Sunday, 30 October 2016

Stop.Think.Connect.



US နဲ့နိုင်ငံတချို့မှာ အောက်တိုဘာလကို National Cyber Security Awareness Month (NCSAM), The European Cyber Security Month (ECSM) ဆိုပြီး ဆိုင်ဘာလုံခြုံရေးနဲ့ပက်သက်ပြီး အသိပညာပြန့်ပွား ရေးတွေလုပ်ကြပါတယ်။ စင်ကာပူမှာလည်း Singapore International Cyber Week (SICW) ဆိုပြီး ကျင်းပ သွားပါတယ်။ Cloud ပွဲသွားဖို့ရွေးချယ်လိုက်တာကြောင့် အဲဒီပွဲကို မရောက်ဖြစ်လိုက်ပါဘူး။ မြန်မာ အပါ အဝင်  အာဆီယံ နိုင်ငံအတော်များများလာရောက်ပါဝင်ခဲ့တယ်လို့သိရပါတယ်။

အခုခေတ်မှာ လူတိုင်းလက်ထဲမှာ အင်တာနက်နဲ့ချိတ်ဆက်ဖို့ပစ္စည်းတွေ အလွယ်တကူရှိနေပါပြီ။ အနည်းဆုံး တော့ လူတိုင်းမှာဖုံးရှိနေပြီး အင်တာနက်ကို အလွယ်တကူ အသုံးပြုနေကြပါပြီ။ အိုင်တီဖက်က သူတွေအနေ နဲ့အင်တာနက် ချိတ်ဆက်မှု၊ အသုံးပြုမှာဟာ ထမင်းစားရေသောက်လိုဖြစ်နေပေမယ့် တချို့ အိုင်တီနဲ့ မရင်းနှီးသေးတဲ့ သူတွေအဖို့တော့ အဆန်းတွေပါပဲ။ ဆိုကြပါစို့ ကိုယ့်အတွက် အီးမေး တစ်ခုအသစ် ဖွင့်တာ ဟာ သူတို့အတွက်တော့ ရှုပ်ထွေးတဲ့ ကိစ္စတစ်ခု အနေနဲ့ဖြစ်နေပြီး နားလည်တဲ့သူ၊ ဒါမှမဟုတ် ဆိုင်ကသူရဲ့ အကူအညီနဲ့ဖွင့်ရပါတယ်။ ဒီမှာတင် ကိုယ့်ရဲ့ ကိုယ်ရေးက်ိုယ်တာ အသုံးပြုမဲ့ အီးမေး password ကို တခြားသူတယောက်က သိထား၊ ပိုင်ဆိုင်ထားပါပြီ။ အလားတူပဲ Facebook လို Social Networking အကောင့်တွေမှာလည်း အတူတူပါပဲ။ ဒီကတဆင့်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာ နိုင်ပါတယ်။

ဒါကဥပမာတစ်ခုအနေနဲ့ ပြောပြတာပါ။ မိသားစုအတွင်းမှလည်း ကိုယ့်အပြင် အရွယ်မရောက်သေးတဲ့ ကလေး၊ ကျောင်းသား၊ နည်းပညာနဲ့အလှမ်းဝေးစပြုလာတဲ့ လူကြီးသူမများဟာလည်း အင်တာနက်နဲ့ အနည်းနဲ့အများတော့ ပက်သက်လာကြပါတယ်။ ဒီတော့ သူတို့အတွက် အင်တာနက်ရဲ့ ကောင်းကျိုးတွေကိုပဲ ပြောပြနေမယ့်အစား၊ အင်တာနက်ကနေ မိသားစုဘ၀ ကိုထိခိုက်လာန်ိုင်တဲ့ အန္တရယ်တွေကို သိထားရ အောင်၊ ဘယ်လိုရှောင်လွှားရအောင် ဆိုတာတွေကို ပညာပေး ပြောပြသင့်ပါတယ်။ ဒါတွေကို မသိသေး ရင်တော့ မသိနားမလည်တဲ့ သူတွေအတွက် အင်တာနက် သားကောင်အဖြစ်သို့ရောက်သွားစေနိုင်ပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတကာမှာ အစိုးရနဲ့အိုင်တီလုံခြုံရေးအဖွဲ့အစည်းအတွေက အခုလို ပညာပေး အစီအစဉ်တွေကို ကျင်းပပြီး နားလည်လာအောင်၊ အင်တာနက်ပေါ်က ကျရောက်လာမည့်ရန်တွေက ရှောင်ဖယ်နိုင်အောင် အသိပေးရပါတယ်။

စင်ကာပူမှာဆိုရင် အစိုးရကနေပြီး Cyber Security Agency website အောက်မှာ GoSafeOnline ဆိုပြီး https://www.csa.gov.sg/gosafeonline အင်တာနက်ကို လုံခြုံစွာ သုံးနိုင်ဖို့အတွက် ကျောင်းသားအတွက်၊ လူကြီးသူမတွေအတွက်၊ လုပ်ငန်းခွင်အတွက် စသဖြင့် ပညာပေးအနေနဲ့အကြောင်းအရာတွေ ရှင်းပြထား ပါတယ်။ US မှာလည်း ၂၀၀၄ ကနေစပြီး  NCSAM  မှာဟောပြောပွဲ၊ ပြပွဲတွေကျင်းပပြီး ဆိုင်ဘာလုံခြုံရေးနဲ့ ပက်သက်ပြီး အသိပေး ပညာပေးပွဲတွေလုပ်ကြပါတယ်။ https://staysafeonline.org/ncsam/  မှာ အသေးစိတ်ဖတ်ကြည့်နိုင်ပါတယ်။ ဥရောပမှာတော့ ECSM https://cybersecuritymonth.eu ဆိုပြီး လုပ်ကြပါတယ်။

ကျွန်တော်တို့မြန်မာပြည်မှာလည်း အင်တာနက် သုံးစွဲမှုကျယ်ပြန့်လာတာနဲ့အမျှ၊ ကြုံတွေ့လာရမည့် ဆိုင်ဘာ မှုခင်းတွေရဲ့ သားကောင်မဖြစ်ရအောင်၊ ပြဿနာ မဖြစ်အောင် ရှောင်ကျဉ်ရအောင် အစိုးရနဲ့တကွ ကွန်ပြူတာ အသင်းတွေ၊ ဆိုင်ဘာလုံခြုံရေးအဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေအနေနဲ့အသိပေး၊ ပညာပေးပွဲတွေကို အရှိန် အဟုန်မြှင့်ပြီး စတင်လုပ်ဆောင်သင့်နေပြီလို့အကြံပေးလိုပါတယ်။ ဆိုင်ဘာလုံခြုံရေးဟာ လူတိုင်းနဲ့ သက်ဆိုင်လာပြီ ဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတစ်ခုလို မထားသင့်တော့ပဲ၊ ကိုယ့်ပတ်ဝင်းကျင်၊ ကိုယ့်မိသားစုနေစပြီး သိသလောက်၊ တတ်သလောက် ဝေမျှ၊ ပညာပေးရင်း ကူညီကြပါစို့။

We live in a world that is more connected than ever before. The Internet touches almost all aspects of everyone’s daily life, whether we realize it or not. Stop.Think.Connect and go safe, stay safe online.

ကိုဖြိုး

Thursday, 20 October 2016

Cloud Expo Asia သို့နောက်တခေါက်။



ဒီနှစ်တော့ သွားကြည့်ဖြစ်တယ်။ မနှစ်ကတော့ အလုပ်မအားတာနဲ့ မရောက်ဖြစ်ခဲ့ဘူး။ မှတ်မိသလောက်ဆိုရင် ၂၀၁၄ တုန်းက Cloud နဲ့ Data Centre နှစ်ခုပဲပေါင်းလုပ်တယ်ထင်တယ်။ ဒီနှစ်မှာတော့ Cloud Security နဲ့ Smart IOT ဆိုပြီး လေးမျိုးဖြစ်သွားတယ်။ Cloud ဖက်က အရင်တခါကြည့်ထားတော့ အခုတခေါက်မှာ Security Product တွေဖက်ကို အဓိကထားကြည့်ဖြစ်တယ်။ Product တွေကတော့ ထုံးစံအတိုင်း အစုံပါပဲ၊ ဒါပေမဲ့ AWS ကသီးသန့်အခန်းအနေနဲ့ မပါတော့ဘူး။ ကြည့်ရတာ သူ့ကိုယ်ပိုင်ပွဲတွေမှာပဲ အဓိက ပြတော့မယ်နဲ့ တူတယ်။

ရှေ့မျက်နှာစာမှာတော့ IBM HUAWEI DELL/EMC NTT နဲ့ Akamai တို့က နေရာအကြီးတွေယူထားတာတွေ့တယ်။ ကိုယ်ရောက်နေတုန်း Akamai ပြခန်းမှာ သူတို့ရဲ့ CND နဲ့ Cloud အကြောင်းပြောနေတာတွေ့လို့ နားထောင်ဖြစ်သေးတယ်။ သူတို့ရဲ့ Content delivery network service ကိုသုံးပြီး DNS တွေ၊ Web Servers တွေကိုဘယ်လို ကာကွယ်ထားတယ်ဆိုတာတွေ ရှင်းပြသွားတယ်။ Akamai service ကိုမရင်းနှီးသေးတဲ့ သူတွေအဖို့ သူတို့ရဲ့ Website မှာသွားပြီး နဲနဲပါးပါးဖတ်ထားသင့်တယ်လို့ထင်တယ်။ ကြုံတုန်း CDN(Content Delivery Network) အကြောင်းဆက်ပြောကြတာပေါ့။

အခုနောက်ပိုင်း Cloud ခေတ်ဖြစ်လာတော့ CDN ဟာပိုပြီး အရေးပါလာတယ်။ ပြီးတော့ Client တွေဟာ အရင်လို PC Laptop Tablet တွေသာ မကတော့ပဲ Mobile phone နဲ့ IoT devices တွေပါ ပါလာတော့ Content တွေကိုပေးတဲ့အခါမှာ Location တစ်ခုနဲ့တင် မလုံလောက်တော့ပဲ Request လာတဲ့ Client ကဘာလဲ၊ သူနဲ့သင့်တော်တဲ့ Content ကိုပါပေးဖို့လိုအပ်လာတယ်။ အရင်ခေတ်ကတော့ Akamai သုံးရင် အဓိကသုံးချင်တာ Client ရဲ့ နေရာပေါ်မူတည်ပြီး အနီးဆုံးနေရာက Content ကိုပေးဖို့အတွက်ပဲ။

CDN အကြောင်းကို မသိသေးသူတွေအတွက် မြင်သာအောင် Facebook နဲ့ဆက်စပ်ပြီးပြောကြတာပေါ့။ Facebook ရဲ့ Servers ဟာနေရာတခုတည်းမှာ ရှိတာမဟုတ်ပဲ ကမ္ဘာအနှံမှာရှိပါတယ်။ အသုံးပြုတဲ့သူက ဘယ်ကအသုံးပြုတာလည်းဆိုတဲ့ အပေါ်မူတည်ပြီး ဘယ် နေရာ၊ Data Centre က Server တွေကနေ Content ကိုချပေးမယ်ဆိုပြီး ဆုံးဖြတ်တာပါ။ ဒီတော့ မြန်မာပြည်ကနေ www.facebook.com ကို PING ကြည့်ရင် ရလာမဲ့ IP address နဲ့ US ကနေ PING ကြည့်ရင် မြင်ရမဲ့ IP က မတူပါဘူး။ ကိုယ့်စက်ကနေ PING ကြည့်၊ ပြီးရင် Online tools တွေက PING တို့၊ Nslookup တို့လုပ်ကြည့်ပေါ့။ ဥပမာ http://centralops.net/co/nslookup.aspx

နောက်တခုက ကိုယ်သုံးတဲ့ Client က PC browser လား၊ iOS devices တွေလား၊ Android Apps လား စသဖြင့် Client ရဲ့ အပေါ်မူတည်ပြီး Facebook Content ကို မြင်ရတာခြင်းမတူပါဘူး။ ပြီးတော့ Video Content တွေမှာဆိုရင် Client Network Speed နဲ့ Latency ကို တွက်ဆပြီး ဘယ်လောက် အရည်အသွေးရှိတဲ့ Video Quality မျိုးကိုသာ အဆင်ပြေအောင် ချပေးပါတယ်။ ဒါကြောင့် တခါတလေမှာ Video တွေကြည့်ရင် ထစ်နေတာမျိုးမရှိပဲ အရုပ်တွေသာ ဝါးသွားတာမျိုး တွေ့ရလေ့ရှိပါတယ်။ တခြားနာမည်ကြီး Online Streaming ဖြစ်တဲ့ Netflix တို့လည်း ဒီလိုပါပဲ။ တခါတလေ Network speed မကောင်းရင် HD Quality ကြည့်လို့မရပါဘူး။ အဓိက ကတော့ Client ရဲ့ အနီးဆုံး Edge ကနေပြီး Client နဲ့ အသင့်တော်ဆုံး Content ကိုပေးတဲ့ လုပ်ဆောင်မှုပါ။ ဒီလောက်ဆို CDN အကြောင်း အပေါ်ယံလောက် သိလောက်ပါပြီ။

Cloud နဲ့ပက်သက်လို့ကတော့ Product အတော်များများကပေးတဲ့ Services တွေကတော့ သိပ်မကွာပါဘူး။ DC ပိုင်းအားသာတဲ့သူတွေက DC service ကိုဦးစားပေးပြောကြပြီး Carrier တွေ၊ Operator တွေကတော့ Connectivity နဲ့တွဲကြော်ငြာကြတာပဲ။ DC ဖက်မှာတော့ ၂၀၁၄ ကလာပြသွားတဲ့ IO ကိုပိုသဘောကြတယ်။ ဒီနှစ်မှာ သူ့လိုမျိုး Mobile DC/ Modular DC product တစ်ခုလာပြတာ သတိထားမိတယ်။ Container နောက်တွဲပေါ်မှာ တင်ပြီး Mini DC လုပ်ထားတာ။ ဒါကတော့ အရင်မြန်မာပြည်မှာနေကတည်းက မန္တလေးမှာ သုံးခဲ့တာဆိုတော့ သိပ်တော့ မဆန်းပါဘူး။ ဘာပဲပြောပြော အခုလိုပွဲတွေသွားကြည့်ရတာ နည်းပညာ အသစ်အဆန်းလေးတွေ၊ Product အသစ်တွေကိုပါ လေ့လာခွင့်ရတော့ သွားရတာအကျိုးရှိပါတယ်။




ကိုဖြိုး


Thursday, 15 September 2016

စင်္ကာပူ နဲ့သက်ဆိုင်သောမေးခွန်းများ။



ကျွန်တော့်ရဲ့စကားဝိုင်း အမေးအဖြေတွေအထဲက အများစိတ်ပါဝင်စားကြတဲ့ အကြောင်းအရာ တခုပါ။ အဲဒီမေးခွန်းတွေ မဖြေခင်မှာ SG MOM (Ministry of Manpower) ကတရားဝင်ထုတ်ပြန်ထားတဲ့ ဗီဒီယိုလေးကို အရင်ဖွင့်ပြခဲ့ပါတယ်။ အဓိက ပြချင်တာကတော့ ကျွန်တော်တို့ အိုင်တီသမားတွေနဲ့ သက်ဆိုင်တဲ့ EP နဲ့ SPass အကြောင်းကို သိစေချင်လို့ပါ။

အိုင်တီသမားတွေကို Work Permit နဲ့ အလုပ်ခန့်ထားလို့ မရပါဘူး။ အနဲဆုံး SPass အနေနဲ့သာ ခန့်ထားလို့ရပါတယ်။ SPass လျောက်ဖို့အတွက် အနဲ့ဆုံးလစာ ကန့်သတ်ချက်က SGD 2,200 ပါ။ ဒီတော့ စင်္ကာပူမှာ အိုင်တီနဲ့ အလုပ်ရမယ်၊ SPass ရမယ်ဆိုရင် မိမိရဲ့လစာ အနဲဆုံး 2200 ရပီလို့ဆိုနိင်ပါတယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်နဲ့ ပွဲစားတွေက အပြည့်မပေးပဲ နားလည်မှုနဲ့လျော့ယူရတဲ့ ကိစ္စမျိုးတွေ ကြးဖူးပါတယ်။ SPass ရအောင်သာ MOM ကို 2200 နဲ့တင်ပြီး ဝန်ထမ်းကို လျော့ပေးပါတယ်။ တကယ်တော့ တရားမဝင်ပါဘူး။ ခက်တာက အခုမှရောက်ပြီး အလုပ်ရှာရသူတယောက်အဖို့ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် Pass ရရှိရေးက အရေးကြီးတာကြောင့် မျက်စိမှိတ်ပြီး လုပ်ခဲ့ရတဲ့သူတွေရှိပါတယ်။ SPass ကို ခေါ်ဆိုနိုင်ဖို့ သူတို့ရဲကုမ္ဗဏီမှာ နိုင်ငံသား/ပီအာ အရေအတွက်နဲ့ နိုင်ငံခြားသား ခန့်ထားနိုင်မှု သတ်မှတ်ချက် (ကိုတာ/quota) လိုအပ်ပါတယ်။ ဒါကြောင့် တချို့ကုမ္ဗဏီ အသေးတွေဟာ အေးဂျင့် (Agent) က တဆင့်သာ ခန့်ထားနိုင်ကြပါတယ်။

နောက်တခုကတော့ EP ပါ။ အခုမှအလုပ်လာရှာစ လူငယ်တွေအဖို့ ရဖို့ခက်ပါတယ်။ အနိမ့်ဆုံးလစာ 3,300 ရဖို့ လိုအပ်သလို လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း၊ စတဲ့ လိုအပ်ချက်တွေ ပြည့်စုံမှသာ ရရှိနိုင်ပါတယ်။ ကိုယ်ရနိုင် မရနိုင်ကို SAT ခေါ် (Self-Assessment Tool) နဲ့ အရင်ဖြည့်ကြည့်နိုင်ပါတယ်။ SPass အတွက်လဲရှိပါတယ်၊ ဒါပေမဲ့ Quota ရှိနေတဲ့အတွက် ကိုယ့်ဖက်က ပြည့်စုံနေတာတောင် မသေချာလို့ပါ။ EP အတွက်တော့ (ကိုတာ/quota) မလိုသလို၊ တခြားခံစားခွင့်တွေလည်း ပိုရပါတယ်။ အများအားဖြင့် ဒုတိယ အလုပ်ပြောင်းတဲ့အချိန်မှသာ EP ရကြလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီ အဆင့်လို အလုပ်မျိုးတွေမှာ စင်္ကာပူ နိုင်ငံသားများနဲ့ တခြားနိုင်ငံများမှ အတွေ့အကြုံရှိတဲ့ ပညာရှင်များ ပါဝင်ကြတဲ့အတွက် အလုပ်အတွက် ပြိုင်ဆိုင်မှု ပိုများပါတယ်။ EP နဲ့ SPass အပြင် PEP ကဲ့သို့တခြား အလုပ်လုပ်ခွင့်များ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသား ပညာရှင်အများစုက EP နဲ့ SPass သာ ရရှိမှုများတဲ့အတွက် ကျန်တာတွေ မပြောတော့ပါဘူး။

ကုမ္ဗဏီတွေအနေနဲ့ အလုပ်ခေါ်ရာမှာ စင်္ကာပူ နိုင်ငံသားများကို ဦးစားပေးရွေးချယ်ဖို့ အစိုးရအနေနဲ့ ညွှန်ကြားချက်ပေးထားပါတယ်။ အရင်က အလုပ်ခေါ်ရာမှာ အလုပ်ရှင်တွေအနေနဲ့ကိုယ်ကြိုက်နှစ်သက်သလို ကြော်ငြာ၊ ကြိုက်သလို ရွေးချယ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့တနှစ်လောက်က စပြီး အစိုးရရဲ့ ညွှန်ကြားချက်အရ PR/စင်္ကာပူနိုင်ငံသားများအတွက်သီးသန့် တည်ထောင်ပေးထားတဲ့ Website မှာ အရင်ကြော်ငြာရပါတယ်။ သုံးပတ်လောက်နေပီး လျှောက်ထားမဲ့သူ မရှိမှသာ နိုင်ငံခြားသားများကို ခေါ်ဆိုခွင့်ရှိပါတယ်။ ဒီအတွက်ကြောင့် အရင်ကထက်စာရင် ပိုပီးခက်ခဲသွားတာကို တွေ့ရပါတယ်။ အလုပ်ရှင်တွေ အနေနဲ့လည်း နိုင်ငံခြားသားကို ဈေးချိုချိုနဲ့ ခန့်ချင်ရင်တောင် တန်းခန့်လို့ မရတော့ပါဘူး။

၂၀၁၄ အကုန်လောက်ကစပြီး ကျဆင်းလာတဲ့ နိုင်ငံတကာရဲ့ စီးပွားရေးဟာလည်း စင်္ကာပူမှာရှိတဲ့ ပညာရှင်များ ၊ ဝန်ထမ်းများကို တိုက်ရိုက်ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ အလုပ်အတော်များများမှာ ဝန်ထမ်းလျှော့ချရေးအစီအစဉ်တွေဆွဲပြီး ဝန်ထမ်းတွေကို အလုပ်မှ ရပ်ဆဲကြပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ မြန်မာပညာရှင် အိုင်တီသမားတွေလည်း ပါခဲ့ပါတယ်။ EP/SPass သမားတွေသာမက PR တွေလည်းပါပါတယ်။ တချို့တလေလည်း အလုပ်ပြန်ရှာရတဲ့ အခက်အခဲကြောင့် Pass ကုန်တဲ့အချိန်မှာ ပြန်သွားရတဲ့ သူတွေရှိပါတယ်။ အခု ၂၀၁၆ နှစ်လည်ပိုင်းအထိ တွေ့နေရဆဲပါ။ ပိုမိုကောင်းမွန်လာဖို့ အရိပ်အယောင်ကလည်း နဲသေးတာမို့ အခုမှ စပြီးအလုပ်လာရှာမဲ့ သူတွေအတွက် အခက်တွေ့စေနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လိုအပ်တဲ့နေရာမှ ခေါ်နေဆဲအလုပ်တွေကတော့ ရှိပါတယ်။ ဒါလက်ရှိ စင်္ကာပူ အခြေအနေပါ။

နောက်ထပ်မေးခွန်းထဲက တခုကတော့ မြန်မာအများစုရှိတဲ့ ကုမ္ဗဏီမှာလုပ်ရင် အဆင်ပြေနိုင်ပါသလား၊ မြန်မာအများစုလုပ်ကိုင်နေတဲ့ နေရာတွေကို သိချင်ပါတယ်မေးခွန်းပါ။ တကယ်တော့ အပြင်ထွက်လာပြီဆိုရင် ကိုယ်အဓိကထားရမဲ့ ဘာသာစကားဟာ အင်္ဂလိပ်စာပါ၊ အင်္ဂလိပ်လို ပြောတတ် ဖတ်တတ် ရေးတတ် ပေါင်းသင်းဆက်ဆံတတ်ရင် မြန်မာရှိရှိမရှိရှိ အဆင်ပြေမှာပါ။ ကိုယ့်မြန်မာအချင်းချင်းဆို ပိုပြီးအကူအညီရနိုင်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါကို မျှော်ပြီး အားကိုးချင်တဲ့စိတ်ကို ဖျောက်ပစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်တက်လမ်း ကိုယ့်မိသားစုအတွက် ကိုယ့်နိုင်ငံကတောင် အရဲစွန့်ပြီး ထွက်လာခဲ့ပြီပဲ။ ကိုယ့်အနေနဲ့ ပြောတတ်ဆိုတတ်ပြီး ကိုယ်ယူရတဲ့ တာဝန်ကို ကျေအောင်လုပ်နိုင်ရင် ရပါပြီ။ မြန်မာ အိုင်တီပညာရှင် အများစုကတော့ SI လို့ခေါ်တဲ့ System Integrators တွေမှာ အရများပါတယ်။ အဲ့ဒီ SI တွေက လူများများခန့်လေ့ရှိပြီး စွယ်စုံရတဲ့ မြန်မာလူငယ်အများစုကို သဘောကျကြပါတယ်။ အင်္ဂလိပ်စကားပြောသာတဲ့ ဖိလစ်ပိုင်တွေကတော့ Call Center တွေ၊ ISP တွေရဲ့ Level 1 NOC ဒါမှမဟုတ် Customer service လိုနေရာမျိုးတွေမှာ တွေ့ရများပါတယ်။

အခုလောက်ဆို လက်ရှိစင်္ကာပူရဲ့ အခြေအနေနဲ့ အလုပ်နဲ့နေထိုင်ခွင့်လျှောက်ထားမှုကိစ္စတွေအတွက် ခန့်မှန်းလို့ရလောက်ပြီလို့ ယူဆပါတယ်။ အသေးစိတ်ထပ်သိချင်ရင်တော့ www.mom.gov.sg မှာ လေ့လာကြည့်ပါ။

SAT
http://www.mom.gov.sg/eservices/services/employment-s-pass-self-assessment-tool

Video- Guide to Singapore's work pass
http://www.mom.gov.sg/passes-and-permits
https://www.youtube.com/embed/jO-6hPoOk4k?rel=0


ကိုဖြိုး

Sunday, 21 August 2016

CCENT/CCNA ICND1



CCNA ဖြေဆိုရန်အတွက် Accelerated exam ဖြစ်တဲ့ CCNA V3.0 ကိုတိုက်ရိုက်ဖြေဆိုလို့ရသလို ICND exam အတွဲနှစ်ခုကို ပေါင်းစပ်ပီးလည်း ဖြေဆိုလို့ရပါတယ်။ အဲဒီ နှစ်ခုကနေ ICND1 ဖြစ်တဲ့ CCNET exam အကြောင်းကိုလေ့လာကြည့်ရအောင်။

CCENT ဆိုတာကတော့ Cisco Certified Entry Networking Technician ကိုပြောတာဖြစ်ပီး CCNA အောက်တဆင့် Entry Level စာမေးပွဲတစ်ခုပါ။ CCNA ကိုတိုက်ရိုက်လေ့လာဖို့အတွက် အခက်အခဲရှိ တဲ့သူတွေ၊ Networking ဖက်ကို အသက်မွေးဝမ်းကြောင်း အနေနဲ့စတင်ပြောင်းလဲချင်သူတွေ အတွက် ဖြေးဖြေးမှန်မှန်နဲ့ အခြေခံတွေရရှိနိင်ဖို့အတွက် သွားနိုင်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ CCENT ပီးထားခြင်းအတွက် CCNA ဖြစ်ဖို့ ၅၀% လောက်ပီးမြောက်သွားပီလို့လဲဆိုနိုင်ပါတယ်။ CCNA တိုက်ရိုက် တန်းဖြေလို့ရရဲ့သားနဲ့ ဘာကြောင့်တန်းမဖြေလည်းဆိုတာကလည်း မေးစရာပါ။ ရွေးချယ်ရာမှာ ကိုယ့်ရဲ့ အခြေခံနားလည်နိုင်မှု၊ လေ့လာနိုင်မှု၊ အချိန်ပေးနိုင်မှုတွေနဲ့ သက်ဆိုင်သလို တခြား Specialist Exam တွေဖြစ်တဲ့ CCNA Security, CCNA Wireless, CCDA စတဲ့ စာမေးပွဲတွေကို ဖြေဆိုနိုင်ဖို့အတွက် CCNA ဖြစ်စရာမလိုပဲ CCENT ဖြစ်ရုံနဲ့တင် ဆက်လက်ဖြေဆိုလို့ရတာကလည်း CCENT ရွေးချယ်မှုအတွက် အကြောင်းအရာတခုဖြစ်ပါလိမ့်မယ်။

အခုလက်ရှိ CCENT version ကတော့ 100-105 ICND1 V3.0 ပါ။ မေးခွန်းအရေအတွက် ၄၅-၅၅ ရှိတဲ့ မိနစ် ၉၀ ကြာစာမေးပွဲကို ဖြေရမှာဖြစ်ပါတယ်။ CCNA နဲ့ယှဉ်ရင်တော့ မေးခွန်းအနဲငယ်သာ လျော့နဲပါတယ်။ ICND1 မှာပါဝင်တဲ့ အကြောင်းအရာတွေကို အခုနောက်ဆုံးထွက်တဲ့ Wendell Odom ရဲ့ Official Cert Guide ကိုလေ့လာကြည့်ကြတာပေါ့။ အဓိက အခန်းကြီးအနေနဲ့ စုစုပေါင်း ၁၁ ခုပါဝင်ပါတယ် ဒါပေမယ့် နောက်ဆုံးနှစ်ခုက Review နဲ့ Appendixes ဖြစ်တဲ့အတွက် ပထမ ၉ ခန်းကိုသာ အဓိက လေ့လာရမှာ ဖြစ်ပါတယ်။

Part I: Networking Fundamentals
Part II: Implementing Basic Ethernet LANs
Part III: Ethernet LANs: Design, VLANs, and Troubleshooting
Part IV: IP Version 4 Addressing and Subnetting
Part V: Implementing IPv4
Part VI: IPv4 Design and Troubleshooting
Part VII: IPv4 Services: ACLs and NAT
Part VIII: IP Version 6
Part IX: Network Device Management

Networking ကိုလုံးဝမသိသေးသူအတွက် အခြေခံတွေကို အဓိကအလေးပေးထားပီး နဲနဲပိုပြီးခက်ခဲနိုင်တဲ့ Dynamic Routing တို့လိုအကြောင်းအရာတွေကိုထည့်မထားပါဘူး။ ဒါပေမယ့် CCENT ပီးထားတဲ့ သူတယောက်အတွက် Technician Level အလုပ်လုပ်နိုင်အောင်တော့ တကယ်အသုံးတည့်မဲ့ အခြေခံတွေကို အသေးစိတ်ထည့်ထားတာတော့ သူရဲ့တန်ဖိုးကိုမြင့်တက်စေပါတယ်။ ဒါကြောင့်လည်း တချို့က CCNA ကိုတန်းမဖြေပဲ ICND1 ICND2 လမ်းကြောင်းကို ရွေးချယ်ကြတာပါ။ ကျွန်တော့ကို အကြံတောင်းရင်တော့ အချိန်ပေးနိုင်တယ်၊ ပိုက်ဆံအနည်းငယ်ပိုအကုန်ခံနိုင်တယ်ဆိုရင် ရွေးချယ်မယ်ဆိုရင် ရွေးလို့သင့်တဲ့ လမ်းကြောင်းပါ။ လက်မှတ် အနေနဲ့ကတော့ CCNA လောက် အသုံးဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် CCNA ကိုမေးခွန်းတွေကျက်ပီးဖြေတာထက်စာရင် ICND တွေကို အချိန်ပေးပီး ပေါ့ပေါ့ပါးပါးနဲ့ သေချာဖတ်၊ လေ့လာ၊လေ့ကျင့် ဖြေဆိုခဲ့မယ်ဆိုရင် အလုပ်ထဲရောက်တဲ့အချိန်ကြရင် ကိုယ့်ကိုအကျိုးပြုလာပါလိမ့်မယ်။ CCNA ကိုသေချာလုပ်မယ်ဆိုရင်လည်း ICND1/2 ပေါင်းလောက်အချိန်ပေးရမှပါပဲ ဒါပေမဲ့ စာမေးပွဲအတွက် လေ့လာရတဲ့ ခေါင်းစဉ်တွေကတော့ နဲ့သွားတာပေါ့။ ICND1/ICND2 ကိုလေ့လာပီး CCNA ကိုတိုက်ရိုက် ဖြေကြတဲ့သူတွေလည်းရှိပါတယ်။ နောက်အချိန်ရရင် CCENT မှာပါဝင်တဲ့ အကြောင်းအရာကို ထပ်ပီးရေးပေးပါမယ်။

ကိုဖြိုး

Friday, 22 July 2016

မေးခွန်းများစွာနဲ့ CCIE

CBT Nuggets Blog မှာ Certificates တွေရဲ့ခက်ခဲမှု့အဆင့်ကို ဖော်ပြထားတဲ့ ပို့စ်တခုမှာ CCIE ကို အခက်အခဲဆုံးဆိုပြီးဖော်ပြထားတာ ဖတ်ရပါတယ်။ ဒါနဲ့ပက်သက်ပီးကျွန်တော့ အမြင်နဲ့ အတွေ့အကြုံကို ပြောပြလိုပါတယ်။ ကျွန်တော့်ကိုလာမေးထားတဲ့ မေးခွန်းတွေလည်းဖြေပီးသားဖြစ်သွားတာပေါ့။

ကျွန်တော်ဖြေဘူးသမျှ IT certification exam တွေအထဲမှာ CCIE ဖြေခဲ့ရတာ အခက်ခဲဆုံးပါ။ ကျွန်တော်ဒီလက်မှတ်ကို လက်ရှိကိုင်ထားလို့ လူအထင်ကြီးအောင်ပြောတာမဟုတ်ပါ။ မကြာသေးခင်ကပဲ CBT ရဲ့စာရင်းမှာပါတဲ့ CISSP ကိုလဲဖြေခဲ့ပီးပါပြီ။ ဘယ်ဟာပိုခက်လဲဆိုရင် CCIE လို့ပြောရမှာပါ။ ဒီလိုပြောလို့ CISSP ကိုလွယ်တယ်လို့ပြောတာမဟုတ်ပါ။ ဒါပေမယ့် ဖြေဆိုရတဲ့ပုံစံက မတူတဲ့အတွက် Apple to Apple သွားချိန်ကြည့်လို့မရပါဘူး။ CISSP က အတွေ့အကြုံကို အခြေခံပီး ကိုယ်ဘယ်လောက်သိသလဲဆိုတဲ့ပုံစံမျိုးမေးတာဖြစ်ပီး၊ မေးခွန်းဖတ် အဖြေ ရွေး ၊ ကလစ်နှိပ်ပုံစံနဲ့ ဖြေရတဲ့ MCQ exam ပါ။ CCIE ကတော့ လက်တွေ့ကိုအဓိကထားတဲ့ပုံစံပါ။ နည်းပညာနဲ့ပက်သက်ပြီး ဘယ်လောက်သိသလဲဆိုတာကို လက်တွေ့နဲ့ အချိန်ကန့်သတ်ပီး မေးတဲ့ပုံစံပါ။ နှစ်ခုစလုံးဟာ ဖြေရတာခက်ခဲပေမယ့် လက်တွေ့ပါတဲ့၊ အချိန် ၂ နာရီပိုကြာတဲ့ CCIE က ပိုခက်ပါတယ်။ ဒီလက်မှတ်နှစ်ခုရဲ့ အဓိကရည်ရွယ်ချက်ကလည်း မတူပါဘူး။ CCIE တွေကို လက်တွေ့မှာတကယ်ကျွမ်းကျင်တဲ့ Expert တယောက်ဖြစ်အောင်မေးထားတဲ့ပုံစံဖြစ်တဲ့အတွက် CCIE လို့ဆိုလိုက်တာနဲ့ ဒီလူဟာ သူနဲ့သက်ဆိုင်တဲ့အပိုင်းမှာ လက်တွေ့လုပ်နိုင်တဲ့သူလို့ ဆိုလို့ရပါတယ်။ CISSP ကျတော့ စီမံခန့်ခွဲဖို့၊ အကြံဉာဏ်ပေးဖို့၊ ပူပေါင်းလုပ်ဆောင်ဖို့အတွက် ရည်ရွယ်ထားပုံရပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် အိုင်တီနဲ့ပက်သက်တဲ့ကိစ္စအားလုံးအပြင် တခြားလုံခြုံရေးဆိုင်ရာကိစ္စများအထိဘက်ပေါင်းစုံပါဝင်ပီး ကျယ်ပြန့်ပါတယ်။

ဒါပေမဲ့ နှစ်ခုစလုံးဟာ သူတို့လိုချင်တဲ့ ပုံစံကို မတူညီတဲ့နည်းနဲ့ စာမေးပွဲကို ခက်အောင်လုပ်ထားပါတယ်။ CISSP ဆိုရင် မေးခွန်းပေါင်းများစွာနဲ့ အင်္ဂလိပ်စာကို လှည့်ပတ်ပီး မေးထားသလို CCIE ဆိုရင်လည်း အချိန်အကန့်အသတ်နဲ့ ကျဉ်းမြောင်းတဲ့ ဘောင်ထဲကနေ မရ ရအောင်လုပ်ခိုင်းပါတယ်။ CCIE ကို ၈ နာရီအစား ၃ ရက်နဲ့အပီးဖြေဆိုရင် အတွေ့အကြုံရှိတဲ့ Network သမားတိုင်း ဝင်ဖြေလို့ရနိုင်ပါတယ်။ Open book ပါ။ ဒါပေမဲ့ Expert လို့ဆိုထားတဲ့အတွက် သူများ ၃ ရက်နဲ့လုပ်ရမဲ့ကိစ္စကို ကိုယ်က ၈ နာရီနဲ့ပီးအောင်လုပ်နိုင်တယ်လို့လဲ ယူဆလို့ရပါတယ်။
အငြင်းပွားဖွယ်ကိစ္စကတော့ ဒီလက်မှတ်တွေရဲ့တန်ဖိုးပါ။ တကမ႓ာလုံးမှာလည်း အမြဲငြင်းနေကြတာပါပဲ။ ဒီဂရီနဲ့ ဘယ်ဟာပိုအသုံးဝင်လဲ၊ ဘယ်လက်မှတ်က ပိုပြီး အသိမှတ်ပြုလဲ၊ လစာဘယ်လောက်ရလဲ စသဖြင့်ပေါ့။ ဒီနေရာ ကျွန်တော့အမြင်ကတော့ ဒါတွေကို ခွဲခြားပြီး မြင်စေချင်ပါတယ်။ NDA ကိုချိုးဖေါက်ပီး သင်ကြားပေးတဲ့ သင်တန်းအများစုကြောင့် (အထူးသဖြင့် India/ China) အဲဒီဖက်တွေကနေ CCIE တွေ အမြောက်အများထွက်ပေါ်လာပီး CCIE ဟာလုံးဝဥဿုံ ယုံကြည်ရတဲ့ အဆင့်မဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။ အဲဒီဖက်က CCIE တချို့ကို အလုပ်လုပ်ရင်း တွေ့ကြုံခဲ့ဖူးပါတယ်။ တချို့က တကယ်တော်ပီး တချို့ကတော့ ထိုသင်တန်းများကို တက်ပီးရထားတဲ့ စာရွက်သမားတွေပါ။ ဒါကြောင့်လဲ အခုနောက်ပိုင်းမှာ CCIE ဈေးကွက်ကျလာပီး လစာတွေလဲ နဲလာပါတယ်။ ဒါပေမဲ့ အဲဒါတွေကြောင့် CCIE ဟာ စာရွက်တခု၊ မခက်ပါဘူးလို့ဆိုရင်တော့ မှားပါတယ်။ CCIE စာမေးပွဲအနေနဲ့ကတော့ ခက်မြဲခက်ဆဲပါ။ ကိုယ်ဘယ်လိုလူလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ရအောင်ယူမှာလဲ၊ အဓိကလိုချင်တဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာတွေနဲ့ တိုင်းတာရမှာပါ။ အဲဒီသူတွေကြောင့် Brian တို့၊ Jeremy တို့၊ Scot Morris တို့၊ Wendell Odom တို့ရဲ့ CCIE အရှိန်အဝါဟာ ကျမသွားပါဘူး။ ဒီဂရီဘက်မှာလည်း အောင်မှတ်လောက်နဲ့အောင်လာတဲ့သူတွေ၊ သူများကို ပိုက်ဆံပေးပီး စာတမ်းတင်ဖို့ရေးခိုင်းပီး ဘွဲ့ယူလာသူတွေလဲ ဒုနဲ့ဒေးပါ။ ကျက်ဖြေယုံမဟုတ်ပဲ တကယ်တော်ပြီးကိုယ်တိုင် သုတေသနပြု၊ ထိုက်ထိုက်တန်တန်ယူလာခဲ့သူတွေလည်း အများကြီးပါ။

နောက်တခုကလစာပါ။ ကျွန်တော့ကို လာမေးကြတဲ့မေးခွန်းတွေထဲက အများဆုံးတစ်ခုပါ။ CCNA ရပီးရင် လစာဘယ်လောက်ရမလဲ၊ CCIE ဆိုရင်ဘယ်လောက်ရလဲ ဆိုတာပါ။  ဒီနေရာမှာ နားလည်ထားရမှာက လက်မှတ်တွေဟာ လစာနဲ့တိုက်ရိုက်အချိုးချထားတဲ့ ညီမျှခြင်းမရှိပါဘူး။ ကိုယ်ဘယ်ရောက်နေလဲ၊ ဘယ်အဖွဲ့အစည်းမှာလဲ၊ အတွေ့အကြုံဘယ်လောက်ရှိလဲ၊ တခြား Soft Skill လို့ဆိုတဲ့ ဘယ်လောက်အလုပ်လုပ်တတ်လဲဆိုတဲ့ကိစ္စတွေပါဝင်ပါတယ်။ CCIE ရထားပေမယ့် တခြား Skill တွေမရှိဘူး၊ ကိုယ်ရဲ့အဖွဲ့အစည်းက အဖွဲ့အစည်းအကြီးကြီး မဟုတ်ဘူး၊ ကိုယ့်ရာထူးက အပေါ်ပိုင်းဖက်မှာ မရှိဘူး၊ ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ (Key Player) အဓိကအားထားရတဲ့သူတွေထဲမှာမပါဘူး၊ စတဲ့ အရာတွေမကိုက်ညီဘူးဆိုရင် CCIE လစာလို့ပြောတဲ့ လစာကို မရပါဘူး။ အခု CCIE ပြီးလို့ နောက်တပတ်မှာ ကိုယ့်ကို လစာ အများကြိးတိုးပေးတဲ့ အဖွဲ့အစည်း၊ ဒေါ်လာ ၅၀၀၀-၆၀၀၀ ချက်ချင်းလာပေးတဲ့ အဖွဲ့အစည်းမရှိပါဘူး။ ရှိရင်လည်း အတော်ရှားပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်လုပ်နေတဲ့ အဖွဲ့အစည်းမှာ အဲဒီလောက်ကို သွားနိုင်တဲ့လမ်းကြောင်းရှိမယ်၊ အခွင့်အရေးရှိမဲ့ နေရာတခုအတွက် ယှဉ်လုရတော့မဲ့ အချိန်မျိုးမှာ CCNA သမားကိုရွေးမလား CCIE သမားကိုရွေးမလားဆိုခဲ့ရင် တော့ ခက်ခက်ခဲခဲရွေးဖို့မလိုပါဘူး။ ကျွန်တော့်တို့ အခြင်းခြင်းစနောက်ရင်းပြောတဲ့ နံပါတ်နဲ့လူ ပါ။

အဲဒီတော့ CCIE ကို လစာတခုထဲသာကြည့်ပီးလုပ်မယ်ဆိုရင်တော့ CCIE ရလာတဲ့အခါ ကိုယ်အရင်အိပ်မက်မက်ခဲ့သလို လေး၊ ငါး၊ ခြောက်ထောင်ရမလာတဲ့အခါ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ CCIE exam ကတော့ ခက်မြဲခက်နေဆဲပါ CCIE လစာလို့ခေါ်တဲ့ ဒေါ်လာ ဂဏန်းငါးလုံးလစာရနေတဲ့သူတွေလည်းရှိနေဆဲပါ။ အင်တာနက်မှာ Salary Survey တွေ ရှာကြည့်ရင်လဲ တွေ့နေရမှာပါ။ ဒါတွေက အချက်အလက်ပေါင်းစုံကို အခြေခံပီး ပြုစုထားတာတွေဖြစ်တဲ့အတွက် ဒါတွေကိုမှားတယ်လို့ပြောလို့မရပါဘူး။
နောက်ထပ်မေးခွန်းအနေနဲ့မေးမယ်ဆိုရင်တော့ CCIE ဟာ လက်တွေ့လုပ်ငန်းခွင်မှာ တကယ်ကော လိုအပ်သေးရဲ့လား၊ အရေးပါသေးရဲ့လားဆိုတဲ့မေးခွန်းပါ။ မြင်သာအောင် ရီစရာအနေနဲ့ပြောရမယ်ဆိုရင်တော့ ရုပ်ရှင်မင်းသားတွေလိုပါပဲ။ ရုပ်ရှင်မင်းသားတွေငယ်စဉ်၊ နာမည်ကြီးစဉ် အားပေးတဲ့ပရိသတ်တွေများပေမယ့်၊ နာမည်ကျလာပီ၊ အသက်ကြီးလာပီဆိုရင်တော့ အရင်လောက် အားပေးမှုရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြင်မှာ၊ လူကြားထဲမှာ သွားလာတဲ့အခါ ကိုယ့်ကို မင်းသားကြီးအဖြစ်နဲ့ အသိမှတ်ပြုနေကြတာပါပဲ။ တခြားလူတွေထက်တော့ ထူခြားပြီး မြင်သာနေဆဲပါပဲ။ ဒီလိုပါပဲ CCIE ဈေးကွက်ကျလာပေမဲ့ ကိုယ့်အဖွဲ့အစည်းထဲမှာ CCIE လို့ဆိုလိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့လေးစားမှု၊ အထက်အရာရှိရဲ့ယုံကြည်မှုတွေ ရနေသေးသလို HR တွေရဲ့ မတန်တဆ ဈေးနှိမ်မဲ့အရေးကလည်း ကင်းဝေးနေဆဲပါပဲ။ ဒါ MNC လို့ခေါ်ကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ကိုယ်တိုင်တွေ့ကြုံခဲ့ဘူးတဲ့ အတွေ့အကြုံပါ။

ဒီတော့ ကိုယ်ဘယ်လို CCIE လဲ၊ ဘယ်လိုပြင်ဆင်လာခဲ့လဲဆိုတာက အဓိကကျပါတယ်။ လက်မှတ်ရရင်ပီးရောဆိုပီး ကြားဖြတ်နည်းလမ်းတွေနဲ့ယူခဲ့တဲ့သူအဖို့တော့ CCIE ဟာ လွယ်ကူတဲ့ပြောလို့ရပေမဲ့ သေသေချာချာလေ့လာလိုက်စားပီး CCIE တယောက်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းပြည့် CCIE တွေအတွက်တော့ ခက်ခဲပင်ပန်းတဲ့ လက်မှတ်တစ်ခုလို့ ယူဆလို့ရပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တိုင်ကြိုးစားပြီး ဖြေကြည့်၊ ရအောင်ယူ၊ ပီးမှဆုံးဖြတ်ပါ။ အဲဒီနေရာမှာလည်း ဘာကြောင့်ဖြေမယ်ဆိုတာကို အရင်ဆုံးဦးတည်ချက်ထားပါ။ လခတိုးဖို့အတွက်၊ ပိုက်ဆံများများရဖို့အတွက်တခုတည်းဆိုရင်တော့ CCIE ရခဲ့ပီးရင်တာင် ကိုယ့်ကိုကိုယ် ကျေနပ်မိမယ်လို့မထင်ပါဘူး။ ဒါပေမဲ့သေချာတာတခုကတော့ စင်ကာပူမှာ CCNA/CCNP  နဲ့ အလုပ်ရှာရခက်ပီး တလ$3000-4000 လောက်ရဖို့မသေခြာချိန်မှာ CCIE ရထားရင် အလုပ်ရဖို့လွယ်ကူပီး အဲလောက်ကတော့ အသာလေးရပါတယ်။ CCIE ရထားပီး အလုပ်ရှာမရဘူး၊ အနဲဆုံး $3000 လာက် မှမရနိုင်ဘူးဆိုရင် အဲဒီအပြာရောင်ကျောက်ပြားကို ကိုယ်နေတဲ့တိုက် အပေါ်ဆုံးထပ်ကနေတက်ပီး အောက်သာလွှတ်ချလိုက်ပါ။ ဆိုလိုချင်တာကတော့ CCIE လက်မှတ်ကိုင်ထားရင် အလုပ်ရဖို့အခွင့်အလမ်းပိုကောင်းသလို အနဲဆုံးလစာကိုပါ သတ်မှတ်ပေးထားသလို ဖြစ်စေပါတယ်။ အများဆုံးဘယ်လောက်ရနိုင်သလဲဆိုတာ အရင်ကပို့စ်အဟောင်းမှာ ဖတ်ကြည့်ပါ။

Payscale က လုပ်ထားတဲ့ စင်ကာပူက CCIE Salary Survey ပါ။ ရာထူး၊ အတွေ့အကြုံ ပေါ်မူတည်ပီး လစာခြားနားမှုကို ကြည့်နိုင်ပါတယ်။ ဒီလောက်ဆို CCIE အငြင်းပွားဖွယ်မေးခွန်းတွေထဲက တချို့ကိုဖြေပီးပီလို ယူဆပါတယ်။




ကိုဖြိုး

Sunday, 17 July 2016

CISSP - Certified Information Systems Security Professional မိတ်ဆက်


CISSP ဆိုတာဘာလဲ၊ ဘာကြောင့် CISSP တွေလိုအပ်နေလဲ၊ CISSP ဖြစ်ဖို့ဘာတွေလိုအပ်သလဲ။ ဒီမေးခွန်းတွေရဲ့အဖြေကို အပေါ်ယံလောက် လေ့လာကြည့်ရအောင်။

ယနေ့အိုင်တီခေတ်ကြီးမှာ အဖွဲ့အစည်းတွေ၊ ကုပ္မဏီတွေ အတွက် သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေးစနစ်ဟာ ဘယ်လောက်အထိအရေးပါလာပြီလဲဆိုတာ အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေ၊ ဦးစီးဆောင်ရွက်နေတဲ့သူတွေ တဖြည်းဖြည်းနဲ့သဘောပေါက်လာကြပြီဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သတင်းတွေမှာလည်း လုံခြုံရေးပေါ့ဆမှု၊ အလေးမထားမှုတွေကြောင့် ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာကိုလဲ ကြားနေမြင်နေကြမှပါ။ မထင်မှတ်တဲ့ ပေါ့ဆမှုအသေးလေးကနေတောင် ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်သလို အဖွဲ့အစည်းတခုလုံးတောင်ပျက်သွားတဲ့အထိ ဆိုးရွားမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီတော့ မိမိအဖွဲ့အစည်းရဲ့သတင်းအချက်အလက်လုံခြုံရေးနဲ့ ကာကွယ်ရေးစနစ်တွေဟာ အဖွဲ့အစည်းအတွင်းမှာ ရှိတဲ့သူတိုင်း၊ ဝန်ထမ်းတိုင်းအတွက် သိထားလိုက်နာသင့်တဲ့ အရေးကြီးကိစ္စဖြစ်လာပါတယ်။ ဒီကိစ္စကို ဘယ်သူတွေက ဦးဆောင်မှာလဲ၊ ဘာတွေကိုဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာ လိုအပ်လာပါတယ်။ ဒါတွေကို နားလည်တဲ့သူ၊ အကြီးအကဲတွေ၊ ဌာနမျိုးစုံက ဝန်ထမ်းတွေနဲ့ အတူတကွ ပူပေါင်းလုပ်ဆောင် သွားရမဲ့သူတွေကတော့ CISSP လက်မှတ်ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ CISSP ဟာ Non-Profit Organization ဖြစ်တဲ့ (ISC)2 အဖွဲ့အစည်းရဲ့ ပရော်ဖက်ရှင်နယ် လက်မှတ်တစ်ခုဖြစ်ပီး တကမ္ဘာလုံး အသိမှတ်ပြုထားတဲ့ Vendor-neutral certificate လည်း တခုဖြစ်ပါတယ်။

CISSP တွေဟာ ကိုယ့်အဖွဲ့အစည်းကို ကာကွယ်ဖို့အတွက် အဖွဲ့အစည်းတွေ၊ အကြီးအကဲတွေရဲ့ ပံပိုးမှုကိုယူပီး ဌာနပေါင်းစုံက ဝန်ထမ်းများနဲ့ပူပေါင်းဆောင်ရွက်ကာ ကျရောက်လာနိုင်တဲ့ အန္တရယ်နဲနိုင်သမျှနဲအောင် လျော့ကျလာအောင်လုပ်ဆောင်ပေးရပါတယ်။ အသုံးပြုနေတဲ့ hardware/ software/ applications/ server/ network/ process စတဲ့အရာတွေမှာ လုံခြုံမှုရှိအောင်၊ ဘေးအန္တရယ်ကျရောက်ချိန်မှာ လုပ်ငန်းဆက်လက်လည်ပတ်နိုင်အောင် ပြင်ဆင်မှုတွေ (Disaster recovery planning/ Business continuity process) စီစဉ်ဖို့၊ ရုံးတွေ၊ စက်ရုံတွေ၊ Data Center တွေရဲ့ လုံခြုံရေးစနစ်များ၊ အဖွဲ့အစည်းရဲ့ ဝန်ထမ်းများ ဘေးအန္တရယ် ကင်းဝေးရေး စတဲ့ကိစ္စများအတွက်လည်း တာဝန်ရှိပါတယ်။ ဒီတော့ အိုင်တီတခုသာ မက တခြားနည်းပညာများ၊ ကိစ္စများကိုလည်း သိထားရပါတယ်။ ဒါတွေအားလုံးကို အသေးစိ်တ်၊ အတွင်းကျကျသိဖို့ဆိုတာမဖြစ်နိင်ပါဘူး၊ ဒါပေမဲ့ CISPP တစ်ယောက် အနေနဲ့တော့ အပေါ်ယံ အားလုံးကို သိထားဖို့လိုအပ်ပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူတွေဖြစ်တဲ့ SME (Subject-Matter Expert) တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရပါတယ်။ ဒါကြောင့်လည်း CISSP Exam ကို အလွန်ကျယ်ပြန့်တဲ့ Domain ၈ခုနဲ့အခြေခံထားပါတယ်။ ဒါပေမဲ့ အကုန်လုံးကို အသေးစိတ် ကျွမ်းကျင်နေဖို့တော့ မလိုပါဘူး။ Official Study Guide မှာလည်း ဒီလိုရေးထားပါတယ်။
“It is very broad but not very deep. To successfully complete this exam, you’ll need to be familiar with every domain but not necessarily be a mater of each domain”

ဘယ်လိုလူမျိုးတွေအတွက် သင့်တော်သလဲဆိုရင်တော့ လုပ်ငန်းခွင်အတွေ့အကြုံ ၄၊၅ နှစ်အနဲဆုံးရှိတဲ့ သူများအတွက်သာ အသင့်တော်ဆုံးလို့ဆိုရမှာပါ။ (ISC)2 မှာလည်း CISSP ရဖို့အတွက်ဆိုရင် Domain ၈ခုအထဲကနေ ၂ခုနဲ့ကိုက်ညီတဲ့ အချိန်ပြည့်အလုပ်မှာ ၄၊၅ နှစ်ရှိမှာသာ CISSP ဖြစ်မယ်လို့ရေးထားပါတယ်။ အတွေ့အကြုံမလုံလောက်ရင်တော့ စာမေးပွဲအောင်တာတောင် Associate ပဲဖြစ်မှာပါ။
“Candidates must have a minimum of 5 years of paid full-time work experience in 2 of the 8 domains of the CISSP CBK, which covers critical topics in security today including risk management, cloud computing, mobile security, application development security, and more. “

ဒါဆို အတွေ့အကြုံမရှိတဲ့ အငယ်တွေ လုပ်လို့မရဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။ စာမေးပွဲအရင်ဖြေ၊ ပီးမှအတွေ့အကြုံရအောင် ၅နှစ်လောက်လုပ်၊ ပီးရင် အတွေ့အကြုံတင်ပြပြီး CISSP အဖြစ်တောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာတဲ့အချိန်မှာ အခက်အခဲရှိနိုင်ပါတယ်။ အတွေ့အကြုံရှိသူတွေ အတွက်ဆိုရင် ၅၀% / ၇၀% လောက်က ကိုယ်သိပြီးသားတွေဖြစ်နေတော့ ဖတ်ရတာပိုနားလည်ပါတယ်။ ပြီးရင် ကိုယ်ဘယ်လုပ်ငန်းခွင်ကလာသလဲဆိုတာက Domain တခုခြင်းကို အထောက်အကူပြုပါတယ်။ Network အားသားတဲ့သူအတွက် Network အကြောင်းဖတ်ဖို့သက်သာသလို၊ Software ဖက်ကလာတဲ့သူတွေ၊ Database Admin တွေ၊ FW Security သမားတွေ၊ ITIL/ PMP  ရရှိပီးသား Process ကျွမ်းကျင်သူတွေအတွက်လည်း သက်ဆိုင်ရာ Domain အတွက် အဆင်ပြေစေပါတယ်။

ဒီလောက်ဆို CISSP အကြောင်းကိုတီးမိခေါက်မိရှိလောက်ပီလို့ယူဆပါတယ်။

ကိုဖြိုး

Tuesday, 12 July 2016

CISSP Exam အတွေ့အကြုံ။



CISSP ( Certified Information Systems Security Professional) စာမေးပွဲအကြောင်းစိတ်ဝင်စားသူတွေအတွက် ဗဟုသုတရအောင်လို့ ပါ။ ဒီစာမေးပွဲအတွက် လုံးပန်းနေရတာနဲ့ စာမရေးဖြစ်တာတောင်ကြာပြီပေါ့။ အခုအကြောင်းအရာက စာမေးပွဲဖြေဆိုတဲ့ အကြောင်းပါ နောက်အချိန်ရမှ CISSP ဆိုတာဘာလဲဆိုတဲ့ အကြောင်းသပ်သပ်ထပ်ရေးပါ့မယ်။

(ISC)2 က ခွင့်ပြုထားတဲ့ VUE Exam Center မှာဖြေရပါတယ်။ စင်ကာပူမှ အရင်က စင်တာ ၂ ခုရှိခဲ့ပေမယ့် အခု NTUC ၁ ခုထဲမှာသာ ဖြေလို့ရပါတော့တယ်။ နောက်တခုက ဘာဖြစ်သွားလဲ မသိပါ။ တစ်ခုပဲ ကျန်တော့တဲ့အတွက် နေရာရဖို့ ၃ ပတ်ကနေ ၁လ လောက်အထိစောင့်ရလေ့ရှိပါတယ်။ တခါတလေလဲ အရင်ယူထားတဲ့သူလူ အချိန်ပြောင်းလိုက်တဲ့အတွက် လွတ်နေတတ်ပါတယ်။ ကျွန်တော့်တုန်းကလဲ ပထမရက်မှာ ဖြေဖို့သိပ်အားမရသေးတာနဲ့ ရက်ပြန်ပြောင်းပြီးမှ ဖြေဖြစ်ခဲ့တယ်။ အလကားတော့ မရပါဘူး $50 ထပ်ပေးရပါတယ်။ ပုံမှန် စာမေးပွဲကြေးက $599 (USD) ပါ။ ရန်ကုန်မှာတော့ ဖြေလို့မရလောက်သေးဘူးထင်တယ်။

ဖြေဆိုချိန်ကို ကိုယ်ကြိုက်တဲ့အချိန်ကနေစလို့ရပါတယ်။ ဒါပေမယ့် ၆ နာရီကြာတဲ့အတွက် နောက်ဆုံးရွေးလို့ရတဲ့အချိန်က ၁၁:၀၀ လို့ထင်တယ်။ သေချာတော့ မမှတ်ထားလိုက်မိဘူး။ ကျွန်တော်က အိပ်ယာအစောကြီးထပြီး မသွားချင်လို့ ၁၀ နာရီရွေးလိုက်ပါတယ်။ ဒါပေမယ့် အတော်များများက အဲ့အချိန်ရွေးကြလို့ စာရင်းသွင်းတဲ့နေရာမှာ လူများပြီး စောင့်ရပါတယ်။ ၉နာရီဆို ပိုအဆင်ပြေမယ်ထင်တယ်။ တကယ်စဖြေတော့ ၁၀:၁၅ လောက်ဖြစ်နေပါပြီ။

စုစုပေါင်း ၆နာရီခွင့်ပြုထားပါတယ်။ ထမင်းစားချိန်သီးသန့်ပေးမထားပဲ ကိုယ်ကြိုက်တဲ့အချိန် နားပြီးစားရပါတယ်။ အပြင်မှာထွက်စားခွင့်မပြုတဲ့အတွက် မနက်ထဲက ထမင်းဘူး ယူသွားရပါတယ်။ စားနေတဲ့အချိန်ကိုလည်းထည့်တွက်တဲ့အတွက် အချိန်ကုန်သက်သာအောင် မြန်မြန်စားရပါတယ်။ ကျွန်တော်တော့ ၁၀ မိနစ်နဲ့ အမြန်သွတ်ပြီး ရှင်းလိုက်ပါတယ်။ စာမေးပွဲခန်းအတွင်းကို နာရီတောင်ယူလို့မရပါဘူး။ ဖြစ်ချင်တော့ အဲ့နေ့ကနေမကောင်းဖြစ်ပြီး ချောင်းဆိုနေတာ ဆေးပေးမယူပါဘူး။ အပြင်မှာ ထွက်သောက်ရပါတယ်။ ကြားမှာ ရေသောက်ခ်ျိန်၊ အပေါ့သွားဖို့အချိန်တိုင်း လက်မှတ်ထိုး ပြီးထွက်ရပါတယ်။ မှတ်ထားသလောက်တော့ ၃ ခါထွက်ခဲ့ပြီး တကြိမ်ကို ၅ မိနစ်ခဲ့ကြာခဲ့ပါတယ်။ ထမင်းစားတာနဲ့ဆို စုစုပေါင်း ၂၅ မိနစ်လောက် ကုန်သွားတဲ့အတွက် ဖြေဆိုချိန် ၅:၃၀ လောက်ကျန်ပါတယ်။

စုစုပေါင်းမေးခွန်း ၂၅၀ ပါပြီး အကုန်လုံးဟာ MCQ နဲ့ Drag-drop နဲနဲလောက်ပါပါတယ်။ ၅:၃၀ ကို မေးခွန်း ၂၅၀ ဆိုတဲ့အတွက် တစ်ခုကို ၁.၃ မိနစ်လောက် အသုံးပြုလို့ရပါတယ်။ ကျွန်တော်ကတော့ ထမင်းမစားခင် ၁၅၀ လောက်ကို ၂နာရီခွဲလောက်နဲ့ ရအောင်ဖြတ်လိုက်ပါတယ်။ စာဖတ်တာမြန်ဖို့လိုသလို ဦးနှောက်ကို အလုပ်များများလုပ်ခိုင်းဖို့လိုပါတယ်။ CCIE ဖြေတုန်းက ၈ နာရီလောက်ကို အနောက်က ကျားလိုက်သလိုဖြေခဲ့ရတဲ့အတွက် အခုတခေါက်မှာ အချိန်နဲ့ပက်သက်ပြီး သိပ်အခက်အခဲတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စာကို လှည့်ပတ်ပြီးရေးထားတဲ့အတွက် ဘာကိုမေးတာလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ မေးခွန်းနားမလည်ရင် ကျိန်းသေကျမှာပါ။ နောက်ပြီးစာဖတ်တဲ့အခါ တစ်လုံးချင်းဖတ်မနေပဲ Skimming လုပ်ပြီး မျက်လုံးနှစ်ဖက်လုံးကိုခိုင်းပြီး စာပုဒ်တစ်ခုလုံးကို ခြုံမိအောင်ဖတ်ရပါတယ်။ အဓိပ္ပါယ်ပြန်နေတုန်း တဖက်ကလည်း မေးခွန်းမှာပါတဲ့ Keyword ကို ရအောင်ဖမ်းရပါတယ်။ အဲဒါကို သတင်းစာဖတ်ရင်းလေကျင့်ရပါတယ်။ BC က အင်္ဂလိပ်ဆရာ သင်ပေးခဲ့တာပါ။ ပုံမှန်စာဖတ်မြန်တဲ့သူအတွက် လေ့ကျင့်နေစရာ မလိုပါဘူး။ ဘာလို့အဲ့ဒါကို ထဲ့ပြောရလဲဆိုတာ အချိန်မမှီမှာစိုးလို့ပါ။ မေးခွန်းက ၄၊ ၅ ကြောင်းနဲ့ အဖြေ ၄ ခုကိုဖတ် စဉ်းစားပြီး အဖြေမှန်ရွေး စတဲ့ ကိစ္စအားလုံးကို ၁ မိနစ်ခန့်လောက်နဲ့ရအောင်လုပ်ရတာ သိပ်မလွယ်ပါ။ မသိတဲ့၊ ခက်တဲ့မေးခွန်း တွေဆို စဉ်းစားရင်း ၂-၃မိနစ်လောက်ကြာသွားတဲ့အတွက် အဲဒါတွေပြန်ဖြည့်ဖို့ လိုပါတယ်။

နောက်ထပ်အဓိကပြဿနာကတော့ ဦးနှောက်ပါ။ မေးခွန်းတွေများလွန်းတဲ့အတွက် မေးခွန်းပေါင်း ရာကျော်လာတဲ့အချိန်မှာ ဦးနှောက်က သိပ်မကြိုက်ချင်တော့ပါဘူး။ စိတ်မရှည်တော့ပဲ စဉ်းစားနိုင်စွမ်းကို ကျဆင်းသွားစေပါတယ်။ ဒါကြောင့် ၁၅၀ ပြီးတဲ့အချိန်မှာ ရပ်ပြီးထမင်းစားလိုက်ပါတယ်။ မယုံရင်စမ်းကြည့်ပါ။ ဒီလိုစဉ်းစားရတဲ့စာတွေကို မမေးပဲ လူတစ်ယောက်က ကိုယ့်ကိုထိုင်ပြီး ၂ နာရီဆက်တိုက်လောက် ထမင်းစားပီးပြီလား၊ ဘယ်သွားမလို့လဲ စတဲ့ဟာတွေ မေးတာတွေကို ဖြေကြည့်ပါ။ ဦးနှောက်က တုံပြန်မှုတွေ ကျလာပြီး စိတ်တိုလာပါလိမ့်မယ်။ ဒီတော့ စိတ်ရှည်ရှည်ထားပြီး ကိုယ်မရတော့တဲ့အချိန်လောက်ကို နားသင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်း မတူပါဘူး။ စာမေးပွဲအတွက် ပြင်ဆင်မှု တစ်ခုအနေနဲ့ သိထားသင့်ပါတယ်။ တချို့က မေးမှာပါ၊ အရင်ကလည်း CCNA တို့ MCSE တို့ကို ၃ နာရီလောက်ဖြေခဲ့တာပဲ ဘာဆန်းလို့လဲဆိုရင် အရင်ဆုံးပြောခြင်တာကတော့ ကိုယ်တခါမှ မမြင်ဘူးတဲ့ မေးခွန်းတွေကိုပဲ ဆက်တိုက်တွေ့ရမှာပါ။ နောက်တခုက သူရဲ့အဖြေ၄ခုမှာ ၂ ခုလောက်သာ မှားမှန်းဖယ်ရှားနိုင်ပြီး ကျန်တဲ့ ၂ ခုလောက်ဟာ အမြဲလိုရွေးရခက်အောင် ရေးထားလေ့ရှိပါတယ်။ အဲလိုမျိုး အခု ၁၀၀ လောက်ဖြတ်သန်းပြီးတဲ့အချိန်မှာ စိတ်တိုလာပါလိမ့်မယ်။ ကျွန်တော်ဖြေနေတုန်း အနောက်က လူရဲ့ ကီးဘုတ်ရိုက်သံဟာ အလွန်ကျယ်လောင်လာသလို ခံစားရပြီး စင်တာကပေးတဲ့ နားပိတ်နဲ့ပိတ်ထားတာတောင် မရပါဘူး။ အဲဒီလူကြောင့် ၁၀ မိနစ်ခန့် နှောင့်နှေးသွားခဲ့ပါသေးတယ်။ NTUC center ရဲ့ မကောင်းတဲ့အချက်ပါ။ ခုံစီစဉ်မှုဟာ သင်တန်းနဲ့တူနေပြီး လာဖြေတဲ့သူ အရမ်းများပါတယ်။ တခြားစာမေးပွဲများအတွက်တော့ သူတို့ကို ထပ်ရွေးဖြစ်တော့မယ် မထင်ပါဘူး။ ဒီဦးနှောက်နဲ့ပက်သက်တဲ့ အကြောင်းအရာကို လျော့မတွက်သင့်ပါဘူး။ အများစုကျကြတာ နည်းပညာကြောင့်၊ စာမရတာကြောင့် မဟုတ်ပါဘူး။ အဲဒီ ၆ နာရီကို စိတ်မထိန်းနိုင်ပဲ မစဉ်းစားနိုင်တော့လို့ပါ။

ဖြေဆိုတဲ့အချိန်မှာ တခြားစာမေးပွဲများလို နောက်ပြန်သွားခွင့်ပိတ်ထားတာမျိုးမရှိပဲ ကြိုက်သလို ဖြေနိုင်ပါတယ်။ မသေချာတဲ့မေးခွန်းတွေ ပြန်ကြည့်ဖို့ Flag လုပ်ခဲ့လို့ရပါတယ်။ အချိန်ပိုရင် ပြန်စစ်လို့ရတာပေါ့။ ကျွန်တော့်အနေနဲ့ ၁ နာရီခန့်လောက်ကျန်အောင်ဖြေပြီး Flag မေးခွန်းတွေပြန်ဖြေခဲ့ပါတယ်။ အခု ၄၀ လောက်ရှိပြီး ၁၀ ခုခန့်အဖြေပြန်ပြောင်းနိုင်ခဲ့ပါတယ်။ ထပ်မစစ်တော့ဘူးဆိုရင်တော့ End Exam နှိပ်ပြီး ရပ်လိုက်ယုံပါပဲ။ အောင်မအောင်ကို CCNA တို့လို တန်းမပြပဲ ပြန်ထွက်တော့မှ စာရေးမက Score report ပေးတာပါ။ အောင်မယ် လို့သေချာပေါက်မပြောနိုင်ခဲ့ပဲ စာရေးမက Congratulations ပြောမှ အောင်မှန်းသိပါတော့တယ်။ အမှတ် ၁၀၀၀ မှ ၇၀၀ ရရင်အောင်တယ်ဆိုပေမယ့် ဘယ်လောက်ရတယ်ဆိုတာ မပါပါဘူး။ ကျရင်တော့ ဘယ်လောက်နဲ့ ကျတယ်ဆိုတာပါတယ်လို့ ဖိုရမ်တွေထဲမှာ ဖတ်ဖူးပါတယ်။ နောက်ပီးတော့ မေးခွန်း ၂၅၀ မှာ ၂၅ ခုက အမှတ်မပေးပဲ သုတေသနလုပ်ဖို့အတွက် ထည့်ထားတဲ့အတွက် ကိုယ်မှန်တယ်ထင်တဲ့ မေးခွန်းတွေဟာ အဲ့ထဲပါသွားရင် အမှတ်မရနိုင်ပါဘူး။ အမှားတွေပါသွားရင်တော့ ကောင်းတာပေါ့။ ဒီတော့ ဘယ်နှစ်ခု မှန်ရင်အောင်လောက်ပီဆိုတာ တွက်ရခက်သွားပီး တတ်နိုင်သလောက်များများဖြေဖို့လိုပါတယ်။

အခုလောက်ဆို CISSP Exam ပုံစံနဲ့ ဖြေဆိုပုံကို ခန့်မှန်းလို့ရလောက်ပီလိုထင်ပါတယ်။

ကိုဖြိုး