Showing posts with label CISSP. Show all posts
Showing posts with label CISSP. Show all posts

Sunday, 10 December 2017

CISSP CAT EXAM

CISSP စာမေးပွဲကို CAT(Computerized Adaptive Testing) ပုံစံ ပြောင်းတော့မယ်ဆိုတာ (ISC)² Membership Reception ပွဲသွားတုန်းက ကြားခဲ့ပါတယ်။ အခုတော့ အတည်ဖြစ်သွားပါပြီ။ လာမည့် ၁၈ ရက် ဒီဇင်ဘာ မှစပြီး CAT ပုံစံနဲ့သာ စတင်ဖြေဆိုရတော့မှာ ဖြစ်ပါတယ်။ Course Outline အနေနဲ့တော့ ၂၀၁၈  ၄လ ပိုင်းမှသာ ပြောင်းလဲမယ်လို့ဆိုထားတဲ့ အတွက် အခု CAT EXAM ဟာ လက်ရှိ Course Outline ဖြင့်သာ ဖြေဆိုရမှာပါ။ မဖြေခင်မှာတော့ Course Outline ကို သေချာ ပြန်ကြည့်ပါ။

CAT မှာ ဘာတွေပြောင်းသွားမလဲ...

အရင်က မေးခွန်း ၂၅၀ နဲ့ ၆နာရီ ဖြေဆိုရတဲ့ ပုံစံအစား မေးခွန်း ၁၀၀ ကနေ ၁၅၀ အထိ သာပါဝင်တဲ့ ၃နာရီ မေးခွန်းကို ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုသူရဲ့ ဖြေနိုင်တဲ့ အပေါ်မှာ မူတည်ပြီး နောက်ထပ်ရလာမဲ့ မေးခွန်းနဲ့ အရေအတွက် က ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ မေးခွန်း ၁၅၀ ဆိုပေမဲ့ အဲဒီအထဲမှာ ၂၅ ခု က pre-test လို့ ခေါ်တဲ့ အမှတ်မရတဲ့ မေးခွန်းတွေနဲ့ ရောထားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြေဆိုတဲ့သူ အနေနဲ့ ခွဲခြားနိုင်မှာ မဟုတ်ပဲ အကုန်ဖြေဆိုရမှာပါ။ Exam Result ကို သိရဖို့ အတွက်တော့ အနည်းဆုံး ၇၅ ခု ဖြေဆိုရမယ်လို့ ဆိုထားပါတယ်။ ဒီတော့ အစပိုင်း မေးခွန်းတွေမှာ သေချာဖြေနိုင်ခဲ့မယ်ဆိုရင် မေးခွန်းအရေအတွက် အနည်းငယ်နဲ့မြန်မြန်ပြီးသွားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ မရတဲ့သူတွေအနေနဲ့လည်း ဒုက္ခဆက်ခံစရာမလိုတော့ပဲ မေးခွန်း ၁၀၀ ပြည့်တာနဲ့ ပြန်နိုင်မှာပါ။

ဘာကြောင့် CAT ပုံစံကို ပြောင်းရတာလဲ ဆိုတာကိုတော့  (ISC)² က အခုလိုဖော်ပြထားပါတယ်။ နှစ်ဦး နှစ်ဖက်လုံး အကျိုးရှိတဲ့ ပြောင်းလဲမှုလို့ ယူဆရပါတယ်။

* A more precise and efficient evaluation of a candidate’s competency
* More opportunities for examination administration
* Shorter test administration sessions
* Enhanced exam security

အမှတ်ပေးတဲ့ စနစ်ကတော့ အဓိက စည်းမျဉ်း ၃ ခု အပေါ်မူတည်ပြီး ဆုံးဖြတ်ပါမယ်။ ဒီသုံးခုမှာ ပထမ စည်းမျဉ်းက အရေးပါဆုံးဖြစ်ပါတယ်။ အဲဒီမှာ ပြတ်သွားခဲ့ရင် အကောင်းဆုံးပါ။ အဲဒီအဆင့်မှာ အဆုံးအဖြတ် မပေးနိင်ခဲ့ရင် ကျန်နဲ့ စည်းမျဉ်း နှစ်ခု ကနေဆက်ပြီး ဆုံးဖြတ်ပါလိမ့်မယ်။

  1. Confidence Interval Rule
  2. Maximum-Length Exam Rule
  3. Run-Out-of-time (R.O.O.T) Rule

အောင်၊ မအောင် ဘယ်အချိန်မှာ သိနိုင်မလဲ.. 
ဖြေပြီးတာနဲ့ ချက်ချင်းသိနိုင်ပါတယ်။ မအောင်ရင်တော့ အနည်းဆုံး ရက် ၃၀ စောင့်ပြီးမှ သာ ထပ်မံဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ်ထပ်ကျရင် ရက် ၉၀၊ နောက်တကြိမ် ဆို ရက် ၁၈၀ စောင့်ပြီးမှသာ ဖြေလို့ရမှာပါ။ တနှစ်ကို အများဆုံး ၃ ကြိမ်သာ ဖြေလို့ရပါတယ်။ ဒီလိုပုံစံမျိုးကို Cisco Exam တွေမှာလည်း စတင် အသုံးပြုနေပါပြီ။

ဘာပဲပြောပြော အခု CAT EXAM အသစ် ပြောင်းလဲသွားတာ စိတ်ဝင်စားစရာပါ၊ Adaptive က ဘယ်လောက်အထိ ဖြေဆိုသူရဲ့ အဆင့်ကို လိုက်ညှိပြီး ဘယ်လိုမေးခွန်းတွေနဲ့ ဆုံးဖြတ်မလဲဆိုတာကတော့ ဖြေဆိုသူတွေရဲ့ Exam Feedback တွေအပေါ်မှာ စောင့်စားဖတ်ရှုရင်းနဲ့သာ သိနိုင်ပါလိမ့်မယ်။

https://www.isc2.org/Certifications/CISSP/CISSP-CAT

ကိုဖြိုး။

Saturday, 23 September 2017

CISSP EXAM အပြောင်းအလဲ။

CISSP EXAM ဖြေဆိုဖို့ အစီအစဉ်ရှိတဲ့သူများ အနေနဲ့ သိထားသင့်တဲ့ ကိစ္စပါ။ ၂၀၁၈၊ ၄ လပိုင်းကနေစပြီး Course Outline အသစ်ဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။ DCO (Detailed Course Outline) အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ကနေ ကြည့်နိုင်ပါတယ်။

https://cert.isc2.org/cissp-exam-outline-form/clkn/https/downloads.isc2.org/credentials/cissp/CISSP-Detailed-Content-Outline.pdf


ဖြေဆိုရမည့် ပုံစံကတော့ မပြောင်းပါဘူး။ အရင်လို မေးခွန်း ၂၅၀ ပါဝင်တဲ့ ၆ နာရီကြာ ဖြေဆိုရတဲ့ ပုံစံ ဖြစ်ပါတယ်။ CISSP ဆိုတာ ဘာလဲ၊ ဖြေဆိုရတဲ့ ပုံစံက ဘယ်လိုလဲ ဆိုတာကို စိတ်ဝင်စားတယ်ဆိုရင် အရင် ရေးခဲ့တဲ့ ပိုစ့် အဟောင်းတွေမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။

စာမေးပွဲကြေး အနေကတော့ ၂၀၁၇၊ ၁၀ လပိုင်းက စပြီးတော့ စာမေးပွဲကြေး အသစ်နဲ့ ဖြေဆိုရမှာ ဖြစ်ပါတယ်။ USD 100 ဈေးတက်သွားတာ တွေ့ရပါတယ်။ UK မှာ ပိုဈေးကြီးသွားပါတယ်။ ၁၀ လပိုင်းက စမှာဖြစ်တဲ့ အတွက် ဖြေဆိုမည့်သူ အများစုက တော့ စာမေးပွဲကြေး အသစ်နဲ့သာ ဖြေဆိုရမှာ ဖြစ်ပါတယ်။




အခုလို အပြောင်းအလဲဟာ ဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး။ နောက် ၁-၂ နှစ်အတွင်းမှာ CAT (Computerized Adaptive Testing) ဆိုတဲ့ ပုံစံနဲ့ ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စင်ကာပူမှာ ကျင်းပသွားတဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံပွဲ မှာ အဲဒီ အကြောင်းကို ပြောပြသွားပါတယ်။ ဘယ်တော့ ပြောင်းမယ်ဆိုတဲ့ အချိန်အတိအကျကို တော့ မသိခဲ့ပါဘူး။ CAT Exam ပုံစံက အရင်လို မေးခွန်း ၂၅၀ ဖြေဆိုရမဲ့ အစား ဖြေဆိုတဲ့သူရဲ့ အရည်အချင်းပေါ်မူတည်ပြီး ချပေးမဲ့ မေးခွန်းနဲ့ အရေအတွက် ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ၆ နာရီ ကြာမဲ့ အစား မေးခွန်း ၁၀၀ လောက်နဲ့ ၁-၂ နာရီအတွင်းမှာတောင် အဆုံးအဖြတ် ပေးသွားနိုင်လိမ့်မယ်လို ဆိုပါတယ်။ 





အခုလို ပြောပြရတဲ့ကိစ္စကတော့ ဖြေဖို့ပြင်ဆင်နေတဲ့သူတွေ မသိလိုက်ပဲ အခက်အခဲ ကြုံတွေ့မှာဆိုးလို့ ဖြစ်ပါတယ်။ CISSP EXAM ဖြေကြပါလို့ တိုက်တွန်းနေတာ မဟုတ်ပါဘူး။ CISSP ဖြေဆိုဖို့ အတွက် လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၅ နှစ် ရှိဖို့လိုအပ်ပါတယ်။ အတွေ့အကြုံ မရှိသေးရင် စာမေးပွဲ အောင်ရင် တောင် CISSP မဖြစ်သေးပဲ Associate အဖြစ်သာ သတ်မှတ် ပေးမှာဖြစ်ပါတယ်။ ပြီးရင် ၆ နှစ်အတွင်း အတွေ့ အကြုံယူနိုင်မှ CISSP ဖြစ်ပါတယ်။ သူရဲ့ Role ကလဲ Leadership Role ဖြစ်တဲ့ အတွက် သိပ်ငယ်ပြီး အတွေ့အကြုံ မရှိသေးတဲ့ သူတွေအတွက် မသင့်သေးပါဘူး။

Security အပိုင်းကို စိတ်ဝင်စားတယ်၊ Security Professional အဖြစ်နဲ့ အဲဒီ လမ်းကြောင်းကို သွားချင်တယ် ဆိုရင်တော့ IT Administration အတွက် ရည်ရွယ်ထားတဲ့ SSCP Exam ကို အရင် ဖြေဆိုသင့်တယ်လို့ ထင် ပါတယ်။ SSCP ဖြေဆိုဖို့ အတွက်လဲ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၁ နှစ်လိုပါတယ်။ မြန်မာပြည် အနေ နဲ့ လည်း သင့်တော်တဲ့ လက်မှတ်တခုလို့ ထင်ပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့ ဒီလင့်မှာ လေ့လာကြည့်ပါ။ https://www.isc2.org/Certifications/SSCP

IT Certificate တွေ ဖြေဆိုမယ်ဆိုရင် ကိုယ်ဖြေမဲ့ စာမေးပွဲ အကြောင်း၊ ကိုယ်နဲ့ အဆင်ပြေနိင် မပြေနိင်၊ ဈေးကွက်လိုအပ်ချက်၊ စိတ်ဝင်စားမှုနဲ့ ဝါသနာ စတာတွေကို သေသေချာချာ လေ့လာပြီးမှာ ဖြေဆိုကြပါလို့ ထပ်မံ တိုက်တွန်းလိုပါတယ်။

ကိုဖြိုး

Sunday, 17 July 2016

CISSP - Certified Information Systems Security Professional မိတ်ဆက်


CISSP ဆိုတာဘာလဲ၊ ဘာကြောင့် CISSP တွေလိုအပ်နေလဲ၊ CISSP ဖြစ်ဖို့ဘာတွေလိုအပ်သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို အပေါ်ယံလောက် လေ့လာကြည့်ရအောင်။

ယနေ့အိုင်တီခေတ်ကြီးမှာ အဖွဲ့အစည်းတွေ၊ ကုပ္မဏီတွေ အတွက် သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေးစနစ်ဟာ ဘယ်လောက်အထိအရေးပါလာပြီလဲဆိုတာ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေ၊ ဦးစီးဆောင်ရွက်နေတဲ့သူတွေ တဖြည်းဖြည်းနဲ့သဘောပေါက်လာကြပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သတင်းတွေမှာလည်း လုံခြုံရေးပေါ့ဆမှု၊ အလေးမထားမှုတွေကြောင့် ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာကိုလဲ ကြားနေမြင်နေကြမှပါ။ မထင်မှတ်တဲ့ ပေါ့ဆမှုအသေးလေးကနေတောင် ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်သလို အဖွဲ့အစည်းတခုလုံးတောင်ပျက်သွားတဲ့အထိ ဆိုးရွားမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီတော့ မိမိအဖွဲ့အစည်းရဲ့သတင်းအချက်အလက်လုံခြုံရေးနဲ့ ကာကွယ်ရေးစနစ်တွေဟာ အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့သူတိုင်း၊ ဝန်ထမ်းတိုင်းအတွက် သိထားလိုက်နာသင့်တဲ့ အရေးကြီးကိစ္စဖြစ်လာပါတယ်။ ဒီကိစ္စကို ဘယ်သူတွေက ဦးဆောင်မှာလဲ၊ ဘာတွေကိုဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာ လိုအပ်လာပါတယ်။ ဒါတွေကို နားလည်တဲ့သူ၊ အကြီးအကဲတွေ၊ ဌာနမျိုးစုံက ဝန်ထမ်းတွေနဲ့ အတူတကွ ပူပေါင်းလုပ်ဆောင် သွားရမဲ့သူတွေကတော့ CISSP လက်မှတ်ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ CISSP ဟာ Non-Profit Organization ဖြစ်တဲ့ (ISC)2 အဖွဲ့အစည်းရဲ့ ပရော်ဖက်ရှင်နယ် လက်မှတ်တစ်ခုဖြစ်ပီး တကမ္ဘာလုံး အသိမှတ်ပြုထားတဲ့ Vendor-neutral certificate လည်း တခုဖြစ်ပါတယ်။

CISSP တွေဟာ ကိုယ့်အဖွဲ့အစည်းကို ကာကွယ်ဖို့အတွက် အဖွဲ့အစည်းတွေ၊ အကြီးအကဲတွေရဲ့ ပံပိုးမှုကိုယူပီး ဌာနပေါင်းစုံက ဝန်ထမ်းများနဲ့ပူပေါင်းဆောင်ရွက်ကာ ကျရောက်လာနိုင်တဲ့ အန္တရယ်နဲနိုင်သမျှနဲအောင် လျော့ကျလာအောင်လုပ်ဆောင်ပေးရပါတယ်။ အသုံးပြုနေတဲ့ hardware/ software/ applications/ server/ network/ process စတဲ့အရာတွေမှာ လုံခြုံမှုရှိအောင်၊ ဘေးအန္တရယ်ကျရောက်ချိန်မှာ လုပ်ငန်းဆက်လက်လည်ပတ်နိုင်အောင် ပြင်ဆင်မှုတွေ (Disaster recovery planning/ Business continuity process) စီစဉ်ဖို့၊ ရုံးတွေ၊ စက်ရုံတွေ၊ Data Center တွေရဲ့ လုံခြုံရေးစနစ်များ၊ အဖွဲ့အစည်းရဲ့ ဝန်ထမ်းများ ဘေးအန္တရယ် ကင်းဝေးရေး စတဲ့ကိစ္စများအတွက်လည်း တာဝန်ရှိပါတယ်။ ဒီတော့ အိုင်တီတခုသာ မက တခြားနည်းပညာများ၊ ကိစ္စများကိုလည်း သိထားရပါတယ်။ ဒါတွေအားလုံးကို အသေးစိ်တ်၊ အတွင်းကျကျသိဖို့ဆိုတာမဖြစ်နိင်ပါဘူး၊ ဒါပေမဲ့ CISPP တစ်ယောက် အနေနဲ့တော့ အပေါ်ယံ အားလုံးကို သိထားဖို့လိုအပ်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ SME (Subject-Matter Expert) တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရပါတယ်။ ဒါကြောင့်လည်း CISSP Exam ကို အလွန်ကျယ်ပြန့်တဲ့ Domain ၈ခုနဲ့အခြေခံထားပါတယ်။ ဒါပေမဲ့ အကုန်လုံးကို အသေးစိတ် ကျွမ်းကျင်နေဖို့တော့ မလိုပါဘူး။ Official Study Guide မှာလည်း ဒီလိုရေးထားပါတယ်။
“It is very broad but not very deep. To successfully complete this exam, you’ll need to be familiar with every domain but not necessarily be a mater of each domain”

ဘယ်လိုလူမျိုးတွေအတွက် သင့်တော်သလဲဆိုရင်တော့ လုပ်ငန်းခွင်အတွေ့အကြုံ ၄၊၅ နှစ်အနဲဆုံးရှိတဲ့ သူများအတွက်သာ အသင့်တော်ဆုံးလို့ဆိုရမှာပါ။ (ISC)2 မှာလည်း CISSP ရဖို့အတွက်ဆိုရင် Domain ၈ခုအထဲကနေ ၂ခုနဲ့ကိုက်ညီတဲ့ အချိန်ပြည့်အလုပ်မှာ ၄၊၅ နှစ်ရှိမှာသာ CISSP ဖြစ်မယ်လို့ရေးထားပါတယ်။ အတွေ့အကြုံမလုံလောက်ရင်တော့ စာမေးပွဲအောင်တာတောင် Associate ပဲဖြစ်မှာပါ။
“Candidates must have a minimum of 5 years of paid full-time work experience in 2 of the 8 domains of the CISSP CBK, which covers critical topics in security today including risk management, cloud computing, mobile security, application development security, and more. “

ဒါဆို အတွေ့အကြုံမရှိတဲ့ အငယ်တွေ လုပ်လို့မရဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ စာမေးပွဲအရင်ဖြေ၊ ပီးမှအတွေ့အကြုံရအောင် ၅နှစ်လောက်လုပ်၊ ပီးရင် အတွေ့အကြုံတင်ပြပြီး CISSP အဖြစ်တောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာတဲ့အချိန်မှာ အခက်အခဲရှိနိုင်ပါတယ်။ အတွေ့အကြုံရှိသူတွေ အတွက်ဆိုရင် ၅၀% / ၇၀% လောက်က ကိုယ်သိပြီးသားတွေဖြစ်နေတော့ ဖတ်ရတာပိုနားလည်ပါတယ်။ ပြီးရင် ကိုယ်ဘယ်လုပ်ငန်းခွင်ကလာသလဲဆိုတာက Domain တခုခြင်းကို အထောက်အကူပြုပါတယ်။ Network အားသားတဲ့သူအတွက် Network အကြောင်းဖတ်ဖို့သက်သာသလို၊ Software ဖက်ကလာတဲ့သူတွေ၊ Database Admin တွေ၊ FW Security သမားတွေ၊ ITIL/ PMP  ရရှိပီးသား Process ကျွမ်းကျင်သူတွေအတွက်လည်း သက်ဆိုင်ရာ Domain အတွက် အဆင်ပြေစေပါတယ်။

ဒီလောက်ဆို CISSP အကြောင်းကိုတီးမိခေါက်မိရှိလောက်ပီလို့ယူဆပါတယ်။

ကိုဖြိုး

Tuesday, 12 July 2016

CISSP Exam အတွေ့အကြုံ။



CISSP ( Certified Information Systems Security Professional) စာမေးပွဲအကြောင်းစိတ်ဝင်စားသူတွေအတွက် ဗဟုသုတရအောင်လို့ ပါ။ ဒီစာမေးပွဲအတွက် လုံးပန်းနေရတာနဲ့ စာမရေးဖြစ်တာတောင်ကြာပြီပေါ့။ အခုအကြောင်းအရာက စာမေးပွဲဖြေဆိုတဲ့ အကြောင်းပါ နောက်အချိန်ရမှ CISSP ဆိုတာဘာလဲဆိုတဲ့ အကြောင်းသပ်သပ်ထပ်ရေးပါ့မယ်။

(ISC)2 က ခွင့်ပြုထားတဲ့ VUE Exam Center မှာဖြေရပါတယ်။ စင်ကာပူမှ အရင်က စင်တာ ၂ ခုရှိခဲ့ပေမယ့် အခု NTUC ၁ ခုထဲမှာသာ ဖြေလို့ရပါတော့တယ်။ နောက်တခုက ဘာဖြစ်သွားလဲ မသိပါ။ တစ်ခုပဲ ကျန်တော့တဲ့အတွက် နေရာရဖို့ ၃ ပတ်ကနေ ၁လ လောက်အထိစောင့်ရလေ့ရှိပါတယ်။ တခါတလေလဲ အရင်ယူထားတဲ့သူလူ အချိန်ပြောင်းလိုက်တဲ့အတွက် လွတ်နေတတ်ပါတယ်။ ကျွန်တော့်တုန်းကလဲ ပထမရက်မှာ ဖြေဖို့သိပ်အားမရသေးတာနဲ့ ရက်ပြန်ပြောင်းပြီးမှ ဖြေဖြစ်ခဲ့တယ်။ အလကားတော့ မရပါဘူး $50 ထပ်ပေးရပါတယ်။ ပုံမှန် စာမေးပွဲကြေးက $599 (USD) ပါ။ ရန်ကုန်မှာတော့ ဖြေလို့မရလောက်သေးဘူးထင်တယ်။

ဖြေဆိုချိန်ကို ကိုယ်ကြိုက်တဲ့အချိန်ကနေစလို့ရပါတယ်။ ဒါပေမယ့် ၆ နာရီကြာတဲ့အတွက် နောက်ဆုံးရွေးလို့ရတဲ့အချိန်က ၁၁:၀၀ လို့ထင်တယ်။ သေချာတော့ မမှတ်ထားလိုက်မိဘူး။ ကျွန်တော်က အိပ်ယာအစောကြီးထပြီး မသွားချင်လို့ ၁၀ နာရီရွေးလိုက်ပါတယ်။ ဒါပေမယ့် အတော်များများက အဲ့အချိန်ရွေးကြလို့ စာရင်းသွင်းတဲ့နေရာမှာ လူများပြီး စောင့်ရပါတယ်။ ၉နာရီဆို ပိုအဆင်ပြေမယ်ထင်တယ်။ တကယ်စဖြေတော့ ၁၀:၁၅ လောက်ဖြစ်နေပါပြီ။

စုစုပေါင်း ၆နာရီခွင့်ပြုထားပါတယ်။ ထမင်းစားချိန်သီးသန့်ပေးမထားပဲ ကိုယ်ကြိုက်တဲ့အချိန် နားပြီးစားရပါတယ်။ အပြင်မှာထွက်စားခွင့်မပြုတဲ့အတွက် မနက်ထဲက ထမင်းဘူး ယူသွားရပါတယ်။ စားနေတဲ့အချိန်ကိုလည်းထည့်တွက်တဲ့အတွက် အချိန်ကုန်သက်သာအောင် မြန်မြန်စားရပါတယ်။ ကျွန်တော်တော့ ၁၀ မိနစ်နဲ့ အမြန်သွတ်ပြီး ရှင်းလိုက်ပါတယ်။ စာမေးပွဲခန်းအတွင်းကို နာရီတောင်ယူလို့မရပါဘူး။ ဖြစ်ချင်တော့ အဲ့နေ့ကနေမကောင်းဖြစ်ပြီး ချောင်းဆိုနေတာ ဆေးပေးမယူပါဘူး။ အပြင်မှာ ထွက်သောက်ရပါတယ်။ ကြားမှာ ရေသောက်ခ်ျိန်၊ အပေါ့သွားဖို့အချိန်တိုင်း လက်မှတ်ထိုး ပြီးထွက်ရပါတယ်။ မှတ်ထားသလောက်တော့ ၃ ခါထွက်ခဲ့ပြီး တကြိမ်ကို ၅ မိနစ်ခဲ့ကြာခဲ့ပါတယ်။ ထမင်းစားတာနဲ့ဆို စုစုပေါင်း ၂၅ မိနစ်လောက် ကုန်သွားတဲ့အတွက် ဖြေဆိုချိန် ၅:၃၀ လောက်ကျန်ပါတယ်။

စုစုပေါင်းမေးခွန်း ၂၅၀ ပါပြီး အကုန်လုံးဟာ MCQ နဲ့ Drag-drop နဲနဲလောက်ပါပါတယ်။ ၅:၃၀ ကို မေးခွန်း ၂၅၀ ဆိုတဲ့အတွက် တစ်ခုကို ၁.၃ မိနစ်လောက် အသုံးပြုလို့ရပါတယ်။ ကျွန်တော်ကတော့ ထမင်းမစားခင် ၁၅၀ လောက်ကို ၂နာရီခွဲလောက်နဲ့ ရအောင်ဖြတ်လိုက်ပါတယ်။ စာဖတ်တာမြန်ဖို့လိုသလို ဦးနှောက်ကို အလုပ်များများလုပ်ခိုင်းဖို့လိုပါတယ်။ CCIE ဖြေတုန်းက ၈ နာရီလောက်ကို အနောက်က ကျားလိုက်သလိုဖြေခဲ့ရတဲ့အတွက် အခုတခေါက်မှာ အချိန်နဲ့ပက်သက်ပြီး သိပ်အခက်အခဲတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စာကို လှည့်ပတ်ပြီးရေးထားတဲ့အတွက် ဘာကိုမေးတာလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ မေးခွန်းနားမလည်ရင် ကျိန်းသေကျမှာပါ။ နောက်ပြီးစာဖတ်တဲ့အခါ တစ်လုံးချင်းဖတ်မနေပဲ Skimming လုပ်ပြီး မျက်လုံးနှစ်ဖက်လုံးကိုခိုင်းပြီး စာပုဒ်တစ်ခုလုံးကို ခြုံမိအောင်ဖတ်ရပါတယ်။ အဓိပ္ပါယ်ပြန်နေတုန်း တဖက်ကလည်း မေးခွန်းမှာပါတဲ့ Keyword ကို ရအောင်ဖမ်းရပါတယ်။ အဲဒါကို သတင်းစာဖတ်ရင်းလေကျင့်ရပါတယ်။ BC က အင်္ဂလိပ်ဆရာ သင်ပေးခဲ့တာပါ။ ပုံမှန်စာဖတ်မြန်တဲ့သူအတွက် လေ့ကျင့်နေစရာ မလိုပါဘူး။ ဘာလို့အဲ့ဒါကို ထဲ့ပြောရလဲဆိုတာ အချိန်မမှီမှာစိုးလို့ပါ။ မေးခွန်းက ၄၊ ၅ ကြောင်းနဲ့ အဖြေ ၄ ခုကိုဖတ် စဉ်းစားပြီး အဖြေမှန်ရွေး စတဲ့ ကိစ္စအားလုံးကို ၁ မိနစ်ခန့်လောက်နဲ့ရအောင်လုပ်ရတာ သိပ်မလွယ်ပါ။ မသိတဲ့၊ ခက်တဲ့မေးခွန်း တွေဆို စဉ်းစားရင်း ၂-၃မိနစ်လောက်ကြာသွားတဲ့အတွက် အဲဒါတွေပြန်ဖြည့်ဖို့ လိုပါတယ်။

နောက်ထပ်အဓိကပြဿနာကတော့ ဦးနှောက်ပါ။ မေးခွန်းတွေများလွန်းတဲ့အတွက် မေးခွန်းပေါင်း ရာကျော်လာတဲ့အချိန်မှာ ဦးနှောက်က သိပ်မကြိုက်ချင်တော့ပါဘူး။ စိတ်မရှည်တော့ပဲ စဉ်းစားနိုင်စွမ်းကို ကျဆင်းသွားစေပါတယ်။ ဒါကြောင့် ၁၅၀ ပြီးတဲ့အချိန်မှာ ရပ်ပြီးထမင်းစားလိုက်ပါတယ်။ မယုံရင်စမ်းကြည့်ပါ။ ဒီလိုစဉ်းစားရတဲ့စာတွေကို မမေးပဲ လူတစ်ယောက်က ကိုယ့်ကိုထိုင်ပြီး ၂ နာရီဆက်တိုက်လောက် ထမင်းစားပီးပြီလား၊ ဘယ်သွားမလို့လဲ စတဲ့ဟာတွေ မေးတာတွေကို ဖြေကြည့်ပါ။ ဦးနှောက်က တုံပြန်မှုတွေ ကျလာပြီး စိတ်တိုလာပါလိမ့်မယ်။ ဒီတော့ စိတ်ရှည်ရှည်ထားပြီး ကိုယ်မရတော့တဲ့အချိန်လောက်ကို နားသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်း မတူပါဘူး။ စာမေးပွဲအတွက် ပြင်ဆင်မှု တစ်ခုအနေနဲ့ သိထားသင့်ပါတယ်။ တချို့က မေးမှာပါ၊ အရင်ကလည်း CCNA တို့ MCSE တို့ကို ၃ နာရီလောက်ဖြေခဲ့တာပဲ ဘာဆန်းလို့လဲဆိုရင် အရင်ဆုံးပြောခြင်တာကတော့ ကိုယ်တခါမှ မမြင်ဘူးတဲ့ မေးခွန်းတွေကိုပဲ ဆက်တိုက်တွေ့ရမှာပါ။ နောက်တခုက သူရဲ့အဖြေ၄ခုမှာ ၂ ခုလောက်သာ မှားမှန်းဖယ်ရှားနိုင်ပြီး ကျန်တဲ့ ၂ ခုလောက်ဟာ အမြဲလိုရွေးရခက်အောင် ရေးထားလေ့ရှိပါတယ်။ အဲလိုမျိုး အခု ၁၀၀ လောက်ဖြတ်သန်းပြီးတဲ့အချိန်မှာ စိတ်တိုလာပါလိမ့်မယ်။ ကျွန်တော်ဖြေနေတုန်း အနောက်က လူရဲ့ ကီးဘုတ်ရိုက်သံဟာ အလွန်ကျယ်လောင်လာသလို ခံစားရပြီး စင်တာကပေးတဲ့ နားပိတ်နဲ့ပိတ်ထားတာတောင် မရပါဘူး။ အဲဒီလူကြောင့် ၁၀ မိနစ်ခန့် နှောင့်နှေးသွားခဲ့ပါသေးတယ်။ NTUC center ရဲ့ မကောင်းတဲ့အချက်ပါ။ ခုံစီစဉ်မှုဟာ သင်တန်းနဲ့တူနေပြီး လာဖြေတဲ့သူ အရမ်းများပါတယ်။ တခြားစာမေးပွဲများအတွက်တော့ သူတို့ကို ထပ်ရွေးဖြစ်တော့မယ် မထင်ပါဘူး။ ဒီဦးနှောက်နဲ့ပက်သက်တဲ့ အကြောင်းအရာကို လျော့မတွက်သင့်ပါဘူး။ အများစုကျကြတာ နည်းပညာကြောင့်၊ စာမရတာကြောင့် မဟုတ်ပါဘူး။ အဲဒီ ၆ နာရီကို စိတ်မထိန်းနိုင်ပဲ မစဉ်းစားနိုင်တော့လို့ပါ။

ဖြေဆိုတဲ့အချိန်မှာ တခြားစာမေးပွဲများလို နောက်ပြန်သွားခွင့်ပိတ်ထားတာမျိုးမရှိပဲ ကြိုက်သလို ဖြေနိုင်ပါတယ်။ မသေချာတဲ့မေးခွန်းတွေ ပြန်ကြည့်ဖို့ Flag လုပ်ခဲ့လို့ရပါတယ်။ အချိန်ပိုရင် ပြန်စစ်လို့ရတာပေါ့။ ကျွန်တော့်အနေနဲ့ ၁ နာရီခန့်လောက်ကျန်အောင်ဖြေပြီး Flag မေးခွန်းတွေပြန်ဖြေခဲ့ပါတယ်။ အခု ၄၀ လောက်ရှိပြီး ၁၀ ခုခန့်အဖြေပြန်ပြောင်းနိုင်ခဲ့ပါတယ်။ ထပ်မစစ်တော့ဘူးဆိုရင်တော့ End Exam နှိပ်ပြီး ရပ်လိုက်ယုံပါပဲ။ အောင်မအောင်ကို CCNA တို့လို တန်းမပြပဲ ပြန်ထွက်တော့မှ စာရေးမက Score report ပေးတာပါ။ အောင်မယ် လို့သေချာပေါက်မပြောနိုင်ခဲ့ပဲ စာရေးမက Congratulations ပြောမှ အောင်မှန်းသိပါတော့တယ်။ အမှတ် ၁၀၀၀ မှ ၇၀၀ ရရင်အောင်တယ်ဆိုပေမယ့် ဘယ်လောက်ရတယ်ဆိုတာ မပါပါဘူး။ ကျရင်တော့ ဘယ်လောက်နဲ့ ကျတယ်ဆိုတာပါတယ်လို့ ဖိုရမ်တွေထဲမှာ ဖတ်ဖူးပါတယ်။ နောက်ပီးတော့ မေးခွန်း ၂၅၀ မှာ ၂၅ ခုက အမှတ်မပေးပဲ သုတေသနလုပ်ဖို့အတွက် ထည့်ထားတဲ့အတွက် ကိုယ်မှန်တယ်ထင်တဲ့ မေးခွန်းတွေဟာ အဲ့ထဲပါသွားရင် အမှတ်မရနိုင်ပါဘူး။ အမှားတွေပါသွားရင်တော့ ကောင်းတာပေါ့။ ဒီတော့ ဘယ်နှစ်ခု မှန်ရင်အောင်လောက်ပီဆိုတာ တွက်ရခက်သွားပီး တတ်နိုင်သလောက်များများဖြေဖို့လိုပါတယ်။

အခုလောက်ဆို CISSP Exam ပုံစံနဲ့ ဖြေဆိုပုံကို ခန့်မှန်းလို့ရလောက်ပီလိုထင်ပါတယ်။

ကိုဖြိုး