Friday 28 August 2015

IT ပညာရှင်တွေသိထားသင့်တဲ့ ITIL

အရင်ကအလုပ်တခုမှာတုန်းကပါ။ တစ်ရက်အပြင်ကပြန်ရောက်ရောက်ချင်း အဖွဲ့ထဲကတယောက်က ဖြိုး မင်းကိုဒါရိုက်တာလာရှာသွားတယ် ပြီးတော့သူခရီးသွားဖြစ်လို့မတွေ့တော့ဘူး၊ မင်းကိုဒါတွေမှာသွားတယ်ဆိုပြီး သူရေးမှတ်ထားတာတွေကိုလာပြောပါတယ်။ ပြီးတော့ ပြောသေးတယ် အဲဒီအထဲက အခေါ်အဝေါ်အတော်တော်များများကို သူမသိဘူးလို့ပြောတယ်။ ဘာတွေပြောသွားတာလဲလို့မေးကြည့်တော့ Customer အားလုံးရဲ့ CI list တွေလိုချင်တယ်လို့ပြောတယ်။ ပြီးတော့ သူ CAB meeting မတက်နိုင်တဲ့အတွက် အရေးကြီးတဲ့ CR တွေပါရင် သေချာစစ်ဆေးဖို့၊ နောက်လလုပ်မဲ့ DR drill အတွက် BCP ကိုင်တဲ့ မန်နေဂျာနဲ့ အစည်းအဝေးလုပ်ပြီး အပြီးသတ်ဖို့ဆိုပြီးမှာသွားပါတယ်။ အဖွဲ့ထဲမှာ ဂျူနီယာဖြစ်တဲ့အတွက် သူမသိတာမဆန်းပါဘူး။ ဒါပေမယ့် သူကိုတော့ မင်း ITIL သင်တန်းတက်ဖို့စုံစမ်းထား ဆိုပြီးပြောလိုက်တယ်။

ဒီဝေါဟာရတွေဟာ အလုပ်ထဲမှာနေ့စဉ်နီးပါးအသုံးပြုဖြစ်နေတဲ့ စကားလုံးတွေပါ၊ Cisco ကိုင်တဲ့ Network Engineer ဖြစ်ဖြစ် Microsoft ဖက်က System Engineer ပဲဖြစ်ဖြစ် IT သမားတွေအားလုံး သိထားသင့်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဒီကိုရောက်စတုန်းက အစည်းအဝေးတွေတက်ရင် အခုလိုမရင်းနှီးတဲ့ စကားလုံးတွေပါလာရင် ကိုယ်လဲမသိပါဘူး။ မြန်မာပြည်မှာ အရင်လုပ်ခဲ့တဲ့ အချိန်တုန်းက ဒီအသုံးအနှုံးတွေ သုံးမှမသုံးခဲ့ပဲ။ နောက်တော့မှာ ဒါတွေဟာ ITIL ကလာတဲ့ စကားတွေမှန်းသိရတယ်။ အလုပ်က အတင်းတက်ခိုင်းတာနဲ့ မတက်ချင်တက်ချင်နဲ့ သွားတက်ခဲ့ရတာပေါ့။ ဒီတော့မှ ITIL ဟာ တတ်ထား သိထားသင့်ပါလားဆိုတာသိရတယ်။ ဟုတ်ပါပြီ အဲဒီ ITIL ဆိုတာဘာလဲ။

ITIL (Information Technology Infrastructure Library) ကိုအရှင်းဆုံးပြောကြမယ်ဆိုရင် IT service management ဖက်မှာအသုံးပြုသင့်တဲ့ လိုက်နာသင့်တဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို သေသေ ချာချာစနစ်တကျလေ့လာ ပြုစုထားတဲ့ Framework တစ်ခုဖြစ်ပါတယ်။ သူ့အတိုင်းလိုက်လို့ရမယ်လို့မဆိုလိုပါဘူး ဒါပေမယ့် Best Practice/ recommendations လို့ဆိုထားတဲ့အတွက် သူရဲ့လုပ်ဆောင်ပုံတွေအတိုင်း လိုက်လုပ်နိုင်ရင် အမှားအယွင်းနဲတဲ့ IT services operation တစ်ခုကို လုပ်ငန်းရဲ့လိုအပ်ချက်အတိုင်း လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ စတင်အသက်သွင်းခဲ့တာကတော့ ၁၉၈၀ ခန့်က UK အစိုးရရဲ့ CCTA (Central Computer and Telecommunications Agency) ဖြစ်ပါတယ်။  ITIL v1 အနေနဲ့စခဲ့တာဖြစ်ပြီး အခုဆိုရင် ITIL v3 ကိုအဓိကမှီငြမ်းပြီး အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ Certificate အနေနဲ့ကတော့ Foundation level, Intermediate level, Expert level နဲ့ Master level ဆိုပြီးခွဲထားပါတယ်။ Foundation level ကိုကိုယ်ဖာသာ ဖတ်ပြီးဖြေလို့ရပေမယ့် တခြားအဆင့်တွေကိုတော့ သင်တန်းတက်ပြီးမှဖြေလို့ရပါတယ်။ ဒါကလဲ သဘာဝကျပါတယ်၊ သူ့ရဲ့ပါဝင်တဲ့အကြောင်းအရာတွေက ဆရာတွေ၊ တခြားလူတွေနဲ့ ဆွေးနွေးပြီးတက်မှသာ နားလည်နိုင်မှာဖြစ်ပြီး အုပ်စုလိုက် Workshop ပုံစံမျိုးသင်ယူရတာတွေလဲပါပါတယ်။ ITIL Master တယောက်ဖြစ်ဖို့ကလဲ အတော်ခက်ပါတယ်။

ITIL မှာအဓိကအားဖြင့် Service Strategy, service design, service transition, service operation နဲ့ continual service improvement ဆိုတဲ့အဓိကခေါင်းစဉ်တွေရှိပါတယ်။ အဲဒီအထဲကမှ Operation သမားအများစုဟာတော့ Service transition, operation နဲ့ CSI လို့ခေါ်တဲ့ Continual service improvement တွေနဲ့သက်ဆိုင်ပါတယ်။ အခုအပေါ်ကပြောခဲ့တဲ့ အခေါ်အဝေါ်တွေဟာ အဲဒီအထဲကဖြစ်ပါတယ်။ CI ဆိုတာကိုတော့ Configuration Item လို့ခေါ်ပါတယ်၊ Operation တစ်ခုအောက်မှာလည်ပတ်နေတဲ့ အရာတွေကို CI တစ်ခုအနေနဲ့သတ်မှတ်လို့ရပါတယ်။ ဥပမာ Router တစ်လုံးဟာလဲ CI ပါပဲ။ CAB ဆိုတာကတော့ Change Advisory Board ကိုဆိုလိုတာဖြစ်ပါတယ်။ Network/System စတာတွေကို Configure လုပ်ဖို့လိုတဲ့အခါ၊ ပြောင်းလဲဖို့လိုတဲ့အခါ CR လိုဆိုတဲ့ Change Request တင်ရပါတယ်၊ ဘယ်အချိန်မှာဘာလုပ်မယ်၊ ဘယ်အဖွဲ့ကလုပ်မယ်၊ ဘယ် CI ကိုပြောင်းလဲမယ် စသဖြင့်ပေါ့၊ ပြီးရင်အဆင်မပြေရင် ပြန်ပြောင်းဖို့ Fall back plan တွေလဲပါဝင်ဖို့လိုတာပေါ့။ ဒါတွေကိုကြည့်ပြီးမှ ခုနကပြောခဲ့တဲ့ CAB အဖွဲ့ကလုပ်သင့်မလုပ်သင့်ဆုံးဖြတ်ကြပါတယ်။

DR ဆိုတာကတော့ Disaster Recovery ဆိုတာကိုပြောတာပါ။ IT infrastructure/ Data Centre ဟာ အကြောင်းတခုခုကြောင့် ဖြစ်လာနိုင်တဲ့ပြဿနာတွေကြောင့် Infrastructure တွေကိုထိခိုက်လာရင် လုပ်ငန်းခွင်မထိခိုက်အောင်၊ အလုပ်ဆက်လက်လုပ်ဆောင်နိုင်အောင် DR site တွေထားရှိရပါတယ်။ ပြီးတော့ အဲဒီ DR site ဟာ အမှန်တကယ်ကော အလုပ်လုပ်ရဲ့သလားဆိုတာကို ပုံမှန်စစ်ဆေးနေရပါတယ်။ ဒါမှသာ တကယ်ပြဿနာတက်လာရင် အလုပ်ဖြစ်မှာပေါ့။ အဲဒါကို DR Drill လုပ်တယ်လို့ဆိုပါတယ်။ IT အပြင်မှာဆိုရင်တော့ Fire Drill လိုမီးလောင်ရင်ဘာလုပ်မလဲဆိုတာ လေ့ကျင့်ထားတာမျိုး၊ ကိုယ့်ကားရဲ့ စပယ်ရာဘီးကို လေရှိမရှိစစ်ဆေးတာမျိုး၊ ကားဂျိုက်ထောက် ကောင်းမကောင်းစစ်တာ စတာတွေဟာ DR drill တွေလို ကြိုတင်ပြင်ဆင်ထားတာတွေပါပဲ။ ဒါတွေကတော့ BCP လို့ခေါ်တဲ့ Business Continuity Planning ပဲခေါ်ခေါ် ITSCM (IT service continuity management) ပဲဖြစ်ဖြစ် စတဲ့ခေါင်းစဉ်အောက်မှာရှိပါတယ်။

မြန်မာပြည်မှာ ဒါတွေလိုနေပြီလား၊ တကယ်ကောအသုံးဝင်ပါ့မလားဆိုပြီတော့ တစ်ချို့ကလဲမေးချင်မှာပါ။ အခုလိုအပြင်က အဖွဲ့အစည်းတွေဝင်လာတဲ့အချိန်မှာ ဒါတွေဟာ အနှေးနဲ့အမြန်လိုအပ်လာမယ့် အရာတွေဖြစ်ပါတယ်။ MNC လို့ခေါ်လေ့ရှိကြတဲ့ Multinational Corporation တွေအများစုဝင်လာရင်တော့ သေချာပေါက်လိုအပ်လာမယ်လို့ပြောလို့ရပါတယ်။ ဒီ MNC တွေအားလုံးဟာ ITIL framwork အတိုင်းအလုပ်လုပ်လေ့ရှိကြတဲ့အတွက် သူတို့ရဲ့ Infra ကိုကိုင်တွယ်မဲ့ ပညာရှင်တွေကို ITIL အကြောင်းနားလည်တဲ့၊ သိတဲ့သူတွေကိုသာ ဦးစာပေးခေါ်ယူနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဥပမာ CCNP သမားချင်းအတူတူ ဆိုရင် ITIL ပါရထားတဲ့သူကပိုပြီးအခွင့်အရေးရပါလိမ့်မယ်။ 

https://www.axelos.com/best-practice-solutions/itil/what-is-itil

ကိုဖြိုး

No comments:

Post a Comment