Monday, 21 August 2017

TACACS+ vs RADIUS



မိမိရဲ့ အဖွဲ့အစည်းအတွင်းမှာ AAA အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပီ ဆိုရင်ပဲ ပထမဆုံး အနေနဲ့ အလွန်ပဲသင့်တော်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ပြီးပြီလို့ဆိုနိုင်ပါတယ်။ နောက်တဆင့် အနေနဲ့ AAA ကို ဘယ်နေရာတွေမှာ အသုံးပြု မယ်ဆိုတာ သတ်မှတ်ရပါမယ်။ Network Access အတွက်လား Devices Administration အတွက်လား ဆိုတာ ကြည့်ရပါမယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကိုယ့်အသုံးပြုမဲ့ AAA Server နဲ့ AAA Protocol ကို ရွေးချယ်ရပါ လိမ့်မယ်။ အဲဒီမှာ လိုအပ်ချက် နှစ်မျိုးစလုံးအတွက် AAA စနစ် နှစ်မျိုး အသုံးပြုမလား၊ တစ်မျိုးသာ သုံးမလားဆိုတာ ဆုံးဖြတ်ရပါတယ်။ ဒီတော့ RADIUS လား TACACS+ လား၊ ဘာသုံးမလဲဆိုတာက မေးခွန်းဖြစ်လာပါတယ်။

ဒီနှစ်ခုရဲ့ အဓိက အသုံးပြုပုံကို လေ့လာကြည့်ရင် RADIUS ကို Network Access အနေနဲ့ အသုံးပြုတာဖြစ်ပြီး TACACS+ ကိုတော့ Devices Administration မှာ အသုံးပြုကြပါတယ်။ အရင်က TACACS+ ကို Cisco Devices တွေကိုသာ အသုံးပြုကြတယ်လို့ ထင်ရပေမယ့် Vendors အများစုဟာလည်း TACACS+ ကို အသုံးပြုလို့ ရပါတယ်။ နောက်တမျိုးအနေနဲ့ ကြည့်မယ်ဆိုရင် RADIUS ဟာ Subscriber AAA အတွက် အဓိက ဖန်တီးထား တာဖြစ်ပြီး TACACS+ ကိုတော့ Administrator AAA အတွက် တည်ဆောက်ထားတယ်လို့ ဆိုလို့ရပါတယ်။  TACACS+ ရဲ့ အားသာချက်ကတော့ Authorization ပုံစံမတူလို့ ဖြစ်ပါတယ်။ RADIUS က Authentication နဲ့ Authorization ကို တွဲထားပြီး TACACS+ ကတော့ Authorization ကို ခွဲထားလို့ ဖြစ်ပါတယ်။ RADIUS ဟာ Authentication reply လုပ်တဲ့ အချိန်မှာ အဲဒီ Client ရဲ့ ရသင့်တဲ့ Authorization Level ကို တွဲပြီး ပေးလိုက်ပါ တယ်။ အဲဒီ Level အတွင်းမှာ ကြိုက်တာလုပ်ပေါ့။ TACACS+ ကတော့ ဒီလိုမဟုတ်၊ Authentication ပြီးတဲ့ အခါ မှာ Authorization အတွက် Authorization Policy ကိုသုံးပြီး သီးသန့် ထပ်စစ်ပါတယ်။ Administrator က အသုံး ပြုတဲ့ Command Level အထိကို စစ်လို့ရပါတယ်။

မြင်သာအောင် ဥပမာနဲ့ ထပ်ကြည့်ရမယ်ဆိုရင်တော့ တည်းခိုခန်းမှာ တည်းတဲ့ ပုံစံနဲ့ ဟိုတယ်မှာ တည်းတဲ့ ပုံစံကွာ သလို ပါပဲ။ တည်းခိုခန်းဟာ အခြေခံကြတဲ့ AAA ဖြစ်တဲ့ လာတည်းတဲ့ ဧည့်သည်ကို စာရင်းသွင်းမယ်၊ သူတည်းမဲ့ အခန်းကိုသော့ပေးမယ်၊ အခန်းအတွင်းမှာ ရေဘူးပေးရင်ပေးထားမယ်၊ ဒါဆို သူရဲ့ ဝန်ဆောင်မှုက ပြည့်စုံပြီ။ အဲဒီ ဧည့်သည် အပြင်သွားလို့ပြန်လာရင် စာရင်းသွင်း ထားတဲ့ သူမှန်ရင်သူ့အတွက်သတ်မှတ်ထား တဲ့ အခန်းသော့ကိုပြန် ပေးမယ်။ ဧည့်သည်ပြန်သွားရင် စာရင်းထဲကနေ ဖျက်လိုက်မယ်။ ဟိုတယ် ကတော့ အဲဒီထက်ပိုတဲ့ ဝန်ဆောင်မှုကို ပေးနိုင်တယ်။ ဧည့်သည် တစ်ယောက်ရောက်လာရင် သူဝယ်ထားတဲ့ အဆင့်ပေါ်မူတည်ပြီး မနက်စာ ပါသလား၊ရေ ချိုးကန်ရှိတဲ့ အခန်းယူမှာလား၊ အခန်းအတွင်းက မီနီဘားအသုံးပြုမလား၊ အထပ်မြင့်ယူမလား၊မြင်ကွင်းကောင်းတဲ့ အခန်းနေမလား စသဖြင့် ခွင့်ပြုနိုင်တဲ့ ကိစ္စတွေကို ခွဲခြားပြီး ထပ်ပေးလို့ရတယ်။ အဲဒီမှာလည်း အနိမ့်ဆုံးဝင်ဆောင် မှုတွေဖြစ်တဲ့ ရေကူးကန် အသုံးပြုခွင့်၊ Gym သုံးခွင့် စတာတွေကို အားလုံးကိုပေးထားလို့ရတယ်။ Privilege level ဆိုပါတော့။ အဲဒီပေးလိုက်တဲ့ Authorization အပေါ်မူတည်ပြီး ဧည့်သည်က ဘာဟာဖြစ်လုပ်လို့ရတယ်၊ ဘာဟာ ကတော့ မရဘူးဆိုတဲ့ဟာမျိုးကို ပိုမို ထိန်းချုပ်လို့ရသလို၊ ပိုမိုဝန်ဆောင်မှုပေးနိုင်တယ်။ တည်းခိုခန်းမှာ သုံးတဲ့စနစ်၊ Protocol နဲ့ ဟိုတယ်မှာ သုံးတဲ့ စနစ် Protocol မတူတာကို တွေ့ရလိမ့်မယ်။ TACACS+ က ဟိုတယ်မှာ သုံးတဲ့ Protocol လိုမျိုး ဘယ် Admin ဆိုရင်တော့ ဘယ် Devices တွေ ကိုင်လို့ရတယ်၊ ဘယ် Command တွေ သုံးလို့ရ တယ်ဆိုတာမျိုးကိုပါ အသေးစိတ် စစ်ဆေးလုပ်ဆောင်ပေးနိုင်တယ်။ ဒါကြောင့် Devices Administration  အတွက် ဆိုရင် TACACS+ က အားသားတယ်။ ပေါ့ပေါ့ပါးပါး Network Access အတွက်ပဲဆိုရင်တော့ RADIUS ကိုသုံးပေါ့။

ပေါ့ပေါ့ပါးပါးလို့ဆိုတဲ့နေရာမှာလည်း သူတို့ Transport အနေနဲ့ သုံးတဲ့ Protocol က မတူဘူး။ RADIUS က UDP ကိုသုံးတယ်၊ TACACS+ က TCP ကို သုံးတယ်။ ထုံးစံအတိုင်းက TCP က overhead ပိုများတာပေါ့။ TCP က Connection oriented ဆိုတော့ကာ Reliability မှာ အားသာပြန်တယ်။ တဖန် RADIUS က TACACS+ လို the whole packet ကို encryption မလုပ်တဲ့အတွက် လုံခြုံရေးအရလည်း အားနည်းပြန်တယ်။ ဒါတွေက TACACS+ ကို ဇောင်းပေးပြီး ပြောထားတဲ့ အကြောင်းအရာတွေ၊ RADIUS မှာလည်း သူရဲ့ အားသာချက်တွေ ရှိတယ်။ အဓိက ကတော့ ကိုယ်အဖွဲ့အစည်းက လိုအပ်ချက်နဲ့ အခြေအနေပေါ်မူတည်ပြီး ဘာသုံးမလဲဆိုတာ ရွေးရမှာပဲ။ Authorization ကိစ္စကို လျော့ပေါ့ ပြီး စနစ် တစ်ခုတည်း အသုံးပြုရင်လည်း ရတာပဲ။ ဒါမှ မဟုတ် Network Access Control အတွက် RADIUS ကိုသုံး၊ Devices Administration အတွက် TACACS+ ကိုသုံးကြတာတွေ လည်း ဒုနဲ့ဒေးပါပဲ။ ဒါပေမဲ့ Server သက်သာအောင် RADIUS ရော၊ TACACS+ ကို တစ်လုံးထဲမှာ မထားကြဖို့ ကိုတော့ အကြံပေးထားတာတွေ ဖတ်ရတယ်။ အဲဒီလိုလည်း နှစ်ခုစလုံးကို Server တစ်လုံးထဲမှာ တင်ပြီး မသုံးခဲ့ဘူးတော့ ဘာပြဿနာ တွေဖြစ်ကြမလဲဆိုတာတော့ မပြောတတ်ဘူး။

ဒီလောက် ဆိုရင်တော့ ဘာဆိုရင် ဘာသုံး ဆိုတာလောက်တော့ အင်တာဗျူးတွေမှာ ဖြေလို့ရလောက်ပါပြီ။ ဟိုတယ် ဆားဗစ်တွေက နမူနာပါ၊ တကယ်ဆို ဟိုတယ် စနစ်က ဒီထက်ပိုပြီးရှုပ်ထွေးပါတယ်။ တခြား ဘာဝန်ဆောင်မှုတွေ ရှိသေးလည်းဆိုတာ ဆက်စဉ်းစားမနေပါနဲ့။

ကိုဖြိုး။

Saturday, 12 August 2017

AAA



Routers/Switches တွေကိုဝင်ရောက်တဲ့အခါ အခြေခံအဖြစ် Enable password/ Line password တို့ကို အသုံး ပြုကြပါတယ်။ ပထမအဆင့် အနေနဲ့ Authentication အတွက်ပါ။ အဲဒီကမှ တဆင့် Local လို့ခေါ်တဲ့ Devices တွေအတွင်းမှာ ထည့်ရေးရတဲ့ User name ကို Privilege Level ခွဲပြီး အသုံးပြုကြပါတယ်။ Authorization အတွက်ပါ။ ပြီးရင် Logging on ပြီးတော့ ဘယ်သူတွေ ဝင်သွားတယ်ဆိုတဲ့ အခြေခံအကျဆုံး Accounting အလုပ်အတွက်ပါ။ AAA (Authentication, Authorization, Accounting) ကို အနိမ့်ဆုံးအနေနဲ့ အသုံးပြုထားတဲ့ ပုံစံလို့ပြောရင် ရပါတယ်။

ဒီလိုအသုံးပြုတဲ့ပုံစံဟာ အရေအတွက်အနည်းငယ် အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကိုယ့်အဖွဲ့ အစည်း အတွင်းမှာရှိတဲ့ Network Devices တွေရဲ့ အရေအတွက်က များလာပြီ၊ အသုံးပြုတဲ့ ဝန်ထမ်းတွေ များလာပြီ ဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ ဥပမာ Router/Switch တွေ အခု ၅၀ လောက်ရှိတဲ့ နေရာမျိုး ဆိုပါတော့။ အဲဒီ အလုံး ၅၀ အတွက် Login AAA အတွက် လိုက်ပြီး ထည့်ဖို့ရာ ခရီးမရောက်ပါဘူး။ Password ပြောင်းဖို့ ကိစ္စတစ်ခုကို အရင်စဉ်းစားကြည့်ပါ။ အကြိမ် ၅၀ လိုက်ပြောင်းရမှာပါ။ နောက်တစ်ခါ ဝန်ထမ်းတစ်ယောက် ထွက်သွားပြီ၊ အသစ် တစ်ယောက်ဝင်လာပြီ ဆိုရင်ကော။ ရှိသမျှ Devices တွေ အားလုံးမှာ လိုက်ပြင်၊ လိုက်ထည့်ရမှာပေါ့။ ဒါဆိုရင် တော့ အဆင်မပြေဘူး၊ အကုန်လုံးကို Enable/Line password နဲ့သာ ပေးဝင်လိုက်ဆိုရင်တော့ အရင်က ရခဲ့တဲ့ အခြေခံ အကျဆုံး AAA လေးပါ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက်ဆိုရင်တော့ AAA server ကို အသုံးပြုရမှာဖြစ်ပါတယ်။

AAA ဆိုဘာလဲ၊ ဘာကြောင့်အရေးကြီးတာလဲဆိုတာကိုတော့ အရင်သိထားဖို့လိုပါလိမ့်မယ်။ AAA ဆိုတာ Authentication, Authorization, Accounting ကိုပြောတာပါ။ မြင်သာအောင် ဥပမာ ပြရမယ်ဆိုရင် အစိုးရ ရုံးတွေကို တစ်ခါလောက် သွားကြည့်လိုက်ပါ။ ရုံးအတွင်းကို ဝင်ဖို့အတွက် ဝန်ထမ်းတွေက ဝန်ထမ်းကဒ်ပြပြီး ဝင်ကြပါတယ်။ ဝန်ထမ်းကဒ်မှာ ဘယ်သူ ဘယ်ဝါဆိုပြီးတော့ အမည်၊ ဌာန၊ ဓါတ်ပုံ တွေနဲ့ သတ်မှတ်ထားတာ ကို တွေ့မှာပါ။ အဲဒါ User Identify လုပ်တာပါ။ လုံခြုံရေးက အဲဒီကဒ်နဲ့ လူနဲ့ကို တိုက်ကြည့်ပြီး ပေးဝင်ပါ တယ်။  ဒါဟာ Identification နဲ့ Authentication process ပါ။ အဲဒီဝန်ထမ်းရဲ့ အချက်အလက်တွေကိုတော့ သူအလုပ်စဝင်တဲ့ အချိန်တုန်းက သတ်မှတ်ပေးပြီး တော့ ဗဟိုထိန်းချုပ်တဲ့ ဖိုင်တွေမှာမှတ်ထားပါတယ်။ AAA server ရဲ့ အစိတ်အပိုင်းတစ်ခုဆိုပါတော့။ အဲဒီ ဗဟိုဖိုင်မှာပဲ သူရဲ့ ရာထူး၊ ဌာနခွဲ အရ သူသွားနိုင်နဲ့ နေရာတွေ၊ လုပ်ပိုင်ခွင့် ရှိတဲ့အရာတွေကို သတ်မှတ်ထားပါတယ်။ အဲဒါကတော့ Authorization ပါ။ ရုံးထဲကို Authenticate လုပ်ပြီး ဝင်လာရုံနဲ့ လုပ်ချင်တာ လုပ်လို့မရပါဘူး။ Authorization နဲ့ ပြန်ခွဲ၊ ပြန်ထိန်းထား ပါတယ်။ ‘Who is trusted to perform which operations’ ။ ပြီးရင် သူရဲ့ ရုံးတက်မှတ်တမ်း၊ လုပ်ပိုင်ခွင့်ရတဲ့ ကိစ္စတွေမှာ ထိုးရတဲ့ လက်မှတ်၊ စတာတွေဟာ သက်သေခံ အချက်အလက်တွေဖြစ်တဲ့ အတွက် Accounting လို့ ဆိုရမှာပါ။ Accounting ဆိုတာက Accountability ကိုပြောတာပါ။ သူရဲ့လုပ်ဆောင်မှုတွေကို စောင့်ကြည့် ဖို့၊ ပြန်လည်စစ်ဆေးနိုင်ဖို့အတွက်ပါ။ Auditing, Logging and monitoring ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံရမှာ ဖြစ်ပါတယ်။


ဒီလုပ်ဆောင်ပုံတွေဟာ Privilege ရှိတဲ့ ဝန်ထမ်းတွေမှာတောင် အဆင့်ဆင့် ခွဲထားပြီး ထိန်းချုပ်ထားတဲ့ ပုံစံပါ။ ဒါဆို ဧည့်သည်တွေဆိုရင်ရော။ သူတို့ကိုတော့ Privilege အနိမ့်ဆုံးဖြစ်တဲ့ Read-only user အဖြစ် မြင်ကြည့်နိုင်ပါတယ်။ ဧည့်သည်တွေလာတဲ့အခါ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ယူထားပြီး အနိမ့်ဆုံး Privilege ဖြစ်တဲ့ ရုံးအတွင်း ဝင်ရောက်ခွင့် Visitor pass ကိုသာ ပေးလေ့ရှိပါတယ်။ အခုပြောခဲ့တဲ့ ရုံးအတွင်းဝင်ရောက်တဲ့ပုံစံကို အသုံးပြုတဲ့ Manual documentation process အစား Computerized system နဲ့ အစားထိုးလိုက်မယ်ဆိုရင် ကျွန်တော်တို့ Devices တွေကို Login ဝင်တဲ့ပုံစံနဲ့ ပိုပြီးယှဉ်ကြည့်လို့ ရပါ လိ်မ့်မယ်။ အဲဒီတော့ အပေါ်က ပြဿနာကို ဖြေရှင်းဖို့ ဆက်ရမယ်ဆိုရင် အဲဒီ Devices တွေကိုဝင်ရောက် ဖို့အတွက် Centralized Control ဖြစ်တဲ့ AAA server ထားရှိရပါမယ်။ အဲဒီ Server အတွင်းမှာ Devices list, user list, privilege level စသဖြင့် ထည့်ထားပြီး Devices အားလုံးကနေ အဲဒီ Server ကိုလှမ်းချိတ်ထား ရပါတယ်။ တခုခု အပြောင်းအလည်း လုပ်ချင်ရင် Server မှာ ပြောင်းလိုက်တာနဲ့တင် အကုန်လုံးကို ပြင်ထား ပြီးသွားဖြစ်သွားပါလိမ့်မယ်။ Devices/Clients to Server ကို RADIUS သို့မဟုတ် TACACS+ protocol အသုံးပြုပြီး ချိတ်ဆက်ရပါတယ်။ အဲဒီ အကြောင်းကို သီးသန့်ထပ်ရေးပါအုံးမယ်။

အခုလောက်ဆိုရင် Devices Administration အတွက် AAA server အသုံးပြုရတဲ့ အကြောင်း၊ AAA ဆိုတာ ဘာလဲဆိုတာကို တီးမိခေါက်မိ ရှိလောက်ပြီလို့ ထင်ပါတယ်။

ကိုဖြိုး

Sunday, 23 July 2017

INTERPOL WORLD 2017 ပြပွဲအတွင်းမှ အတွေးများ။

Myanmar in the list


ဇူလိုင်လ ၅ရက်နေ့ကနေ ၇ရက်နေ့အထိ ကျင်းပခဲ့တဲ့ INTERPOL WORLD 2017 ကိုရောက်ခဲ့တဲ့ အကြောင်း ဗဟုသုတ အဖြစ် ပြန်လည် ဝေမျှပေးလိုပါတယ်။ အင်တာပို ဆိုတဲ့ အဖွဲ့အစည်းကို ရုပ်ရှင်တွေမှာ၊ သတင်းတွေမှာသာ ကြားဖူးတာပါ။ မြန်မာပြည်က သတင်းတွေမှာလည်း တခါတလေ တွေ့ဖူးပါတယ်။ အစိုးရ ရဲတပ်ဖွဲ့ တွေနဲ့သာ သက်ဆိုင်တဲ့ အဖွဲ့အစည်းဆိုတော့ သေချာသိဖို့လည်း အလှမ်းဝေးပါတယ်။ ဒါပေမဲ့ CISSP ရပြီးတဲ့ အခါမှာ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ပွဲတွေ၊ ဟောပြောပွဲတွေဆိုရင် CPE point ရဖို့အတွက် သွားရောက်နားထောင်ရသလို၊ IT security ပိုင်းအရလည်း ကိုယ်တိုင်က စိတ်ဝင်စားမှုပိုများလာတဲ့ အတွက် အချိန်ရရင် ရသလို သွားဖြစ်ပါတယ်။ အခုလည်း လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်က သွားကြည့်ရ အောင်ဆိုတာနဲ့ ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာက လာတဲ့ အစိုးရ အဖွဲ့အစည်းတွေ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းတွေ၊ လုံခြုံရေးနဲ့ပက်သက်ပြီး အသုံးပြုရတဲ့ ပစ္စည်းထုတ်လုပ်သူတွေ၊ IT security ဖက်က Hardware/Software ထုတ်လုပ်သူတွေနဲ့ အတော် စုံလင်ပါတယ်။ အင်တာပိုမှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ရှိတယ်ဆိုပေမဲ့ ပြပွဲအနေနဲ့ ပြတဲ့ နိုင်ငံတွေက အခု ၂၀ လောက်ပဲ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Congress လာတက်တဲ့ အဖွဲ့တွေကတော့ ပိုများမှာပါ။ မြန်မာစကား ပြောသံ အချို့ကိုလည်း ကြားခဲ့ရပါတယ် ဒါပေမဲ့ ကိုယ်တွေလို ပွဲလာကြည့်တာလား၊ မြန်မာပြည်က အစိုးရ အဖွဲ့ ကိုယ်စားပြုလာတာလားတော့ မသိခဲ့ပါ။ ရင်ဘတ်က နာမည်နဲ့ အဖွဲ့ အစည်းကို သေချာမမြင်ခဲ့တာ ကြောင့်ပါ။ အင်တာပိုရဲ့ အဖွဲ့ဝင်နိုင်ငံ ၁၉၀ မှာ မြန်မာနိုင်ငံ ပါပါတယ်။ အင်တာပိုရဲ့  Website မှာလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြောင်းကို ဖော်ပြထားပါတယ်။

https://www.interpol.int/Member-countries/Asia-South-Pacific/Myanmar

အင်တာပိုကိစ္စတွေ၊ ရဲတပ်ဖွဲ့ ကိစ္စတွေ၊ မှုခင်းတွေက ကိုယ့်ကျွမ်းကျင်ရာ၊ ကိုယ့်အပိုင်းမဟုတ်တော့ ထပ်မပြော တော့ပါဘူး။ ကိုယ်နဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ IT Security အကြောင်းပြောကြတာပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က Software သမား၊ Hardware သမား၊ Network သမား၊ ရယ်လို့ ကိုယ့်အပိုင်းနဲ့ကိုယ် နေခဲ့ ကြတဲ့ အချိန်ရှိခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာ IT Security ပိုင်းက သိပ်ပြီး အရေးပါတဲ့ နေရာမှာ မရှိခဲ့ပါဘူး။ (ကျွန်တော့ သိခဲ့သလောက်နဲ့၊ အမြင်ပါ)။ အင်တာနက် အသုံးပြုမှု အရှိန်တက်လာတဲ့အတူ Security ရဲ့ အရေးပါမှုဟာ ပိုပြီးသိသာ ထင်ရှားလာတယ်လို့ ပြောလို့ရပါတယ်။ အရင်က Antivirus နဲ့ Firewall လောက်သာ အသုံးပြုကြတဲ့ အခြေအနေမျိုးကနေ IPS/IDS တွေ၊ Application တွေအထိ ဝင်ရောက်စစ်ပေးနိုင်တဲ့ ပစ္စည်းမျိုးစုံတွေ တစ်စ တစ်စ နဲ့ ပိုမိုများပြားလာပါတယ်။ တဖက်ကလည်း အင်တာနက်ကို အသုံးပြုပြီး တိုက်ခိုက်လာမှုတွေဟာလည်း ပိုမိုပြင်းထန်လို့လာပါတယ်။ အခုနောက်ဆုံး တိုက်ခိုက်မှုအရ DNS security အပိုင်းဟာ ခေတ်စားလာသလို ပစ္စည်းထုတ်လုပ်သူတွေ အများစုကလည်း အဲဒီအပိုင်းကို လုပ်နိုင်ကြောင်း ကြောငြာလာကြပါတယ်။

နောက်တခါ လုံခြုံရေးအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ Monitoring နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေဟာ  လည်း အဆင့်မြင့်လာကြပါတယ်။ Physical Security အတွက် အဆင့်မြင့် CCTV တွေ၊ Detector တွေ ပေါ်လာသလို၊ IT/Network Security ဖက်မှာလည်း အခြေခံ အရေးကြီးဆုံးဖြစ်တဲ့ Visibility ရအောင် Software တွေသုံး၊ Monitoring အတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ဖော်ပြနိုင်လာတဲ့ ပစ္စည်းတွေ ပေါ်လာပါတယ်။ အဲဒါတွေ အကုန်လုံးကို အင်တာပို ပွဲမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီပစ္စည်းတွေ၊ သူတို့ပြောပြတဲ့ ဖြစ်စဉ်တွေကိုကြည့်ပြီး ကျွန်တော်တို့ မြန်မာပြည် အတွက်လည်း ရင်လေးမိပါတယ်။ အထူးသဖြင့် အစိုးရ ရုံးတွေရဲ့ အိုင်တီစနစ်၊ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေအတွက်ပါ။ အဲဒီလိုပြောလို့ ကျန်တဲ့ အဖွဲ့အစည်းတွေအတွက် အရေးမကြီးဘူးလို့ ဆိုလိုခြင်း မဟုတ်ပါ။ Security ဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ အဖွဲ့အစည်းတွေသာမက မိမိအိမ်၊ လမ်း၊ မြို့ ၊ နိုင်ငံအတွက် ပါ အလွန် အရေးကြီးပါတယ်။ အစိုးရ အဖွဲ့တွေမှာ Gmail အသုံးပြုနေမှုတွေ၊ အစိုးရရဲ့  လုပ်ငန်းကိစ္စတွေ Facebook ပေါ် အကန့်အသတ်မရှိ ရောက်နေတာတွေဟာ ကျွန်တော်တို့ မြန်မာပြည်မှာ လုံခြုံရေး အသိ အရမ်းနည်းပါး နေတယ် ဆိုတာကို ပြနေသလိုပါပဲ။ မကြာသေးခင်ကပဲ Google က နောက်ဆို Email တွေ ဝင်မဖတ်တော့ ပါဘူးလို့ ကြေငြာသွားပါတယ်။ ဒီတော့ အရင်က ဘယ်သူတွေကို ဘယ်လောက်အထိ ဘာတွေ ဝင်ကြည့်ခဲ့သလို သူတို့ဘာတွေ ရသွားပြီလည်း၊ အဲဒီ အချက်အလက်တွေ ဘယ်တွေကို ထပ်ပို့ပေးသေး လဲဆိုတာ စိတ်ဝင်စားစရာပါ။ အသေချာတော့ အထောက်အထား မရှိတဲ့ အတွက် မပြောနိုင်ပါဘူး။ ဥပမာ တစ်ခု အနေနဲ့ ပြရရင် Gmail အသုံးပြုပြီး ခရီးတစ်ခုသွားဖို့အတွက် လေယာဉ်လက်မှတ် ဝယ်ခဲ့ပါတယ်။ ကျွန်တော် ဘယ်သွားမယ်၊ ဘာလေယာဉ်နဲ့ ဘာအချိန်သွားမယ်ဆိုတာ လက်မှတ်အထဲမှာပဲ ပါပါတယ်။ ဒါပေမဲ့ အဲဒီခရီးသွားမဲ့နေ့ မနက်မှာ Google Reminder တက်လာပါတယ်။ ကျွန်တော် ဘယ်ကို ဘယ်အချိန်သွားဖို့ရှိတယ်၊ မမေ့နဲ့ ဆိုတာမျိုး။ ဘယ်လို နည်းပညာတွေ၊ Data analysis tools တွေ၊ Keywords တွေနဲ့ နည်းပညာပိုင်းအရဖော်ပြနိုင်တယ်ပဲထားအုံး ကျွန်တော့ လက်မှတ်အတွင်းက အချက်ကို မှီငြမ်းထား တာ ရာခိုင်နှုန်းများပါတယ်။ အင်တာနက်မှာလည်း အဲဒီကိစ္စကို အကြိမ်ကြိမိ ဖော်ပြထားတာတွေ တွေ့ရမှာပါ။

ပွဲအကြောင်း ဆက်ကြရအောင်။ အဲဒီပွဲမှာ ဟောပြေခန်းမ ၂ ခုခွဲထားပြီး အဖွဲ့အစည်း အမျိုးမျိုးကနေ လုံခြုံရေးနဲ့ သက်ဆ်ိုင်တဲ့ အကြောင်းအရာတွေ တက်ရောက် ဟောပြောကြပါတယ်။ တချို့ က အတွေ့အကြုံရင့် သဘာတွေပါသလို့၊ ပွဲအတွေ့အကြုံသိပ်မရှိတဲ့ အငယ်တွေလည်း ပါပါတယ်။ ဒါပေမဲ့ သူတို့လည်း တတ်နိုင်သလောက် စင်ပေါ်တက်ပြီး အရဲစွန့်ကြတာတွေ့ရပါတယ်။ ဒါလဲ အရေးကြီးတဲ့ အတွေ့အကြုံတစ်ခုပါ။ ကျွန်တော်တို့ နားထောင်တဲ့နေ့မှာ ဂျပန်နိုင်ငံကအဖွဲ့တွေ ၃ ကြမ်လောက် တက်ပြောပါတယ်။ သူတို့ရဲ့ အဓိက စကားဟာ အင်္ဂလိပ်မဟုတ်တဲ့ အတွက် အားလုံးနားလည်အောင် အတော်ကို ကြိုးစားပြီး ပြေပြကြပါတယ်။ ထူးခြားမှုတစ်ခု အနေနဲ့ ကျွန်တော်တို့ မြန်မာထဲက တစ်ယောက်ပါပါတယ်။ စင်ကာပူ နန်ယန်းပိုလီကျောင်းက IT Security က ဆရာတင်အောင်ဝင်း ပါ။ သူက ISC2 ကိုယ်စားပြု အနေနဲ့ (Cloud Security - Trends in Threat Monitoring & Intelligence ) အကြောင်း ဟောပြောသွားပါတယ်။ အတွေ့ အကြုံရင့် ဆရာတစ်ယောက် ဖြစ်လို့ စကားပြော ကောင်းသလို၊ ပြောပြသွားတဲ့ အကြောင်းအရာကလည်း စိတ်ဝင်စား ဖို့ကောင်းပါတယ်။ အခုလိုပွဲမျိုးမှာ ရှားပါး မြန်မာပညာရှင် တစ်ယောက်ကို စင်ပေါ်မှာ တွေ့ခဲ့ရတာ အားရစရာပါ။ သူပြောပြသွားတဲ့ အထဲမှာရော၊ အရင် ဂျပန်တစ်ယောက် ပြောပြသွားတဲ့ အထဲမှာရော တူနေတာ တစ်ခုက တော့ IT Security ကျွမ်းကျင်တဲ့ ပညာရှင်တွေ မလောက်ငတဲ့ အကြောင်းပါ။ ဂျပန်အနေနဲ့ရော၊ စင်ကာပူရော၊ ရှိသမျှနိုင်ငံတွေ အားလုံမှာပါ လိုအပ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ပိုပြီးတောင် လိုအပ်မှာပါ။

U Tin Aung Win

ပွဲအတွင်းမှာ ထိုင်နေရင်း၊ နားထောင်နေရင်းနဲ့ အတွေးမျိုးစုံပေါ်လာခဲ့သလို၊ ဘယ်ပွဲရောက်ရောက် ကျွန်တော်တို့ မြန်မာပြည်ရောက်ရှိနေတဲ့ အနေအထားကို ယှဉ်ကြည့်မိပါတယ်။ အိုင်တီနဲ့ ပက်သက်လို့ပါ။ တခြားကိစ္စတွေမပါပါဘူး။ ကျွန်တော့် စိတ်ထဲမှာလည်း ကိုယ့်လူတွေ ရှေ့ရောက်လာအောင်၊ လူငယ်တွေ မြင်လာအောင်၊ လုပ်ချင်တဲ့ စိတ်တွေပေါ်လာပြီး နေရာစုံ၊ ထောင့်စုံမှာ ကျွန်တော့်တို့ လူငယ်တွေ နေရာရလာအောင်ဆိုတဲ့ စိတ်တွေ အရမ်းဖြစ်ပေါ်လာပါတယ်။ Networking နဲ့ ပက်သက်လို့ Telco တွေဝင်မလာခင် ကတည်းက လှုံဆော်ခဲ့ပါတယ်။ Network Skillsets တွေဖြည့်ထားဖို့၊ လုပ်ထားကြဖို့။ အခုဆို Network နဲ့ ပက်သက်တဲ့ အခွင့်အလမ်းတွေ ပေါ်လာပါပြီ။ ISP အသစ်တွေက ခေါ်နေတာတွေလည်း တွေ့လာပါပြီ။ ဒါတွေပြီးရင် နောက်ထပ်လိုက်လာမှာကတော့ အခုပြောပြခဲ့တဲ့ IT Security အလုပ်တွေပါ။ အနှေးနဲ့ အမြန်လိုလာမှာပါပဲ။ ဒီတော့ အားလုံးက Network အခြေခံတွေရပြီ၊ Systems အကြောင်းတွေခိုင်ပြီ၊ Virtualization အကြောင်းတွေ တီးမိခေါက်မိ ရှိပြီဆိုရင် Security ပိုင်းကိုလည်း နည်းနည်းပါးပါးလောက်တော့ လေ့လာထားသင့်ပြီလို အကြံပေးလိုပါတယ်။ Certificate ဖြေဖို့ ပြောတာမဟုတ်ပါ။ Certificate ဟာ Knowledge/ Experience/ Skillset က ရတယ်ပြောပေမဲ့ လွဲမှားတဲ့ လမ်းကြောင်းတွေကနေ လက်မှတ်ရရေးသာ ဦးစားပေးမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘာပဲပြောပြော အခုလိုပွဲတွေ သွားခြင်းဟာ ကျွန်တော့်အတွက် အကျိုးရှိသလို ကျွန်တော်မြင်ခဲ့ရတဲ့၊ သိခဲ့ရတဲ့ ကိစ္စတွေကို ပြန်လည်ပြောရတာလည်း မြန်မာပြည်က ညီ၊ညီမ တွေအတွက် ဗဟုသုတ ရနိုင်လိမ့်မယ်လို့ ယူဆပါတယ်။

https://www.interpol-world.com/

ကိုဖြိုး

Saturday, 1 July 2017

BGP on XR




IOS XR အပေါ်မှာ BGP  ကိုစမ်းကြည့်ဖို့အတွက် iBGP နဲ့ EBGP ပါဝင်တဲ့ ရှင်းလင်းတဲ့ LAB တစ်ခု လုပ်ကြည့်တာပေါ့။ Router ၃ လုံးကို အသုံးပြုထားပြီး ISP အတွက် တစ်လုံး ISP ကိုတိုက်ရိုက်ချိတ်ဆက် ထားတဲ့ CE အနေနဲ့ တစ်လုံး၊ CE ကနေ အတွင်းကို iBGP နဲ့ ပြန်သွားတဲ့ Core အနေနဲ့တစ်လုံး သုံးထား ပါတယ်။ ISP Router ကနေ Public Routes တွေအဖြစ် 10.xx.xx.xx ကနေ 50.xx.xx.xx အထိ ကြေညာ ထားပါတယ်။ CE ဖက်ကလည်း အတွင်းမှာ အသုံးပြုတဲ့ Public Routes တွေ ဖြစ်တဲ့ 100.xx.xx.xx နဲ့ 192.1.1.x. ကို ပြန်လည် ကြေညာမှာ ဖြစ်ပါတယ်။ CE နဲ့ Core အကြားမှာတော့ iBGP အပြင် အောက်ခံ အဖြစ် ISIS ကို အသုံးပြုထားပါတယ်။ ဒါမှသာ iBGP အချင်းချင်း Loopback Interface တွေကနေ တစ်လုံးနဲ့ တစ်လုံး စကားပြောနိုင်မှာ ဖြစ်ပါတယ်။


Configuration ပိုင်းအနေနဲ့ကတော့ သိပ်မကွာပါဘူး။ Address-family တွေရဲ့  အောက်မှာပဲ ရေးပေး ရပါတယ်။ အခြေခံဖြစ်တဲ့ Configuration မှာ သိသိသာသာ ကွာခြားသွားတာကတော့ eBGP အသုံးပြုတဲ့ ပုံပါ။ ရိုးရိုး IOS မှာ BGP Neighbour ဖြစ်ပြီဆိုတာနဲ့ တစ်ဖက်နဲ့ တစ်ဖက် Configuration မှာ ရေးထားတဲ့ အတိုင်း၊ BGP advertisement တွေအတိုင်း Routes တွေ ဖလှယ်ကြပါတယ်။ အဲဒါကို အလွယ်တကူ ကြည့် ချင်ရင် summary နဲ့ ကြည့်လိုက်ယုံပါပဲ။ Prefix ဘယ်နှစ်ခုရတယ် ဆိုတာ ချက်ချင်းသိနိုင်ပါတယ်။ XR မှာတော့ ဒီအတိုင်းဆိုရင် 0 Prefix အနေနဲ့မြင်ရပါလိမ့်မယ်။ တစ်ဖက်နဲ့ တစ်ဖက် Routes တွေ အပြန်အလှန် ပို့ဖို့အတွက် RPL လို့ ခေါ်တဲ့ Route policy ထည့်ပေးမှသာ Routes တွေကိုမြင်ရမှာ ဖြစ်ပါတယ်။ iBGP အချင်းချင်းဆိုရင်တော့ မလိုပါဘူး။

IOS မှာ အဲဒီလိုမျိုး ထိန်းချုပ်ဖို့ အတွက် Route-map တွေနဲ့ အသုံးပြုရပါတယ်။ RPL က route-map ထက် ပိုမိုကောင်းမွန်ပြီး လိုချင်တဲ့ Route attributes တွေပေါ်မူတည်ပြီး ဘာလုပ်မလဲဆိုတာမျိုးကို If/else statement တွေနဲ့ တွဲပြီး ဘာဖြစ်ရင် ဘာလုပ်မယ်၊ ဘယ်လိုပြောင်းမယ် ဆိုပြီး ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း အသုံးပြုလို့ ရပါတယ်။ RPL ကိုတော့ အစုံသုံးတတ်အောင် သီးသန့်ထပ်ပြီး လေ့လာရပါလိမ့်မယ်။ အခု LAB မှာတော့ ISP က လာတဲ့ Routes တွေကနေ 10.xx.xx.xx ကို လက်မခံပဲ တခြား Routes များကိုသာ လက်ခံတဲ့ ပုံစံ အနေနဲ့ စမ်းထားပါတယ်။ BGP ရဲ့ အလုပ်လုပ်ပုံ၊ IOS မှာ အသုံးပြုခဲ့တဲ့ အခြေခံတွေကိုသာ သိထားမယ် ဆိုရင် XR ပေါ်မှာလည်း လိုအပ်တဲ့ Configuration တွေကို လိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခုအခြေအနေက CE နဲ့ CORE အကြားမှာ ISIS သုံးထားပြီး CORE မှာ ရှိတဲ့ Public routes ဖြစ်တဲ့ 192.168.1.2 နဲ့ 192.168.1.3 ကို ISIS ကနေ ပို့ထားတာဖြစ်ပါတယ်။ 100.100.100.1 နဲ့ .2 ကိုတော့ BGP ကနေ တင်မှာဖြစ်ပါတယ်။

RP/0/0/CPU0:CExrv#sh ip route

L    192.1.1.1/32 is directly connected, 00:05:23, Loopback1
i L2 192.1.1.2/32 [115/10] via 192.168.1.2, 00:02:16, GigabitEthernet0/0/0/1
i L2 192.1.1.3/32 [115/10] via 192.168.1.2, 00:02:16, GigabitEthernet0/0/0/1

C    192.168.1.0/30 is directly connected, 00:05:23, GigabitEthernet0/0/0/1
L    192.168.1.1/32 is directly connected, 00:05:23, GigabitEthernet0/0/0/1
C    200.200.200.0/30 is directly connected, 00:07:53, GigabitEthernet0/0/0/0
L    200.200.200.2/32 is directly connected, 00:07:53, GigabitEthernet0/0/0/0


Core-VXR#sh ip route

      100.0.0.0/32 is subnetted, 2 subnets
C        100.100.100.1 is directly connected, Loopback3
C        100.100.100.2 is directly connected, Loopback4
      192.1.1.0/32 is subnetted, 3 subnets
i L2     192.1.1.1 [115/10] via 192.168.1.1, 00:19:42, FastEthernet0/0
C        192.1.1.2 is directly connected, Loopback1
C        192.1.1.3 is directly connected, Loopback2
      192.168.1.0/24 is variably subnetted, 2 subnets, 2 masks
C        192.168.1.0/30 is directly connected, FastEthernet0/0
L        192.168.1.2/32 is directly connected, FastEthernet0/0




iBGP တက်သွားရင်တော့ 100.x.x.x  routes တွေကို BGP Routes တွေအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အပြင် ISP ကို summary routes အနေနဲ့ ပို့ဖို့အတွက် Null0 ကို ထောက်ထားတဲ့ Static routes တွေကို တွေ့ပါလိမ့်မယ်။ XR မှာ Static route ကိုလည်း address-family ပုံစံမျိုးနဲ့ပဲ ရေးပါတယ်။

 router static
 address-family ipv4 unicast
  100.100.100.0/30 Null0
  192.1.1.0/24 Null0

RP/0/0/CPU0:CExrv#sh ip route

S    100.100.100.0/30 is directly connected, 00:00:07, Null0
B    100.100.100.1/32 [200/0] via 192.1.1.2, 00:04:13
B    100.100.100.2/32 [200/0] via 192.1.1.2, 00:04:13

S    192.1.1.0/24 is directly connected, 00:00:07, Null0
L    192.1.1.1/32 is directly connected, 00:45:03, Loopback1
i L2 192.1.1.2/32 [115/10] via 192.168.1.2, 00:41:55, GigabitEthernet0/0/0/1
i L2 192.1.1.3/32 [115/10] via 192.168.1.2, 00:41:55, GigabitEthernet0/0/0/1
C    192.168.1.0/30 is directly connected, 00:45:03, GigabitEthernet0/0/0/1
L    192.168.1.1/32 is directly connected, 00:45:03, GigabitEthernet0/0/0/1
C    200.200.200.0/30 is directly connected, 00:47:32, GigabitEthernet0/0/0/0
L    200.200.200.2/32 is directly connected, 00:47:32, GigabitEthernet0/0/0/0



BGP အားလုံးတက်သွားပြီဆိုရင်  iBGP က ရတဲ့ Prefix count 2 ကိုမြင်ရပေမယ့် eBGP မှာတော့ 0 ကိုပဲ တွေ့ နေရမှာပါ။ ဒါကတော့ RPL အသုံးမပြုရသေးလို့ ဖြစ်ပါတယ်။

 RP/0/0/CPU0:CExrv#sh bgp ipv4 unicast summary
BGP router identifier 192.1.1.1, local AS number 192
BGP generic scan interval 60 secs
BGP table state: Active
Table ID: 0xe0000000   RD version: 6
BGP main routing table version 6
BGP scan interval 60 secs

BGP is operating in STANDALONE mode.


Process       RcvTblVer   bRIB/RIB   LabelVer  ImportVer  SendTblVer  StandbyVer
Speaker               6          6          6          6           6           6


Neighbor        Spk    AS MsgRcvd MsgSent   TblVer  InQ OutQ  Up/Down  St/PfxRcd
192.1.1.2         0   192      15      13        6    0    0 00:09:43          2
200.200.200.1     0   200      29      27        6    0    0 00:00:05          0!


RPL အသုံးပြုပြီးသွားရင်တော့ eBGP ကနေ ရလာတဲ့ Prefix counts 5 ကိုမြင်ရပါလိမ့်မယ်။ AS 200 ကနေလာတဲ့ Routes ၅ ခုတွေ့ရပါတယ်။ လက်ရှိပုံစံမှာ ဘာလာလာ အကုန်လက်ခံတဲ့ ပုံစံမျိုးနဲ့ သုံးထားတဲ့ Pass All RPL ဖြစ်ပါတယ်။

 P/0/0/CPU0:CExrv#sh bgp ipv4 unicast summary

Neighbor        Spk    AS MsgRcvd MsgSent   TblVer  InQ OutQ  Up/Down  St/PfxRcd
192.1.1.2         0   192      16      15       11    0    0 00:10:59          2
200.200.200.1     0   200      31      29       11    0    0 00:01:21          5

RP/0/0/CPU0:CExrv#sh bgp ipv4 unicast

Origin codes: i - IGP, e - EGP, ? - incomplete
   Network            Next Hop            Metric LocPrf Weight Path
*> 10.10.10.0/24      200.200.200.1            0             0 200 ?
*> 20.20.20.0/24      200.200.200.1            0             0 200 ?
*> 30.30.30.0/24      200.200.200.1            0             0 200 ?
*> 40.40.40.0/24      200.200.200.1            0             0 200 ?

*> 100.100.100.0/30   0.0.0.0                  0         32768 i
*>i100.100.100.1/32   192.1.1.2                0    100      0 i
*>i100.100.100.2/32   192.1.1.2                0    100      0 i
*> 192.1.1.0/24       0.0.0.0                  0         32768 i
*> 200.200.200.0/30   200.200.200.1            0             0 200 ?


အဲဒီကမှ တဆင့် eBGP ကလာတဲ့ Routes တွေကနေ 10.x.x.x ကို လက်မခံတော့ပဲ ကျန်တာတွေကိုသာ လက်ခံမယ်ဆိုတဲ့ RPL နဲ့ အစားထိုးလိုပါမယ်။ ဒါဆိုရင်တော့ 10.x.x.x ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ်။

 Origin codes: i - IGP, e - EGP, ? - incomplete
   Network            Next Hop            Metric LocPrf Weight Path
*> 20.20.20.0/24      200.200.200.1            0             0 200 ?
*> 30.30.30.0/24      200.200.200.1            0             0 200 ?
*> 40.40.40.0/24      200.200.200.1            0             0 200 ?

*> 100.100.100.0/30   0.0.0.0                  0         32768 i
*>i100.100.100.1/32   192.1.1.2                0    100      0 i
*>i100.100.100.2/32   192.1.1.2                0    100      0 i
*> 192.1.1.0/24       0.0.0.0                  0         32768 i
*> 200.200.200.0/30   200.200.200.1            0             0 200 ?




CE router မှာ အသုံးပြုထားတဲ့ RPL နဲ့ BGP Configuration ပုံစံပါ။ CE config ကိုကြည့်လိုက်တာနဲ့ ISP Router ကို အလွယ်တကူ ခန့်မှန်းလို့ ရနိုင်သလို CORE ကလည်း IOS အသုံးပြုထားတဲ့အတွက် မဖော်ပြတော့ပါဘူး။

CExrv

prefix-set 10Route
  10.10.10.0/24
end-set
!
route-policy PASS
  pass
end-policy
!
route-policy Block10
  if destination in 10Route then
    drop
  else
    pass
  endif
end-policy
!

router bgp 192
 address-family ipv4 unicast
  network 100.100.100.0/30
  network 192.1.1.0/24
 !
 neighbor 192.1.1.2
  remote-as 192
  update-source Loopback1
  address-family ipv4 unicast
   next-hop-self
   soft-reconfiguration inbound
  !
 !
 neighbor 200.200.200.1
  remote-as 200
  address-family ipv4 unicast
   route-policy Block10 in
   route-policy PASS out




ကိုဖြိုး

Sunday, 11 June 2017

ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား CCEP



မကြာသေးခင်ကပဲ Cisco ကနေ Cisco Continuing Education Program ဆိုပြီး မိတ်ဆက်လိုက်တာ ဖတ်လိုက်ရတယ်။ CCIE/CCDE တို့ရထားတဲ့ Expert Level Certificates holders အတွက် စာမေးပွဲဖြေဆိုစရာမလိုပဲ သက်တမ်းတိုးဖို့အတွက်ပါ။ လက်ရှိ စနစ်ဖြစ်တဲ့ စာမေးပွဲတွေ ဖြေဆိုပြီး သက်တမ်းပြန်ယူရတဲ့ ပုံစံ အပြင် နောက်ထပ် ပုံစံတမျိုးနဲ့ သွားလို့ရသွားတာပေါ့။ လိုအပ်ချက်တွေကတော့ အခုလို ဖော်ပြထားကို တွေ့ရပါတယ်။

    •    Agree to the Terms and Conditions associated with the Continuing Education Program as part of the enrollment process
    •    Earn 100 credits required by completing any of the preapproved Continuing Education offerings
    •    Pay the Continuing Education administrative fee

သက်တမ်းမကုန်ခင်မှာ CEP Credit ၁၀၀ ပြည့်အောင်လုပ်ရမယ်။ ပြီးရင် Admin Fee $300 ပေးရမယ်။ ဒါဆိုရင် စာမေးပွဲဖြေစရာ မလိုပဲ သက်တမ်းတိုးပြီးသား ဖြစ်သွားပါမယ်။ Credit ၁၀၀ ပြည့်ဖို့အတွက် နည်းလမ်း အမျိုးမျိုးရှိပါတယ်။ သင်တန်းတွေ တက်မလား၊ စာရေးမှာလား၊ Cisco Live က နည်းပညာ ဟောပြောပွဲတွေ တက်မလား စသဖြင့် ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ဖြည့်လို့ရပါတယ်။ ဒါပေမယ့် Credit ပေးတာ အများဆုံးကတော့ သင်တန်းတွေ တက်တာပါပဲ။

Cisco သင်တန်းတွေဟာ အများအားဖြင့်ဈေးကြီးပါတယ်။ US $3000 လောက် ကနေ စပြီး အဆင့်ဆင့် ရှိပါတယ်။ ကျွန်တော် CCIE Bootcamp တက်ခဲ့တုန်းကဆိုရင် $5000 လောက်ရှိပါတယ်။ တခြား Product training တွေလည်း အတူတူပါပဲ။ ဒါပေမယ့် Partner Company တွေအနေနဲ့ အလကား တက်ခွင့်ရှိပါတယ်။ ဒီတော့ အဲဒီလို အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ အဆင်ပြေပါတယ်။ အဲဒီလို တက်ခွင့် မရှိသူတွေအဖို့ကတော့ Credit ၁၀၀ ပြည့်အောင် ခန့်မှန်း အနေနဲ့ $10000 လောက် အသုံးပြုရမလို ဖြစ်နေပါတယ်။ Cisco Live တက်ရင်လည်း ဝင်ကြေး၊ ခရီးစရိတ်၊ တည်းခိုခနဲ့ ပေါင်းလိုက်ရင် $5000 လောက် တော့ သွားမှာပါပဲ။ နောက်ပြီးတော့ Cisco Live က ရမဲ့ Credit ကို ၇၀ အထိသာ ကန့်သတ် ထားပါတယ်။


အရင်က PEC (Partner Education Connection) ဆိုပြီး ရှိပါတယ်။ အဲဒီမှာ အွန်လိုင်းသင်တန်းတွေ၊ လက်တွေ့ လုပ်ဖို့အချိန်တွေ အလကား အသုံးပြုခွင့် ရှိပါတယ်။ ပီးခဲ့တဲ့ နှစ်အနည်းငယ်က PEC အစား Cisco SalesConnect ဆိုပြီး ပြောင်းလိုက်ပါတယ်။ PEC မှာရခဲ့တဲ့ အတိုင်း ရသေးသလားတော့ သေသေချာချာ မကြည့်ရသေးဘူး။ အဲဒါတွေကနေပြီး Credit အတွက် ရနိုင်မယ်ဆိုရင်တော့ ငွေကြေးအားဖြင့် အနည်းငယ် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါလည်း Partner Level Company မှာ ရှိနေတဲ့သူအတွက်ပဲ အဆင်ပြေ မှာပါ။ Cisco Live website မှာ အရင့် အရင်ပွဲတွေက ဟောပြောထားတဲ့ နည်းပညာ ဟောပြောပွဲတွေ အများကြီးရှိပါတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ အကြောင်းအရာတွေ (Offline archive videos/presentation) တွေကို အသုံးပြုပြီး Credit ယူလို့ ရ မရဆိုတာတော့ သေသေချာချာရှင်းပြထားတာ မတွေ့မိသေးပါဘူး။ အဲဒီဟာတွေကနေ Credit ပေးသင့်ပါတယ်။ 

ဒီလိုပုံစံမျိုးကို (ISC)² ရဲ့  Certificates တွေဖြစ်တဲ့ CISSP လိုမျိုး လက်မှတ်တွေမှာအသုံးပြုနေတာ ကြပါပြီ။ CPE (Continuing Professional Education) လို့ခေါ်တယ်။ တစ်နှစ်ကို အခု ၄၀ နဲ့ ၃ နှစ်အတွက် စုစုပေါင်း ၁၂၀ ပြည့်အောင် တင်ပေးရတယ်။ သူကတော့ Vendor Specific မဟုတ်တဲ့အတွက် ကြိုက်တဲ့ဟာ လေ့လာ လို့ရပါတယ်။ Security နဲ့ ပက်သက်တာတွေရော မပက်သက်တာတွေကိုပါ ခွင့်ပြုပါတယ်။ စာရေးလို့ရတယ်၊ စာအုပ်ဝယ်ဖတ်ပြီး ကိုယ်ဘယ်လောက် နားလည်တယ်ဆိုတာ ရေးတင်လို့ရတယ်၊ အွန်လိုင်းဟောပြောပွဲတွေ နားထောင်လို့ရတယ် စသဖြင့် နည်းလမ်းမျိုးစုံရှိပါတယ်။ အများစုက အခမဲ့ပါ။ အလကားပါ။ တပြားမှ မပေးရပါ။ နှစ်စဉ်ကြေး $85 သွင်းရပါတယ်။ အခမဲ့ CPE တွေက Credit ပေးတာနည်းတယ်ဆိုရင် ကိုယ်ကြိုက် တဲ့ သင်တန်းကို ပိုက်ဆံပေးတက်၊ ပြီးရင် Credit ရဖို့အတွက် တင်ပြရင်လည်း ရနိင်ပါတယ်။ 1hr session = 1 CPE ပါ။ အခပေးရော အခမဲ့ ပါ နှစ်မျိုးစလုံးနဲ့ CPE ကို ဖြည့်လို့ရပါတယ်။

ဒီတော့ Cisco အနေနဲ့လည်း တကယ်သာ ဖြစ်စေချင်ရင် အခုထက်ပိုတဲ့ Resource တွေထပ်မံဖြည့်တင်းပြီး အခမဲ့ ရနိုင်မဲ့ နည်းလမ်းများကို လည်းထပ်ထည့်ပေးသင့်တယ်လို့ထင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ရည်ရွယ်ချက်က သိပ်ပြီးတော့ အားရစရာမရှိပါဘူး။ တနည်းအားဖြင့် အခပေး သင်တန်းများကို တက်လာအောင်၊ Cisco Live ကို ပိုပြီး လူလာအောင် လုပ်တဲ့ Marketing နဲ့ ဆက်နွယ်တဲ့ အစီအစဉ်တစ်ခုလို့ ထင်ရပါတယ်။ ဒီအတိုင်းဖြေရင် Written exam အတွက် စာအုပ်ဝယ်ဖတ်တာ၊ စာမေးပွဲကြေး သွင်းတာ $1000 ဆို လောက်ပါပြီ။ ဒီတော့ အခုလို အစီအစဉ်မျိုး ပြောင်းလာတာ ဝမ်းသာစရာဆိုပေမယ့် $$$ Focus ဖြစ်နေပုံထောက် တာကတော့ သိပ်မနိပ်ပါဘူး။

https://learningnetwork.cisco.com/community/certifications/cisco-continuing-education-program







ကိုဖြိုး

Sunday, 28 May 2017

ဆိုင်ဘာရန်များမှ ကင်းဝေးရေး ဝိုင်းဝန်းကူညီဝေမျှပေး

(ISC)2 INSPIRING A SAFE AND SECURE CYBER WORLD

CISSP တစ်ယောက်ဖြစ်လာပြီဆိုရင် လိုက်နာဖို့အတွက် (ISC)2 ကနေချမှတ်ထားတဲ့ Code of Ethics တွေရှိပါတယ်။ အဲဒါတွေကတော့ အောက်ကဖော်ပြထားတဲ့ အချက် ၄ ချက်ပါ။

* Protect society, the common good, necessary public trust and confidence, and the infrastructure.
* Act honorably, honestly, justly, responsibly, and legally.
* Provide diligent and competent service to principles.
* Advance and protect the profession.

အဲဒီအချက်တွေအထဲကမှ ပထမဆုံး အချက်ဟာ အင်တာနက်တို့ အွန်လိုင်းတို့ လို့ခေါ်တဲ့ Cyber World အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာ အများစုကို ကာကွယ်ဖို့၊ ကူညီဖို့၊ ဒီကိစ္စတွေကို သေသေချာချာ မသိသေးတဲ့သူတွေ၊ နားမလည်သေးတဲ့ ကလေးငယ်တွေ၊ အိုင်တီနဲ့ ရင်းနှီးမှုမရှိတဲ့ လူကြီးတွေကို ကိုယ် တတ်နိုင် တဲ့ အပိုင်းကနေ အသိပညာပေးဖို့၊ မိမိပတ်ဝန်းကျင်က Cyber World နဲ့ ထိတွေ့ နေတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံလို အင်တာနက်ကို အရှိန်အဟုန် နဲ့ ထိတွေ့လာတဲ့ နိုင်ငံမျိုး၊ နေရာမျိုးအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ ထက် အရင်ရှေ့ ရောက် နေတဲ့ နိုင်ငံတွေမှာတောင် Cyber Bullying တွေ၊ Cyber Crime တွေကြောင့် ပြဿနာတွေ ဖြစ်ပေါ် နေတာ နေ့စဉ်နဲ့ အမျှပါပဲ။ အလုပ်တွေမှာလည်း အိုင်တီလုံခြုံရေးကို တာဝန်ယူထားရတဲ့ အဖွဲ့ အစည်းတွေ ကလည်း ဝန်ထမ်းတွေကို အမြဲလိုလို သတိပေး၊ ပညာပေးတွေ လုပ်နေပါတယ်။ အဲဒါတွေကို တွေ့မြင်မိတိုင်း ကျွန်တော့်တို့ နိုင်ငံက အိုင်တီ၊အင်တာနက်ကို ဖုံးတွေက တဆင့် စတင်ရင်းနှီးလာစဖြစ်တဲ့ ကလေးတွေ၊ လုကြီးတွေအတွက် စိုးရိမ်ပူပန်မိပါတယ်။ လူငယ် လူရွယ်တွေ မှာလည်း တချို့ က အိုင်တီကို သိကြပေမယ့် လုံခြုံရေးအသိအနေနဲ့ မသိသေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အင်တာနက် အွန်လိုင်း သုံးတော့မယ် ဆိုရင် သိထားသင့်တဲ့ လုံခြုံရေးဆိုင်ရာ အသိပေးချက်တွေကို လေ့လာထားသင့်ပါတယ်။

The Internet is a great place to learn, shop, and connect with friends and family, but it can also be dangerous. Learn how to protect yourself from sneaky predators, identity thieves, and online scammers.

ဘယ်လိုလေ့လာရမလဲ၊ ဘာတွေဖတ်ရမလဲဆိုရင်တော့ (ISC)2 ကနေ ပြင်ဆင်ပေးထားတဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ https://safeandsecureonline.org ကနေလေ့လာနိုင်ပါတယ်။ အဲဒီမှာ အင်တာနက် အသုံးပြုနေတဲ့ သူတွေအတွက် သိထားသင့်တဲ့ အချက်တွေကို အုပ်စုခွဲထားပြီး သိသင့်သလို ဖော်ပြထားပါတယ်။ ကလေးတွေအတွက်ဆိုရင်လည်း စိတ်ဝင်စားလာအောင် ဂိမ်းတွေ၊ ကာတွန်းပုံပြင်လေးတွေ အနေနဲ့ ဖော်ပြထားပြီး ပေးလိုတဲ့အဓိကအချက်တွေကို ကလေးတွေ မှတ်မိအောင် လုပ်ပေးထားပါတယ်။  




ကလေးတွေအတွက်
https://safeandsecureonline.org/children/

40% of children have chatted online with a stranger. The online chats have the potential to turn into dangerous situations. This is where you come in.

မိဘတွေ၊ အုပ်ထိမ်းသူတွေအတွက်
https://safeandsecureonline.org/parents-guardians/

လူကြီးများအတွက်
https://safeandsecureonline.org/seniors/

အိုင်တီ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ (Facebook) အကြောင်းတွေကို နားလည်ပြီးသား လူငယ်လူရွယ်တွေ အနေနဲ့လည်း ဒီအထောက်အကူပြု အချက်အလက်တွေကို အသုံးပြုပြီးတော့ ကိုယ့်ရဲ့ ကလေး၊ အဖိုးအဖွား လူကြီးတွေကိုလည်း ပြောပြ ရှင်းပြပေးဖို့တိုက်တွန်းလိုပါတယ်။ ဒါမှသာ အင်တာနက်၊ ဆိုရှယ်မီဒီယာ ကနေ တဆင့် ကိုယ့်ရဲ့ တကယ့်အပြင်က ကိုယ့်ဘဝထဲကို ဝင်ရောက်လာနိုင်တဲ့ မလိုလားအပ်တဲ့ ကိစ္စတွေကို တားဆီးပေးနိုင်မှာဖြစ်ပါတယ်။ ကျောင်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့လည်း Volunteers တွေအဖြစ် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို မျှဝေပေးသင့်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း လိုအပ်လို့လာခေါ်ရင် Volunteer အဖြစ် လာရောက်ပေးဖို့ကြိုးစားပေးပါမယ်။

တတ်နိုင်သလောက် မိမိရဲ့ ပတ်ဝန်းကျင်ကို ကူညီကြရင်း Cyber World ထဲမှာလုံခြုံစိတ်ချစွာ လေ့လာ သင်ယူ ဆက်သွယ်နိုင်ကြပါစေ။

 ကိုဖြိုး

Monday, 22 May 2017

ISIS on XR



XR ပေါ်မှာ Configuration ရေးတဲ့ ပုံစံဟာ သက်ဆိုင်တဲ့ Protocol အောက်၊ Address-family အောက်မှာ ရေးလေ့ရှိတဲ့ အတိုင်း ISIS ဟာလည်း သူနဲ့ သက်ဆိုင်တဲ့ Config တွေကို protocol အောက်မှာတင် အကုန်ရေးလို့ ရပါတယ်။ ထုံးစံအတိုင်း Neighbor Up/Down Status ကို ကြည့်ဖို့ရာအတွက်လည်း သီးသန့်ရေးပေးရပါတယ်။ အဲလိုမှ မဟုတ်ရင် မမြင်ရပါဘူး။ သီအိုရီကတော့ အတူတူပါပဲ ဒါပေမယ့် LinkState ခြင်း အတူတူ OSPF ကိုသာ အသုံးများကြတာမို့ သိပ်ရင်းနှီးမှု မရှိပါဘူး။ SP environment မှာသာ မြင်တွေ့ရလေ့ရှိတဲ့ IOS XR လိုပါပဲ။ အခုနောက်ပိုင်းတော့ Fabric ကြောင့် Enterprise ဖက်ကိုပါ ဆက်နွယ်လာပြီ ဖြစ်ပါတယ်။ လွယ်ကူအောင် Single Level နဲ့ Level 2 သီးသန့် LAB တစ်ခုအဖြစ်နဲ့ စမ်းကြည့်တာပေါ့။

Level 2 ဟာ OSPF နဲ့ ယှဉ်ကြည့်ရင် Backbone area နဲ့ သွားတူတာကြောင့် Route တွေဖလှယ်ရာမှာ လွယ်ကူပါတယ်။ ဒါပေမယ့် Backbone Area လို့တော့ မသုံးပါဘူး။ Level 2 router တွေတိုက်ရိုက်ချိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ Level 1 ကတော့ OSPF က NSSA နဲ့တူသလို Intra-area သီးသန့်ပါ။ Level 2 route တွေကိုလက်မခံပဲ Default route အဖြစ်နဲ့သာ အပြင်ကိုထွက်ပါတယ်။ L2 route တွေလိုချင်ရင်တော့ Redistribution သပ်သပ်လုပ်ရပါတယ်။ ISIS မှာပြောတဲ့ Area က NET Address မှာပါတဲ့ Area အစိတ်အပိုင်းကိုပြောတာဖြစ်ပါတယ်။ IS IS တခုနဲ့တခု ဆက်သွယ်ဖို့ရာအတွက် လိုအပ်တဲ့ တခုတည်းသော address လို့ ဆိုရင်လည်းရပါတယ်။ NET (Network Entity Title) ဆိုတာကတော့ OSPF မှာဆိုရင် Router ID နဲ့တူပါတယ်။ NSAP address တခုဖြစ်ပြီး IDP နဲ့ DSP ဆိုပြီးခွဲထားပါတယ်။  ISIS router  တွေရဲ့  နောက်ဆုံး NSEL က 0 ပါ။
ဥပမာ
49.0001.1111.1111.1111.00

Area address = 49.0001
System ID = 1111.1111.1111
NSEL = 00
အသေးစိတ်ကိုတော့ NSAP အကြောင်းရေးထားတာကို သေချာဖတ်ကြည့်မှ နားလည်ပါလိမ့်မယ်။

Neighbor ဖြစ်ဖို့ရန်အတွက် Level တူရပါတယ်။ Network Type အနေနဲ့ Broadcast နဲ့ Point to point နှစ်မျိုးသာရှိပါတယ်။ OSPF လိုအများကြီး မရှိပါဘူး။ Broadcast Network မှာ OSPF DR အစား DIS ဆိုတာရှိပါတယ်။ BDR တော့ မရှိပါဘူး။ Basic Configuration အနေနဲ့တော့ သိပ်ပြီးရှုပ်ထွေးမှုမရှိပါဘူး။ NET အပြင် ဘယ် Level မှာအလုပ် လုပ်မလဲ၊ ဘယ် address-family မှာသုံးမလဲ ထည့်ရေးရပါတယ်။


RP/0/0/CPU0:XRV2#conf t
RP/0/0/CPU0:XRV2(config)#router isis xrv
RP/0/0/CPU0:XRV2(config-isis)# net 49.1212.0000.0000.0002.00
RP/0/0/CPU0:XRV2(config-isis)#interface Loopback0
RP/0/0/CPU0:XRV2(config-isis-if)# passive
RP/0/0/CPU0:XRV2(config-isis-if)#address-family ipv4 unicast
RP/0/0/CPU0:XRV2(config-isis-if-af)#
RP/0/0/CPU0:XRV2(config-isis-if-af)#interface GigabitEthernet0/0/0/0
RP/0/0/CPU0:XRV2(config-isis-if)#circuit-type level-2-only
RP/0/0/CPU0:XRV2(config-isis-if)#address-family ipv4 unicast
RP/0/0/CPU0:XRV2(config-isis-if-af)#interface GigabitEthernet0/0/0/1
RP/0/0/CPU0:XRV2(config-isis-if)#  circuit-type level-2-only
RP/0/0/CPU0:XRV2(config-isis-if)#address-family ipv4 unicast
RP/0/0/CPU0:XRV2(config-isis-if-af)#commit


Neighbor/ Adjacency ကြည့်ဖို့အတွက်။ ဒီမှာမြင်ရတဲ့ SNPA ဟာ Neighbour router interface ရဲ့  MAC ပါ။ Neighbour ဟာ IP ပေါ်မှာ အလုပ်လုပ်တာမဟုတ်ပဲ DataLink Layer ကနေလုပ်သွားတာကို သတိပြုရပါမယ်။

RP/0/0/CPU0:XRV2#sh isis neighbors
IS-IS xrv neighbors:
System Id      Interface        SNPA           State Holdtime Type IETF-NSF
XRV1           Gi0/0/0/0        5000.0001.0001 Up    27       L2   Capable
VXR            Gi0/0/0/1        ca03.22bd.001c Up    8        L2   Capable

RP/0/0/CPU0:XRV2#sh isis adjacency
IS-IS xrv Level-1 adjacencies:
System Id      Interface        SNPA           State Hold Changed  NSF IPv4 IPv6
                                                                       BFD  BFD

IS-IS xrv Level-2 adjacencies:
System Id      Interface        SNPA           State Hold Changed  NSF IPv4 IPv6
                                                                       BFD  BFD
XRV1           Gi0/0/0/0        5000.0001.0001 Up    26   00:05:50 Yes None None
VXR            Gi0/0/0/1        ca03.22bd.001c Up    8    00:04:25 Yes None None

Total adjacency count: 2

RP/0/0/CPU0:XRV1#sh int g0/0/0/0 | i bia
  Hardware is GigabitEthernet, address is 5000.0001.0001 (bia 5000.0001.0001)

Route တွေကြည့်ဖို့အတွက်။

RP/0/0/CPU0:XRV2#sh route ipv4 isis

i L2 1.1.1.1/32 [115/10] via 12.12.12.1, 00:04:10, GigabitEthernet0/0/0/0
i L2 3.3.3.3/32 [115/10] via 192.168.2.2, 00:02:52, GigabitEthernet0/0/0/1
i L2 192.168.1.0/24 [115/20] via 192.168.2.2, 00:02:52, GigabitEthernet0/0/0/1
                    [115/20] via 12.12.12.1, 00:02:52, GigabitEthernet0/0/0/0

IOS မှာဆိုရင်

VXR#sh isis neighbors

Tag xrv:
System Id      Type Interface   IP Address      State Holdtime Circuit Id
XRV1           L2   Fa0/0       192.168.1.1     UP    23       VXR.01
XRV2           L2   Fa1/0       192.168.2.1     UP    26       VXR.02

VXR#sh clns neighbors
Tag xrv:
System Id      Interface   SNPA                State  Holdtime  Type Protocol
XRV1           Fa0/0       5000.0001.0002      Up     27        L2   IS-IS
XRV2           Fa1/0       5000.0002.0002      Up     23        L2   IS-IS

VXR#sh ip route isis

      1.0.0.0/32 is subnetted, 1 subnets
i L2     1.1.1.1 [115/10] via 192.168.1.1, 00:10:23, FastEthernet0/0
      2.0.0.0/32 is subnetted, 1 subnets
i L2     2.2.2.2 [115/10] via 192.168.2.1, 00:03:01, FastEthernet1/0
      12.0.0.0/24 is subnetted, 1 subnets
i L2     12.12.12.0 [115/20] via 192.168.2.1, 00:03:01, FastEthernet1/0
                    [115/20] via 192.168.1.1, 00:03:01, FastEthernet0/0

အခုလောက်ဆို ISIS ကို သိပ်မစိမ်းတော့ဘူးတော့ ယူဆပါတယ်။

ကိုဖြိုး