Sunday, 26 July 2015

Active -> Standby-> Listen နဲ့ HSRP

HSRP လို့ဆိုလိုက်ရင် CCNA ရထားသူတိုင်းသိကြပါတယ်။ အင်တာဗျူးမှာမေးရင်လည်း အတော်များများက အေးဆေးပါဆိုတဲ့ပုံစံနဲ့ဖြေဆိုလေ့ရှိကြပါတယ်။ ဒါပေမယ့် အများစုဟာ Active နဲ့ Standby အပြင် Listen ဆိုတာရှိသေးတယ်ဆိုတာကို သတိမထားမိကြပါဘူး။ အသုံးလည်းနည်းတဲ့အတွက် မသိကြတာပါ။ ပုံမှန်အားဖြင့် HSRP ကို Router ၂ လုံးလောက်ပဲသုံးကြတဲ့အတွက် Active နဲ့ Standby ဆိုပီးပီပေါ့၊ ဒါပေမယ့် Router ၃ လုံးမှာသုံးမယ်ဆိုရင် နောက်ဆုံး Priority အနိမ့်ဆုံး တလုံးဟာ ဝင်ရောက်ပက်သက်မှုမရှိသေးပဲ Listen State မှာရှိနေပါတယ်။ ပထမ Router တွေထဲက တခုခုဖြစ်တော့မှ လိုအပ်တဲ့ အနေအထားပေါ်မူတည်ပီး Standby ဖြစ်စေ၊ Active ဖြစ်စေ ပြောင်းပီးတာဝန်ယူပါတယ်။ အပြင်မှာတကယ်သုံးရဲ့လားလို့ဆိုရင် သုံးပါတယ်။ ဒါပေမယ့် Preempt ဆိုတာကိုတော့ မမေ့ဖို့လိုပါတယ်။ ဒါမှသာ စီစဉ်ထားတဲ့ Priority အတိုင်း အတက်အကျကို ပြန်ရမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ အနိမ့်ဆုံးက Active ဖြစ်ပီးရင် ဘယ်တော့မှပြန်မဆင်းတော့ပဲ ကိုယ်စီစဉ်ထားတဲ့ Design နဲ့လွဲချော်သွား နိုင်ပါတယ်။

HSRP စတင်တဲ့အခါ Group အထဲကနေ ဘယ်သူက Priority အမြင့်ဆုံးလဲရွေးကြပါတယ်။ အမြင့်ဆုံးသူက Active ပေါ့၊ အဲဒီ Active Router က HSRP Group IP ကို ကိုယ်စားပြုပီး Virtual MAC address ကိုထုတ်ပေးပါတယ်။ ဒါကို Show arp ခေါ်ကြည့်လိုက်ရင် တွေ့နိုင်ပါတယ်။ အဲဒီအချိန်မှာ Standby နဲ့ Listen Router တွေမှာ ဒီ MAC ဟာရှိမနေသေးပါဘူး။ Group IP ကို PING ကြည့်မှ၊ ဒါမှမဟုတ် Active ဖြစ်လာမှသာ အဲဒီ MAC ကိုတွေ့ရမှာပါ။ ဒီနေရာမှာ အဲဒီ Virtual MAC ဟာ ကိုယ်သုံးထားတဲ့ Group Number နဲ့ ပက်သက်နေတယ်ဆိုတာကို သိထားသင့်ပါတယ်။ 0000.0c07.ac19 ဆိုတာဟာ Group 25 ရဲ့ Virtual MAC ဖြစ်ပါတယ်။ 19 ဟာ 25 ရဲ့ Hex ဖြစ်ပါတယ်။ ဒီတော့ MAC ရဲ့နောက်ဆုံး ၂လုံးကို ကြည့်ရင် Group number ကိုသိနိုင်ပါတယ်။ ဒီလိုပဲ Group number ကိုသိရင် MAC ကိုလည်းသိနိုင်တာပေါ့။ တခြား MAC သုံးလို့ရသလားဆိုရင် ရပါတယ်၊ bia ခေါ် Interface က MAC ဒါမှမဟုတ်ရင် ကိုယ်ပေးချင်တဲ့ MAC ကိုလည်း ပေးလို့ရပါတယ်။ မလိုအပ်ရင်တော့ မပြောင်းတာကောင်းပါတယ်။ Version 2.0 မှာသုံးတဲ့ MAC range က 0000.0c9f.f000 – ffff ဖြစ်ပီးတော့ Group number ဟာလည်း 0-4095 အထိသုံးလို့ရပါတယ်။

Group အထဲက Router တွေဟာ Hello packets တွေနဲ့ Multicast IP ဖြစ်တဲ့ 224.0.0.2 ကိုပို့ပီး အချင်းချင်းဆက်သွယ်ကြပါတယ်။ ဒီတော့ ACL တခုခုကသာ အဲဒီ Multicast address ကိုပိတ်နေခဲ့ရင် ပြဿနာဖြစ်နိုင်ပါတယ်။ Active Standby အချင်းချင်းမတွေ့တော့ပဲ နှစ်ဖက်စလုံး Active ဖြစ်နေတတ်ပါတယ်။ Hello နဲ့အတူတွဲပီးသိရမှာကတော့ Timer ပါ၊ Hellotime နဲ့ Holdtime ဆိုပီး ရှိပါတယ်။ Default အနေနဲ့ 3 seconds နဲ့ 10 seconds ဖြစ်ပါတယ်။ Version 2.0 မှာတော့ Multicast address က 224.0.0.102 ကိုသုံးပါတယ်။ IANA ရဲ့ Multicast space registry မှာတော့ 224.0.0.2 ဟာ “All Routers on this subnet” လို့ဆိုပီး 224.0.0.102 ကိုတော့ HSRP လို့ဆိုပါတယ်။ 224.0.0.2 ဟာ HSRP တခုထဲမှာအသုံးပြုတာမဟုတ်ပါဘူး၊ 224.0.0.102 ကတော့ သီးသန့်ဖြစ်ပုံရပါတယ်။

http://www.iana.org/assignments/multicast-addresses/multicast-addresses.xhtml

ပုံမှန်အားဖြင့် HSRP ဟာရှင်းလင်းပီး ပြဿနာဖြစ်ခဲပါတယ် များသောအားဖြင့် LAN ဖက်ကဖြစ်တဲ့ ပြဿနာတွေကြောင့်သာ သူ့ကိုလာပီးထိခိုက်စေပါတယ်။ LAN segment နှစ်ခုကြားမှာ အသုံးပြုတဲ့အခါမျိုးမှာ Traffic ဟာ Active Router ကနေအပြင်ထွက်သွားပေမယ့် ပြန်လာမယ့် Return Traffic ဟာ အဲဒီဖက်ကနေပဲပြန်လာမယ်လို့ ပြောလို့မရပါဘူး၊ ဒီတော့ HSRP သုံးထားရင် Asymmetric Routing/ Path ကိုကြုံတွေ့ရဖို့များပါတယ်။ အဝင်ကော အထွက်ကောကိုပါတူစေချင်ရင်တော့ နှစ်ဖက်စလုံးမှာ HSRP အသုံးပြုမှရပါလိမ့်မယ်၊ ဒါပေမယ့် များသောအားဖြင့် အတွင်းက LAN အပြင်က WAN Circuit တွေနဲ့ Full redundancy ရဖို့အတွက် မတူညီတဲ့ Carrier ကိုသာအသုံးပြုလေ့ရှိကြတာကြောင့် နှစ်ဖက်လုံးမှာအသုံးပြုဖို့ရာ မလိုအပ်လောက်ပါဘူး။ Redundancy က အဓိကလိုအပ်ချက်ဖြစ်တဲ့အတွက် WAN ဖက်အခြမ်းကိုထည့်စဉ်းစားဖို့ကလည်းလိုပါတယ်။ WAN ဖက်က Circuit ပြဿနာဖြစ်နေရင် Active router ဟာ တခြားအဆင်ပြေတဲ့ဖက်က Standby Router ကို Active Router အဖြစ်တာဝန်ယူခိုင်းသင့်ပါတယ်။ Admin ကဝင်ရောက်ပီး ပြောင်းပေးတာထက်စာရင် အလိုအလျောက် Track ကိုအသုံးပြုပီး Priority ကိုလျော့ချစေတဲ့ပုံစံမျိုးနဲ့ အသုံးပြုသင့်ပါတယ်။ အခုနောက်ပိုင်းမှာ Serial Circuit တွေအစား ME (Metro Ethernet) တွေသာအသုံးများလာတဲ့အတွက် IP SLA ကို Track နဲ့ရောပီး အသုံးပြုမှသာ ပိုပီးအဆင်ပြေပါလိမ့်မယ်။

HSRP အကြောင်းမေးလာရင် အခုလိုအကြောင်းအရာအနည်းငယ်ကို ထည့်ပီးပြောနိုင်ခဲ့မယ်၊ ဖြေနိုင်ခဲ့မယ်ဆိုရင် အင်တာဗျူးတဲ့လူ မျက်စိကျစရာ ဖြစ်လာပီး အမှတ်ပိုရနိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ HSRP က Redundancy အတွက် အသုံးပြုတာ၊ Cisco Proprietary ဖြစ်တယ်၊ Active/Standby အနေနဲ့အသုံးပြုတယ်ဆိုတဲ့ ပုံမှန်ကြားနေကြအဖြေမျိုးတွေထက်တော့ သာမှာအသေချာပါပဲ။ ဆက်စပ်ပီး မေးလာနိုင်တာတွေကတော့ VRRP နဲ့ GLBP ပါ၊ HSRP အကြောင်းသိရင် သူတို့အကြောင်းကိုလည်း သိထားသင့်ပါတယ်။ နောက်ဆုံးတခု အနေနဲ့ကတော့ HSRP ဟာ CCNA မှာသာမကပဲ CCNP CCIE အဆင့်တွေမှာပါ ပါနေသေးတယ် ဆိုတာပါသိထားစေချင်ပါတယ်။

ကိုဖြိုး

No comments:

Post a Comment