖိုးပါ။ တကမ႓ာလုံးမှာလည်း အမြဲငြင်းနေကြတာပါပဲ။ ဒီဂရီနဲ့ ဘယ်ဟာပိုအသုံးဝင်လဲ၊ ဘယ်လက်မှတ်က ပိုပြီး အသိမှတ်ပြုလဲ၊ လစာဘယ်လောက်ရလဲ စသဖြင့်ပေါ့။ ဒီနေရာ ကျွန်တော့အမြင်ကတော့ ဒါတွေကို ခွဲခြားပြီး မြင်စေချင်ပါတယ်။ NDA ကိုချိုးဖေါက်ပီး သင်ကြားပေးတဲ့ သင်တန်းအများစုကြောင့် (အထူးသဖြင့် India/ China) အဲဒီဖက်တွေကနေ CCIE တွေ အမြောက်အများထွက်ပေါ်လာပီး CCIE ဟာလုံးဝဥဿုံ ယုံကြည်ရတဲ့ အဆင့်မဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။ အဲဒီဖက်က CCIE တချို့ကို အလုပ်လုပ်ရင်း တွေ့ကြုံခဲ့ဖူးပါတယ်။ တချို့က တကယ်တော်ပီး တချို့ကတော့ ထိုသင်တန်းများကို တက်ပီးရထားတဲ့ စာရွက်သမားတွေပါ။ ဒါကြောင့်လဲ အခုနောက်ပိုင်းမှာ CCIE ဈေးကွက်ကျလာပီး လစာတွေလဲ နဲလာပါတယ်။ ဒါပေမဲ့ အဲဒါတွေကြောင့် CCIE ဟာ စာရွက်တခု၊ မခက်ပါဘူးလို့ဆိုရင်တော့ မှားပါတယ်။ CCIE စာမေးပွဲအနေနဲ့ကတော့ ခက်မြဲခက်ဆဲပါ။ ကိုယ်ဘယ်လိုလူလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ရအောင်ယူမှာလဲ၊ အဓိကလိုချင်တဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာတွေနဲ့ တိုင်းတာရမှာပါ။ အဲဒီသူတွေကြောင့် Brian တို့၊ Jeremy တို့၊ Scot Morris တို့၊ Wendell Odom တို့ရဲ့ CCIE အရှိန်အဝါဟာ ကျမသွားပါဘူး။ ဒီဂရီဘက်မှာလည်း အောင်မှတ်လောက်နဲ့အောင်လာတဲ့သူတွေ၊ သူများကို ပိုက်ဆံပေးပီး စာတမ်းတင်ဖို့ရေးခိုင်းပီး ဘွဲ့ယူလာသူတွေလဲ ဒုနဲ့ဒေးပါ။ ကျက်ဖြေယုံမဟုတ်ပဲ တကယ်တော်ပြီးကိုယ်တိုင် သုတေသနပြု၊ ထိုက်ထိုက်တန်တန်ယူလာခဲ့သူတွေလည်း အများကြီးပါ။

နောက်တခုကလစာပါ။ ကျွန်တော့ကို လာမေးကြတဲ့မေးခွန်းတွေထဲက အများဆုံးတစ်ခုပါ။ CCNA ရပီးရင် လစာဘယ်လောက်ရမလဲ၊ CCIE ဆိုရင်ဘယ်လောက်ရလဲ ဆိုတာပါ။  ဒီနေရာမှာ နားလည်ထားရမှာက လက်မှတ်တွေဟာ လစာနဲ့တိုက်ရိုက်အချိုးချထားတဲ့ ညီမျှခြင်းမရှိပါဘူး။ ကိုယ်ဘယ်ရောက်နေလဲ၊ ဘယ်အဖွဲ့အစည်းမှာလဲ၊ အတွေ့အကြုံဘယ်လောက်ရှိလဲ၊ တခြား Soft Skill လို့ဆိုတဲ့ ဘယ်လောက်အလုပ်လုပ်တတ်လဲဆိုတဲ့ကိစ္စတွေပါဝင်ပါတယ်။ CCIE ရထားပေမယ့် တခြား Skill တွေမရှိဘူး၊ ကိုယ်ရဲ့အဖွဲ့အစည်းက အဖွဲ့အစည်းအကြီးကြီး မဟုတ်ဘူး၊ ကိုယ့်ရာထူးက အပေါ်ပိုင်းဖက်မှာ မရှိဘူး၊ ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ (Key Player) အဓိကအားထားရတဲ့သူတွေထဲမှာမပါဘူး၊ စတဲ့ အရာတွေမကိုက်ညီဘူးဆိုရင် CCIE လစာလို့ပြောတဲ့ လစာကို မရပါဘူး။ အခု CCIE ပြီးလို့ နောက်တပတ်မှာ ကိုယ့်ကို လစာ အများကြိးတိုးပေးတဲ့ အဖွဲ့အစည်း၊ ဒေါ်လာ ၅၀၀၀-၆၀၀၀ ချက်ချင်းလာပေးတဲ့ အဖွဲ့အစည်းမရှိပါဘူး။ ရှိရင်လည်း အတော်ရှားပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လုပ်နေတဲ့ အဖွဲ့အစည်းမှာ အဲဒီလောက်ကို သွားနိုင်တဲ့လမ်းကြောင်းရှိမယ်၊ အခွင့်အရေးရှိမဲ့ နေရာတခုအတွက် ယှဉ်လုရတော့မဲ့ အချိန်မျိုးမှာ CCNA သမားကိုရွေးမလား CCIE သမားကိုရွေးမလားဆိုခဲ့ရင် တော့ ခက်ခက်ခဲခဲရွေးဖို့မလိုပါဘူး။ ကျွန်တော့်တို့ အခြင်းခြင်းစနောက်ရင်းပြောတဲ့ နံပါတ်နဲ့လူ ပါ။

အဲဒီတော့ CCIE ကို လစာတခုထဲသာကြည့်ပီးလုပ်မယ်ဆိုရင်တော့ CCIE ရလာတဲ့အခါ ကိုယ်အရင်အိပ်မက်မက်ခဲ့သလို လေး၊ ငါး၊ ခြောက်ထောင်ရမလာတဲ့အခါ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ CCIE exam ကတော့ ခက်မြဲခက်နေဆဲပါ CCIE လစာလို့ခေါ်တဲ့ ဒေါ်လာ ဂဏန်းငါးလုံးလစာရနေတဲ့သူတွေလည်းရှိနေဆဲပါ။ အင်တာနက်မှာ Salary Survey တွေ ရှာကြည့်ရင်လဲ တွေ့နေရမှာပါ။ ဒါတွေက အချက်အလက်ပေါင်းစုံကို အခြေခံပီး ပြုစုထားတာတွေဖြစ်တဲ့အတွက် ဒါတွေကိုမှားတယ်လို့ပြောလို့မရပါဘူး။
နောက်ထပ်မေးခွန်းအနေနဲ့မေးမယ်ဆိုရင်တော့ CCIE ဟာ လက်တွေ့လုပ်ငန်းခွင်မှာ တကယ်ကော လိုအပ်သေးရဲ့လား၊ အရေးပါသေးရဲ့လားဆိုတဲ့မေးခွန်းပါ။ မြင်သာအောင် ရီစရာအနေနဲ့ပြောရမယ်ဆိုရင်တော့ ရုပ်ရှင်မင်းသားတွေလိုပါပဲ။ ရုပ်ရှင်မင်းသားတွေငယ်စဉ်၊ နာမည်ကြီးစဉ် အားပေးတဲ့ပရိသတ်တွေများပေမယ့်၊ နာမည်ကျလာပီ၊ အသက်ကြီးလာပီဆိုရင်တော့ အရင်လောက် အားပေးမှုရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်မှာ၊ လူကြားထဲမှာ သွားလာတဲ့အခါ ကိုယ့်ကို မင်းသားကြီးအဖြစ်နဲ့ အသိမှတ်ပြုနေကြတာပါပဲ။ တခြားလူတွေထက်တော့ ထူခြားပြီး မြင်သာနေဆဲပါပဲ။ ဒီလိုပါပဲ CCIE ဈေးကွက်ကျလာပေမဲ့ ကိုယ့်အဖွဲ့အစည်းထဲမှာ CCIE လို့ဆိုလိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှု၊ အထက်အရာရှိရဲ့ယုံကြည်မှုတွေ ရနေသေးသလို HR တွေရဲ့ မတန်တဆ ဈေးနှိမ်မဲ့အရေးကလည်း ကင်းဝေးနေဆဲပါပဲ။ ဒါ MNC လို့ခေါ်ကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံပါ။

ဒီတော့ ကိုယ်ဘယ်လို CCIE လဲ၊ ဘယ်လိုပြင်ဆင်လာခဲ့လဲဆိုတာက အဓိကကျပါတယ်။ လက်မှတ်ရရင်ပီးရောဆိုပီး ကြားဖြတ်နည်းလမ်းတွေနဲ့ယူခဲ့တဲ့သူအဖို့တော့ CCIE ဟာ လွယ်ကူတဲ့ပြောလို့ရပေမဲ့ သေသေချာချာလေ့လာလိုက်စားပီး CCIE တယောက်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းပြည့် CCIE တွေအတွက်တော့ ခက်ခဲပင်ပန်းတဲ့ လက်မှတ်တစ်ခုလို့ ယူဆလို့ရပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တိုင်ကြိုးစားပြီး ဖြေကြည့်၊ ရအောင်ယူ၊ ပီးမှဆုံးဖြတ်ပါ။ အဲဒီနေရာမှာလည်း ဘာကြောင့်ဖြေမယ်ဆိုတာကို အရင်ဆုံးဦးတည်ချက်ထားပါ။ လခတိုးဖို့အတွက်၊ ပိုက်ဆံများများရဖို့အတွက်တခုတည်းဆိုရင်တော့ CCIE ရခဲ့ပီးရင်တာင် ကိုယ့်ကိုကိုယ် ကျေနပ်မိမယ်လို့မထင်ပါဘူး။ ဒါပေမဲ့သေချာတာတခုကတော့ စင်ကာပူမှာ CCNA/CCNP  နဲ့ အလုပ်ရှာရခက်ပီး တလ$3000-4000 လောက်ရဖို့မသေခြာချိန်မှာ CCIE ရထားရင် အလုပ်ရဖို့လွယ်ကူပီး အဲလောက်ကတော့ အသာလေးရပါတယ်။ CCIE ရထားပီး အလုပ်ရှာမရဘူး၊ အနဲဆုံး $3000 လာက် မှမရနိုင်ဘူးဆိုရင် အဲဒီအပြာရောင်ကျောက်ပြားကို ကိုယ်နေတဲ့တိုက် အပေါ်ဆုံးထပ်ကနေတက်ပီး အောက်သာလွှတ်ချလိုက်ပါ။ ဆိုလိုချင်တာကတော့ CCIE လက်မှတ်ကိုင်ထားရင် အလုပ်ရဖို့အခွင့်အလမ်းပိုကောင်းသလို အနဲဆုံးလစာကိုပါ သတ်မှတ်ပေးထားသလို ဖြစ်စေပါတယ်။ အများဆုံးဘယ်လောက်ရနိုင်သလဲဆိုတာ အရင်ကပို့စ်အဟောင်းမှာ ဖတ်ကြည့်ပါ။

Payscale က လုပ်ထားတဲ့ စင်ကာပူက CCIE Salary Survey ပါ။ ရာထူး၊ အတွေ့အကြုံ ပေါ်မူတည်ပီး လစာခြားနားမှုကို ကြည့်နိုင်ပါတယ်။ ဒီလောက်ဆို CCIE အငြင်းပွားဖွယ်မေးခွန်းတွေထဲက တချို့ကိုဖြေပီးပီလို ယူဆပါတယ်။




ကိုဖြိုး

Sunday, 6 December 2015

၁၉ နှစ်သား CCIE

၁၉  နှစ်သား CCIE

Cisco certification and Delivery Team ကရေးသားထားတဲ့ အမေရိက က ၁၉ နှစ်သား လူငယ်လေးတစ်ယောက် အကြောင်းကို ဖတ်ဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှု၊ ဇွဲကောင်းမှုတို့ဟာ အားကျစရာကောင်းတဲ့အတွက် ဒီလမ်းကိုလျှောက်နေကြတဲ့ ဘဝတူ လူငယ်တွေ အားတက်ဖို့ရာအတွက် ရှယ်ပေးလိုပါတယ်။

သူ့အမည်က Jorge Ospina ဖြစ်ပါတယ်။ သူဟာ အသက် ၁၃ နှစ်အရွယ်မှာ(၂၀၀၉) CCNA Certificate ကိုရရှိခဲ့ပြီး နောက်ထပ်တစ်နှစ် အတွင်းမှာပဲ CCNP ဖြစ်လာခဲ့ပါတယ်။ CCIE ဖြစ်ဖို့ရာအတွက် သူ့အနေနဲ့ သိပ်မလွယ်ပါဘူး၊ လုပ်ငန်းအတွေ့အကြုံမရှိတာရယ် လက်တွေ့မရှိတာ တွေက အဓိက အဟန့်အတားပေါ့၊ ဒါပေမယ့် Written ကိုတော့ ရအောင်ဖြေခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့အမေဖြစ်တဲ့ Christina Ospina ဟာ Cisco ရဲ့ CEO(ဟောင်း) John Chambers ထံကို စာရေးပြီး အကူအညီတောင်းပါတယ်။ အဲဒီစာကို တစ်ဆင့်ပြီး တစ်ဆင့် လူအများစုရဲ့ အကူအညီနဲ့ ပေးပို့သွားရာကနေ နောက်ဆုံးမှာ Certification and Lab delivery က ဒါရိုက်တာ Chris Jacobs ဆီရောက်သွားပါတယ်။ ကံကောင်းချင်တော့ Chris က ဒီလူငယ်ရဲ့ ကြိုးစားမှုကို စိတ်ဝင်စားပြီး ကူညီမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။

Chris က ရက်အတန်ကြာမှာပဲ အင်တာဗျူးတစ်ခုကို စီစဉ်ခဲ့ပြီး ဒီလူငယ်လေးရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် CCIE Mentor နှစ်ယောက်ကို အကူအညီပေးဖို့ရယ် LAB လုပ်နိုင်ဖို့အတွက်ရယ်ကို စီစဉ်ပေးခဲ့ပါတယ်။ သုံးနှစ်အကြာမှာ LAB ဖြေဖို့အတွက်ကတော့ သူ့ရဲ့အကြီးကျယ်ဆုံးစမ်းသပ်မှု တစ်ခုပါပဲ။ သေချာတာကတော့ သူ့မှာ CCIE ခရီးအတွက် လိုအပ်တာတွေ အားလုံးအဆင့်သင့်ဖြစ်နေပြီဆိုတာပါပဲ။ ၂၀၁၁ မှာ ပထမဆုံးအကြိမ်အဖြစ်ဖြေဆိုခဲ့ရာမှာ မအောင်မြင်ခဲ့ပါဘူး။ နောက်နှစ်မှာ နောက်တစ်ကြိမ်ထပ်မံဖြေဆိုခဲ့ရာမှာလည်း ကျခဲ့တာပါပဲ။ အဲဒီအချိန်မှာ သူသဘောပေါက်သွားတာကတော့ စာအုပ်ထဲက အရာတွေလေ့ကျင့်ယုံနဲ့တင် မလုံလောက်ဘူးဆိုတာပါပဲ။ ဒီတော့ အလုပ်ဝင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အလုပ်လုပ်ရင်း တစ်ဖက်ကလဲ ကျောင်းတက်ပေါ့။ ၂၀၁၃ မှာကောလိပ်ဒီဂရီရပြီးတဲ့ အချိန်နောက်ပိုင်းမှာ ထိုင်းမှာ ၃လ CCIE Bootcamp လာတက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့တတိယအကြိမ်အဖြစ် CCIE LAB exam ကိုဖြေဆိုခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူအောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး CCIE တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူ့အသက်က ၁၉ ပဲရှိပါသေးတယ်။

သူဟာ အဖက်ဖက်က ကူညီမှု ပံ့ပိုးမှုတွေရခဲ့တဲ့ လူငယ်တစ်ယောက်လို့ဆိုလိုရပေမယ့် သူ့ရဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှု၊ ဇွဲကောင်းမှုနဲ့ အလျှော့မပေး လိုချင်တာကိုရအောင်ကြိုးစားခဲ့ပုံကိုတော့ ချီးကျူးရမှာဖြစ်ပါတယ်။ ငါလည်းဒီလိုပံပိုးမှုတွေရှိရင် ရနိုင်ပါတယ်လို့အလွယ်မပြောစေချင်ပါ။ တကယ်လုပ်ကြည့်မှ သိမှာပါ။ တစ်ရက်ကို ၂နာရီ လောက်တောင် ၂နှစ် ၃နှစ်လောက် ဆက်တိုက် လုပ်နိုင်ဖို့ဆိုတာသိပ်မလွယ်ပါ။ ကျွန်တော်တွေ့ဖူးသလောက်တော့ အများစုဟာ ၃ လလောက်နေရင် အကြောင်းအမျိုးမျိုးကြောင့် စတင်ပေါ့လျော့လာပြီး လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားကြပါတယ်။

ဒီဆောင်းပါးကိုခြုံပြီးကြည့်ရမယ်ဆိုရင်တော့။

CCIE ရရှိဖို့ဆိုတာ လက်လှမ်းမမှီတဲ့ ကိစ္စတစ်ခုမဟုတ်ပါ
အစဉ်မပြတ်ကြိုးစားမှုနဲ့ဇွဲရှိဖို့လိုပါတယ်
အချိန်၊ ငွေကြေးနဲ့ပံပိုးမှုလိုပါတယ် (မိသားစု၊ သူငယ်ချင်း၊အလုပ်ရှင်၊ဆရာ)
လုပ်ငန်းအတွေ့အကြုံဟာ အဓိကကြတဲ့နေရာက ပါဝင်ပါတယ်
သူ့လိုအကူအညီရဖို့ဆိုတာ တခြားနိုင်ငံတွေမှာ ဆိုရင်တော့ မလွယ်လောက်ပါဘူး
Cisco ရဲ့ကူညီမှုဟာတော့ ဝမ်းမြောက်စရာပါ

https://learningnetwork.cisco.com/blogs/certifications/2015/05/22/ccna-age-13-ccnp-age-14-ccie-age-19-bam

ဒါဖတ်ပြီးရင် ထွက်ပေါ်လာမဲ့မေးခွန်းတွေက အများကြီးပါ။ သူတို့ဆီမှာလည်း ဆွေးနွေးထားကြတာတွေ အများကြီးပါ။ အများစုကတော့ အလုပ်ကိစ္စပါ။ အလုပ်ရပါ့မလား တကယ်ကော လုပ်နိုင်ပါ့မလား ဆိုတာတွေပါ။ ကျွန်တော့် အနေကတော့ အဲဒါတွေကို သက်သက်ဖယ်ထားပြီး ဒီလူငယ်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု အတုယူရကြပြီး ကျွန်တော်တို့မြန်မာလူငယ်လေးတွေ အားသွန်ခွန်စိုက် ကြိုးစားကြစေဖို့ရည်ရွယ်ချက်နဲ့သာ ဖတ်ကြပါလို့အကြံပြုလိုပါတယ်။

ကိုဖြိုး

Friday, 20 November 2015

CCIE စာမေးပွဲများ အပြောင်းအလဲ

Cisco CCIE ရဲ့ စာမေးပွဲများမှာ အခုနောက်ပိုင်း ခေတ်စားလာတဲ့နည်းပညာများဖြစ်တဲ့ Cloud Computing, Network Programming, Internet of Things ဆိုပြီး ခေါင်းစဉ်သုံးခု ခွဲပြီးပါဝင်လာတော့မှာဖြစ်ပါတယ်။ ဒါတွေပါလာတာ သိပ်တော့ မထူးဆန်းပါဘူး။ အရင်တုန်းက ရေးခဲ့ဘူးသလိုပဲ Cisco ဟာ သူရဲ့ Expert Level Certification တွေကို နည်းမျိုးစုံနဲ့ တန်ဖိုးမကျအောင် ထိန်းသိမ်းနေမှာပါ။ သူသွားတဲ့ လမ်းကြောင်းကိုသာ အမှီလိုက်နိုင်နေဖို့ပဲလိုပါတယ်။

LAB Exam တွေမှာတော့ မပါဝင်သေးပဲ Written တွေမှာသာ ၁၀% နှုန်း ပါလာမှာဖြစ်ပါတယ်။ အောင်မှတ်က ၈၀% အထက်ဖြစ်တဲအတွက် အဲဒီဟာတွေမသိဘူး မရဘူးဆိုရင်တော့ ကျန်တဲ့ ၉၀% ကနေ အောင်မှတ်ရအောင်ယူဖို့အတွက် အတော်ခက်ခဲသွားပါလိမ့်မယ်။ LAB မှာလဲ အနှေးနဲ့အမြန်တော့ ပါဝင်လာမယ်လို့ထင်ရတာပဲ။ အခုတောင် Data Centre Track ကနေစပြီး Modular and Unified Exam ပုံစံမျိုးနဲ့ ပြောင်းလဲဖို့ CCIE DC v2 ကိုကြေညာလိုက်ပါပြီ။ ၂၅ ဇူလိုင် ၂၀၁၆ ကနေစပြီး V2 ကိုစတင်ဖြေဆိုရပါတော့မယ်။

နောက်ပြီး LAB exam တွေမှာ Monitor ၂လုံးစပြီးပေးထားမယ်လို့လဲရေးထားပါတယ်။ ဒါကိုတော့ ဝမ်းမြောက်စွာကြိုဆိုရမှာပါ။ ကျွန်တော်ဖြေတုန်းက Exam Feedback မှာလဲ ထည့်ရေးဘူးပါတယ်။ Exam Paper/ Diagram/ Console တွေအားလုံးကို Monitor တစ်လုံးထဲမှာ ကြည့်ရတာ အဆင်မပြေပါ။ ဒါပေမယ့် ဖြေဆိုမဲ့ သူအနေနဲလည်း Monitor ၂လုံးသုံးတဲ့ အလေ့အထကိုတော့ အကျွမ်းတဝင်ရှိဖို့တော့ လိုပါတယ်။

ဘာပဲပြောပြော အပြောင်းအလဲကို စိန်ခေါ်နေတဲ့၊ ပြောင်းလဲဖို့ဝန်မလေးတဲ့ Cisco Certification တွေကို လေ့လာလိုက်စားနေတဲ့ လူငယ်တွေအဖို့တော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲပါ။

အသေးစိတ်ကို ဒီမှာဖတ်ပါ။
https://learningnetwork.cisco.com/community/ccie-enhancements





ကိုဖြိုး

Saturday, 25 July 2015

CCIE Bootcamp တက်မယ်ဆိုရင်

CCIE Bootcamp တွေဟာ အားကစားပွဲတွေမတိုင်ခင် စခန်းသွင်းလေ့ကျင့်တယ်လို့ဆိုတဲ့ အားကစားဖက်မှာသုံးတဲ့ Camp တွေနဲ့တူပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပြိုင်ပွဲမှာဘယ်လိုနိုင်အောင် ကစားရမယ်ဆိုတာကို သင်ပေး၊လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်။ မကစားတတ်တဲ့ သူကိုသင်ပေးဖို့၊ အခြေခံတွေ ပို့ချဖို့မဟုတ်ပါဘူး။ ဒါကို Camp ဝင်မဲ့သူအနေနဲ့သိထားရမှာပါ၊ အားကစားပွဲတွေမှာတော့ ကိုယ့်ကိုနည်းပြကရွေးချယ်ပေမဲ့ CCIE Bootcamp မှာတော့ မိမိကိုယ်တိုင်သာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Bootcamp ဖွင့်တဲ့အဖွဲ့အစည်းအနေကတော့ မတက်ခင်သိထားရမဲ့ လိုအပ်ချက်တွေကို ပေးထားပါတယ် ဒါပေမယ့် ကိုယ်တိုင်သုံးသပ်ပီး လိုက်နိုင်မယ်ထင်မှ စာရင်းသွင်းဖို့ဆုံးဖြတ် သင့်ပါတယ်။ CCIE Bootcamp မှာ နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်တွေကို ပုံမှန်သင်တန်း(Technologies class) လို မသင်ပါဘူး၊ ခြုံငုံပီးတော့ပဲ စာမေးပွဲပုံစံအရ အမြန်ပဲ သင်ပီးတော့ ဖြေမဲ့သူကိုယ်တိုင်ကို လေ့ကျင့်ခိုင်းတာဖြစ်ပါတယ်။

Bootcamp တွေကို Online ဖြစ်စေ၊ Class-room ဖြစ်စေ တက်လို့ရပါတယ်။ လက်ရှိအနေထားမှာတော့ INE, IPexpert, Narbik, CCbootcamp နဲ့ Cisco ကဖွင့်တဲ့ Cisco 360 Bootcamp တွေဟာ လူသိများပီး အတက်များကြတဲ့ Bootcamp တွေဖြစ်ပါတယ်။ INE နဲ့ IPexpert တို့ဟာ US မှာအဓိကပို့ချပီး တခါတလေ Europe ဖက်မှာ Mobile Camp အနေနဲ့သွားလေ့ရှိပါတယ်။ Narbik ကတော့ Asia ဖက်ကိုလဲ လာပါတယ်။ ဒါပေမယ့် Singapore ကိုမလာ ပဲ အနီးဆုံးဖြစ်တဲ့ KL, (Malaysia) ကိုလာပါတယ်။ Narbik KL ကိုလာတုန်းက တက်ချင်ပေမယ့် အဆင်သင့်မဖြစ်သေးတာနဲ့ သွားမတက်ဖြစ်လိုက်ပါဘူး၊ Cisco 360 ကတော့ Cisco ရဲ့ Partner Training center တွေမှာ တက်လို့ရပါတယ်။ မြန်မာပြည်မှာတော့ CCIE Bootcamp အနေနဲ့ဖွင့်တယ်လို့ မကြားသေးပါ၊ CCIE သင်တန်းပုံစံမျိုးအနေနဲ့ တွဲပီးတော့ ဖွင့်တာပဲရှိသေးတယ်လို့ထင်ပါတယ်။ (ရှိရင်သတင်းပေးပါအုံး)။ Bootcamp တွေဟာ ၅ရက်မှ ၁ဝရက်ခန့်သာ စီစဉ်လေ့ရှိပီး အနည်းဆုံး $3000 ကနေ $5000 – $6000 စသဖြင့် ရှိပါတယ်။ ခရီးစရိတ်နဲ့တည်းခိုဖို့ပါထည့်တွက်ရင်တော့ နေရာပေါ်မူတည်ပီး အနည်းဆုံး $2000 ကနေ ကိုယ်ရွေးချယ်တဲ့ လေကြောင်း၊ ဟိုတယ် အပေါ်မူတည်ပီး ကုန်ကျနိုင်ပါတယ်။ အကြမ်းမျဉ်းအနေနဲ့ အနည်းဆုံး $6000 လောက်တော့ မှန်းထားရပါမယ်။

CCIE မဖြေခင်ကအလုပ်က အကူအညီအထောက်အပံ့နဲ့ Bootcamp တက်ခွင့်ရလိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုယ်ပိုင်ငွေနဲ့ဆို$6000 တန် Bootcamp ကိုတက်နိုင်မယ် မထင်ပါဘူး၊ တက်ချင်ခဲ့တာကတော့ INE တို့ IPExpert တို့ပါ ဒါပေမယ့် US မသွားနိုင်တော့ Singapore မှာတက်လို့ရတဲ့ Cisco 360 ကိုပဲ ရွေးခဲ့ပါတယ်။ Singapore မှာရှိတဲ့ဆိုပေမယ့် ပုံမှန်သင်တဲ့သူမရှိပါဘူး၊ Cisco Partner Training Center တစ်ခုက ၅ယောက်လောက်ရမှ စီစဉ်ပေးတာပါ။ ကျွန်တော်တို့Class ကိုတော့ Cisco က Korea လူမျိုး CCIE ၃ခုရထားတဲ့ Instructor ကလာရောက်ပို့ချပေးပါတယ်။ ၅ရက် Camp ဖြစ်ပီး မနက် ၉ နာရီကနေ ည ၈၊၉ နာရီအထိရောက်သွားတတ်ပါတယ်။ ဒါတောင် နောက်တရက်အတွက်အသင့်ဖြစ်အောင် အိမ်မှာကြည့်ဖို့ ပါလာပါသေးတယ်။ မနက်ပိုင်းကို စာမေးပွဲအကြောင်း၊ ဘယ်အပိုင်းကို ဘယ်လိုဖြေသင့်တဲ့အကြောင်း စတဲ့နည်းဗျူဟာများကို သင်ပြပေးပီး ညနေပိုင်းကတော့ Mock Lab လို့ခေါ်တဲ့ Full Lab ကိုလုပ်ခိုင်းပါတယ်။ ပီးရင် Score Report ထုတ်ပေးပါတယ်။ ဘယ်အပိုင်းကဘယ်လောက်ရတယ်ဆိုတဲ့ အသေးစိတ် Report နဲ့ စုစုပေါင်း ဘယ်လောက်ရလဲ၊ ဘယ်နေရာတွေမှာ မှားနေတယ်၊ အားနဲနေတယ်ဆိုတာ သိရပါတယ်။ ၅ရက်လုံး Full Lab လုပ်ရပါတယ်။ သူကတော့ အဓိကဖြစ်တဲ့ Core Technologies တွေ Switching OSPF EIGRP BGP တို့ကိုပဲအသားပေးပီး လုပ်ခိုင်းပါတယ်၊ အဲဒါတွေမရရင် ကျဖို့သေချာတာပေါ့၊ ပီးတော့ BGP အထိကို Lunch မစားခင် အပီးရအောင်လုပ်ခိုင်းပါတယ်၊ အဲဒီအဆင့်ကို သူက Gloden Moment လို့ပြောပါတယ်။ ဖြေတဲ့အချိန်မှာ Golden Moment မရခဲ့ရင် ဒုတိယပိုင်းမှာ အချိန်သိပ်မရပဲ အမြန်လုပ်ရပါလိမ့်မယ်၊ ဒီတော့ အမှားပါနိုင်ပီး ပြန်စစ်ဖို့လဲ အချိန်မရနိုင်တော့ပါ။ အစကတော့ သိပ်မယုံပါဘူး ကိုယ်တိုင်ဖြေတော့မှ CCIE exam မှာ Pressure နဲ့ Speed ကိုစစ်တာလဲပါတယ်ဆိုတာ သိရပါတယ်။

Cisco ကိုယ်တိုင်က ဒီလိုဆိုထားပါတယ်။ ဒါပေမယ့် မဖြေခင်က သေချာမသိခဲ့ပါဘူး။

Passing the exams is not easy. Earning your CCIE requires passing a lab exam in a time pressured environment. Hands-on experience is the only way to prepare for the lab.

http://www.cisco.com/web/learning/le3/ccie/employers/index.html

စာမေးပွဲအကြောင်းအပြင် သူ့ရဲ့အတွေ့အကြုံကို နားထောင်ရတာတော့ အတော်ကောင်းပါတယ်။ သူတို့ Korea မှာလည်း CCIE LAB မရှိတဲ့အတွက် Japan မှာသွားဖြေရတယ်လို့ဆိုပါတယ်။ သူလည်း အောင်ဖို့အတွက် ၃ခါလောက် ဖြေခဲ့ရတယ်လို့ပြောတယ်။ ဒါပေမယ့် ၃ကြိမ်နောက်ပိုင်းမှာတော့ Exam ပုံစံနဲ့အတော်လေးရင်းနှီးသွားတဲ့အတွက် အချိန်ကိုက်မှုတွေ၊ အမှတ်ယူပုံတွေတိုးတက်လာပီး နောက်ပိုင်း Exam မှာ အတော်အဆင်ပြေသွားပီး နောက်ထပ် ၂ ခုထပ်ယူခဲ့တယ်လို့ပြောပါတယ်။ နောက်ပီးသူတို့ဆီမှာ ကျောင်းဆင်းခါစ လူငယ်တွေအတွက် အလုပ်ရဖို့အရမ်းခက်တယ်လို့ပြောပါတယ်၊ CCIE ရထားရင်တော့ အလုပ်ရလွယ်တော့ လူငယ်အများစုဟာ CCIE ကို မရရအောင် ကြိုးစားပီးယူ၊ အလုပ်အရင်ဝင်၊ အတွေ့အကြုံယူပီးမှ လစာပိုများတဲ့ဆီကို ပြောင်းရွေ့လုပ်ကိုင်ကြရပါတယ်။ အဲဒါဟာ China နဲ့လည်းတူပါလိမ့်မယ်၊ ကျွန်တော်ပထမအကြိမ် Hong Kong မှာဖြေတုံးက ၆ ယောက်ဖြေတဲ့အထဲမှာ ၄ ယောက်က ကျောင်းပီးစ လူငယ်လေးတွေဖြစ်ပါတယ်။ CCIE ရပီးသွားရင် အလုပ်ရှာရတာ သိသိသာသာလွယ်လာတာကတော့ အသေအချာပါ၊ လစများတာ နဲတာကတော့ တခြားကိစ္စပေါ့၊ ဒါနဲ့စကားစပ်မိရင်း Bootcamp တချို့အကြောင်းလဲပြောဖြစ်ခဲ့သေးတယ်၊ တချို့Bootcamp တွေဟာ ဘာ Hardware/Simulation မှမပါပဲ Notepad နဲ့အလွတ်ကျက်၊ အလွတ်ရေးပုံစံမျိုးတောင် ရှိတယ်လို့သိရပါတယ်၊ ဒါကြောင့် ခုနောက်ပိုင်းမှာ Cisco က စာမေးပွဲ ဖြေဆိုခွင့် အကြိမ်အရေအတွက်ကိုပါ ထိမ်းချုပ်တဲ့ အစီအစဉ်တွေချမှတ်ခဲ့ပါတယ်။ ၂ခါထက်ပိုကျရင် နောက်ထပ်တကြိမ်ကို ချက်ချင်းဖြေဆိုလို့ မရတော့ပါဘူး။

နောက်ဆုံးရက်မှာ လေ့ကျင့်ထားတဲ့ ရလဒ်တွေပေါ် ကြည့်ပီး လိုအပ်ချက်၊ ဖြေသင့်မဖြေသင့် စသဖြင့် ဝေဖန်ပေးပါတယ်။ ကျွန်တော် က Mock Lab ၅ခုဖြေရမှာ အကုန်လုံး ၈၀% လောက်ရပါတယ်၊ ဒါနဲ့သူက နောက်ထပ်တလလောက် ပြင်ဆင်ပီးရင်သွားဖြေဖို့တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်သွားဖြေတဲ့အခါ မအောင်ပါဘူး၊ ကိုယ်ရဲ့လိုအပ်ချက်ကြောင့်လည်းဖြစ်ပါတယ်။ အားကစားသမားတွေ ပြောသလို ပွဲအတွေ့အကြုံကလဲ လိုအပ်ခဲ့တာကြောင့်ပါ၊ စာမေးပွဲဖြေဖို့တင်သာမက ခရီးသွားတာ၊ နေရာဒေသ၊ အချိန်အခါ၊ Stress pressure စတာတွေကို သေသေချာချာ မကိုင်တွယ်နိုင်ခဲ့လို့လဲဖြစ်ပါတယ်။ ခြုံပြောရရင်တော့ Bootcamp တက်ရုံလောက်နဲ့ စာမေးပွဲ အောင်ဖို့ မလွယ်ပါဘူး ဒါပေမယ့် Bootcamp တက်ခဲ့တာကြောင့် အတိုင်းအတာတခု အထိ အကြိုးရှိခဲ့တယ်လို့တော့ဆိုနိုင်ပါတယ်။ အခုလောက်ဆိုရင် Bootcamp တွေကနေ ဘာတွေ၊ ဘယ်လောက် ရနိုင်မယ်၊ ဘယ်အချိန်မှာ တက်သင့်တယ်ဆိုတာလောက်တော့ သိနိုင်ပီထင်ပါတယ်၊ မတက်ရင်ကော ဖြစ်နိင်လားဆိုတဲ့ မေးခွန်းအတွက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ် Bootcamp မတက်ပဲအောင်သွားတဲ့သူတွေ အများကြီးပါ၊ ကျွန်တော့အမြင်ကတော့ ကိုယ်တိုင်ပြင်ဆင်မှ ုုပြည့်ဝပီး ပိုက်ဆံလဲသုံးနိုင်ရင်တော့ မဖြေခင် ၂ပတ်လောက်အတွင်းမှာ Bootcamp တက်ရင်အသင့်တော်ဆုံးလို့ထင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ Bootcamp ဆိုတာရဲ့ရည်ရွယ်ချက်ကို မသိပဲ ကုန်ကျသလောက် အကျိုးခံစားနိုင်မှာ မဟုတ်ပါဘူး။ စဉ်းစားချင့်ချိန် ရွေးချယ်နိုင်ပါစေ။



ကိုဖြိုး

CCIE Certificate အကြောင်း တစေ့တစောင်း


CCIE Certification ကို ၁၉၉၃ မှာစတင်ခဲ့တာဖြစ်ပီး အခုဆိုရင် အနှစ် ၂၀ ကျော်ခဲ့ပီဖြစ်ပါတယ်။ ခေတ်နဲ့ အညီပြောင်းလဲကာ အဓိကလမ်းကြောင်းအမျိုးမျိုးနဲ့ အခုချိန်အထိ အထင်ကရ Certificate တခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ အဲဒီ Program ကို Stuart Biggs ကဦးဆောင်ခဲ့ပီး နဂိုမူလ အမည်ကို Cisco Top Gun လို့ပေးထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ထွက်ရှိထားတဲ့ Tom Cruise ရဲ့ ရုပ်ရှင်နာမည်နဲ့ သွားတူနေတဲ့အတွက် မသုံးဖြစ်ခဲ့ပဲ Cisco Certified Internet Expert, CCIE ဆိုပီးတော့ ပြောင်းလဲခဲ့ပါတယ်။ Stuart ဟာသူအရင်က ပါဝင်ခဲ့တဲ့ 3Com ရဲ့ အဆင့်မြင့် Course တခုမှာ LAB မပါဝင်ခဲ့တာကို သတိထားမိခဲ့ပီး 3Com Exam/ Course တွေမှာ မပါရှိခဲ့တဲ့ တကယ့်လက်တွေ့ပိုင်း ကို အဓိကထည့်ဖို့ရည်ရွယ်ခဲ့တယ်လို့သိရပါတယ်။ CCIE exam ကို Written နဲ့ LAB ဆိုပီးခွဲထားပါတယ်။ Lab ဖြေဖို့ကိုတော့ Written exam ကိုအရင်ဖြေရပါတယ်။ LAB exam ကို၂ရက်ဖြေရတဲ့ပုံစံနဲ့ စခဲ့ပီး နောက်ပိုင်းမှာ ၁ရက်ပဲဖြေရတဲ့ ပုံစံကိုပြောင်းလဲခဲ့ပါတယ်။ ကျွန်တော် စပီးလေ့လာခဲ့တဲ့ အချိန်အတွင်းမှာကို ၁ ရက်ဖြေတဲ့ပုံစံကို အမျိုးမျိုးပြောင်းခဲ့ပါတယ်။ ပထမက Configuration သီးသန့်ပါ၊ နောက်တော့ ၃ ပိုင်းခွဲလိုက်ပီး Open Ended Questions (OEQ) Troubleshooting Configuration ဆိုပီးခဏပြောင်းလိုက်ပါသေးတယ်။ ခုနောက်မှာတော့ Troubleshooting နဲ့ Configuration ၂ခုကိုပဲ သုံးပါတော့တယ်။

CCIE ဆိုတာနဲ့ အမြဲတွဲနေကတော့ သူ့ရဲ့နံပါတ်ဖြစ်ပါတယ်။ CCIE နံပါတ်ကို တစ်ကနေစခဲ့တာမဟုတ်ပဲ CCIE#1024 ကနေစခဲ့တာဖြစ်ပါတယ်။ Stuart တို့အဖွဲ့ကComputer သမားများပီပီ ရင်းနှီးနေကြ Binary တွေကို သဘောကြပုံရပါတယ် (ကျွန်တော့အထင်ပြောတာပါ) သူတို့က 1 အစား 1024 ကနေစသုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် CCIE#1024 ကိုတော့ ပထမဆုံး CCIE LAB exam အခန်းကို သတ်မှတ်ပေးလိုက်ကြပါတယ်။ Stuart ကတော့ CCIE program ကိုဦးဆောင်ခဲ့သူဖြစ်တဲ့အတွက် CCIE#1025 ဖြစ်သွားပါတယ်။ တကယ့် CCIE Exam ကိုပထမဆုံး စတင်ဖြေဆိုပီး အောင်မြင်သွားခဲ့သူကတော့ CCIE#1026 ဖြစ်တဲ့ Terry Slattery ဖြစ်ပါတယ်။ Stuart က ပထမဦးဆုံး LAB exam ရဲ့ Proctor လဲဖြစ်ပါတယ်။ Proctor ဆိုတာကတော့ CCIE LAB exam အချိန်ကိုတာဝန်ယူပီး ဆောင်ရွက်ပေးရတဲ့သူဖြစ်ပီး သူကလဲ အဓိကကြတဲ့သူလို့ဆိုလို့ရပါတယ်။ မသိတာကို မေးလို့မရပေမယ့် Exam ရဲ့မေးခွန်းတွေကို မရှင်းရင်ဖြစ်ဖြစ်၊ ဖြေဆိုချိန်အတွင်း Hardware/OS ပြဿနာ ဖြစ်ခဲ့ရင်ဖြစ်ဖြစ် သူတို့က ကူညီပေးနိုင်ပါတယ်။ ဆက်ဆံရေးမကောင်းတဲ့ Proctor နဲ့တွေ့ရင်တော့ စိတ်အနှောင့်အယှက်တောင် တွေ့နိုင်ပါတယ်။ ကျွန်တော် ကတော့ ၃ကြိမ်ဖြေခဲ့ဖူးတဲ့အတွက် Proctor သုံးယောက်ဆုံဖူးပါတယ်။ Japan Lab က Proctor က Professional အနေနဲ့ ဆက်ဆံရေးအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ (LAB အတွေ့အကြုံကိုနောက်မှသီးသန့်ရေး ပါမယ်)

စာမေးပွဲကြေးအနေနဲ့ကတော့ Written က $400 ဖြစ်ပီး Lab က $1600 ဖြစ်ပါတယ်။ တခြား Exam တွေနဲ့စာရင် အတော်များတယ်လို့ဆိုနိုင်ပါတယ်။ Reread/Review ကတော့ $1000/$400 ဖြစ်ပါတယ်။ သူတို့ပေးတဲ့ ရလဒ်ကို မကျေနပ်ရင်ပြန်ကြည့်ခိုင်းလို့ရပါတယ်။ ဘာမှမထူးပဲ ငွေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ Written Exam ကို VUE ရှိတဲ့နေရာတိုင်းလိုလိုမှာဖြေလို့ရပါတယ် LAB ကိုတော့ မြို့အနည်းငယ်လောက်မှာပဲရပါတယ်။ အခုနောက်ပိုင်းမှာတော့ Mobile Lab လို့ခေါ်တဲ့ ယာယီ Lab တွေလဲရှိလာပါပီ။ CCIE Lab မရှိတဲ့ မြို့တွေမှာ အချိန်ပိုင်းလိုက် ကျင်းပပေးပါတယ်။ ဥပမာ Singapore မှာဆိုရင် တနှစ်ကို ၃ကြိမ် လာစစ်ပေးပါတယ်။ စာမေးပွဲကြေးအနေ နဲ့တော့ $300 လောက်ပိုပေးရပါတယ်။ နောက်တခုကတော့ CCIE ဟာ CCNA/NP တို့လို ၃နှစ်သက်တမ်းမပေးပဲ ၂ နှစ်သာပေးပါတယ်။ ၂ နှစ် မပြည့်ခင်မှာ Written ပြန်လည်ဖြေဆိုရင်ဖြစ်ဖြစ်၊ တခြားလမ်းကြောင်းမှ Written ကိုဖြေဆိုရင်ဖြစ်ဖြစ်သက်တမ်းထက်တိုးရပါတယ်။ ဒါမှသာ CCIE အဖြစ် ဆက်လက်တည်ရှိနိုင်မှာဖြစ်ပါတယ်။ Valid CCIE/ Active CCIE ပေါ့၊ Cisco partner သတ်မှတ်ချက်တွေမှာလဲ Active CCIE ဘယ်နှစ်ယောက် ရှိရမယ်ဆိုတဲ့ လိုအပ်ချက်တွေရှိပါတယ်။ ၂ နှစ်တကြိမ်မဖြေချင်တော့ရင်တော့ ၁ဝနှစ်ပြည့်ရင်နားလို့ရပါပီ။ နှစ်စဉ်ကြေး $85 ပေးပီး CCIE Emeritus အဖြစ်ပြောင်းလို့ရပါတယ်။ နေ့စဉ် လက်တွေ့ နဲ့ဝေးကွာတဲ့အလုပ်အပိုင်းထဲရောက်သွားတဲ့သူတွေ၊ Technical Management ပိုင်းရောက်သွားတဲ့သူတွေအဖို့အဆင်ပြေပါတယ်။ Active ပြန်ဖြစ်ချင်ရင်တော့ Written ပြန်ဖြေရပါလိမ့်မယ်။ Emeritus ကို Active အနေနဲ့ မသတ်မှတ်တဲ့ အတွက် Partner လိုအပ်ချက်တွေ ဘာတွေအနေနဲ့တော့ အသုံးပြုလို့မရပါဘူး။

အရေအတွက်အနေနဲ့ကြည့်ရင် CCIE တွေဟာ သိပ်အများကြီး မရှိသေးပါဘူး၊ Cisco ကတော့ Cisco Certificates တွေဖြေဆိုအောင်မြင်ထားတဲ့ သူတွေရဲ့ ၃% လောက်သာ CCIE အဆင့်ထိရောက်လာတယ်လို့ဆိုပါတယ်။ အခုချိန်အထိတော့ အားလုံးပေါင်း ၄၆၀၀၀ လောက်ရှိပီလို့ထင်ပါတယ်။ ကျွန်တော် စတင်လေ့လာချိန်တုံးက၂၀၀၀၀ တောင် မရှိသေးပါဘူး။ (Hareware/Lab ရှားပါးမှုကြောင့်ဖြစ်နိုင်ပါတယ်) ၂၀၁၀၊ ၂၀၁၁ နောက်ပိုင်းမှာတော့ အရေအတွက်သိသိသာသာ တက်လာတာတွေ့ပါတယ်။မြန်မာ CCIE အနေနဲ့ကတော့ ဆယ်ဂဏန်းလောက်ပဲရှိပါသေးတယ်။ (BIM ကစာရင်းပြုစုထားပါတယ်)။ ကျွန်တော်တို့ဖက်မှာ အရေအတွက်နည်းနေသေးတာကတော့ Network နဲ့ပက်သက်တဲ့အလုပ်အကိုင်တွေ နည်းပါးနေသေးတာ၊ Network Engineer တွေရဲ့လစာနည်းပါးနေတာ၊ ပြင်ပနဲ့ အချိန်အတော်ကြာ အဆက်ပြတ်ခဲ့တာတွေကြောင့်လို့ထင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း အပြင်ကTelco တွေဝင်လာပီ၊ MNC တွေဝင်လာပီဆိုတော့ အနှေးနဲ့အမြန် လိုက်နိုင်လာလိမ့်မယ်လို့ထင်ပါတယ်။ နောက်ပိုင်း ပြည်တွင်းကသင်တန်းတွေ၊ အပြင်ကနေလာပီးသင်တဲ့သင်တန်းတွေလဲရှိလာတာကြောင့် လေ့လာရာမှာ ပိုပီးမြန်လာနိုင်တာတွေ့ရပါတယ်။ ဈေးကွက်လိုအပ်ချက်အရလဲ မြန်မာပြည်မှာ CCIE တွေလိုအပ်လာနိုင်ပါတယ်၊ ကိုယ့်မြန်မာထဲက မဖြည့်နိုင်ခဲ့ရင် အဲဒီနေရာတွေ၊ လစာတွေဟာ တခြားနိုင်ငံသားတွေအတွက်ဖြစ်သွားပါလိမ့်မယ်။ အနီးဆုံးဖြစ်တဲ့ China မှာ CCIE အရေအတွက် ၃၅၀၀ ကျော်ရှိပါတယ်။ India မှာတော့ ၁၀၀၀ လောက်ရှိပါတယ်။ အရှေ့တောင်အာရှမှာတော့ Singapore ကအများဆုံး ဖြစ်ပီး ၂၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကတော့ India/ China/ Philipine/ Vietnam ကနေဝင်လာနိုင်ချေရှိပါတယ်။ အဲဒီအချိန်ကြရင် အဆင်သင့်ဖြင့်နေဖို့အတွက် ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးလို့ထင်ပါတယ်။ Cisco ကလဲသူတို့ရဲ့ CCIE တန်ဖိုးမကျဖို့ရာအတွက် အမြဲလို မြှင့်တင်နေတဲ့အတွက် မရေရာတဲ့ Certificate တခုအဖြစ်ရောက်သွားစရာ မရှိပါဘူး။ ဒီတော့ စိတ်ပါဝင်စားသူလူငယ်တွေအတွက် လျောက်သင့်တဲ့လမ်းဆိုရင် မှားမယ်မထင်ပါဘူး။

ကိုဖြိုး