Wednesday 21 October 2015

ဖတ်၍မကုန် ယူလို့မခမ်း

Networking ကိုလေ့လာရာမှာ သင်တန်းတွေအပြင်၊ စာမေးပွဲတွေအတွက်ထုတ်ထားတဲ့ စာအုပ်တွေ၊ ပညာရပ်ဆိုင်ရာသီးသန့် ရေးထားတဲ့ စာအုပ်တွေ၊ ဖိုရမ်တွေ၊ ဘလော့တွေ စသဖြင့် ထောင့်မျိုးစုံကနေလေ့လာကြရပါတယ်။ ဒါမှတဆင့် သက်ဆိုင်ရာဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရင်းနဲ့လည်း အလုပ်ခွင်က ကြုံတွေ့ရတဲ့ ဗဟုသုတတွေ၊ လုပ်ငန်းခွင်မှာ အဓိကနေရာတွေကနေ တာဝန်ယူလုပ်ဆောင်နေကြတဲ့ အတတ်ပညာရှင်တွေရဲ့ နည်းပညာဖလှယ်မှုတွေကိုလည်း နားထောင်ရပါတယ်။ နောက်ပြီးတော့ ပစ္စည်းထုတ်လုပ်သူတွေ နည်းပညာ ထုတ်ကုန်မိတ်ဆက်ပွဲတွေကိုလည်း သွားရောက်ပြီး ကိုယ်နဲ့ဆိုင်တဲ့ နည်းပညာနယ်ပယ်ထဲမှာ ဘာတွေတော့ အပြောင်းအလဲဖြစ်နေပြီ၊ ရှေ့လမ်းကြောင်းတွေက ဘယ်လိုတော့ ရှိနိုင်တယ်၊ စသဖြင့်ကိုလည်း မျက်ချေမပြတ်သင့်ပါဘူး။ နည်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုကြမယ့် အတတ်ပညာရှင်တယောက် ဖြစ်ချင်တယ်၊ ဖြစ်လာပြီ၊ဆိုရင် အဲဒါတွေကိုရပ်လို့မရတော့ပါဘူး။ သင်တန်းတခုတက်ပြီးသွားယုံနဲ့ပွဲမပြီးသွားပါဘူး။ ဒါဟာ အစပါ။  ကိုယ့်ရဲ့ အသိပညာကို စဖွင့်လိုက်တာနဲ့အတူတူပါပဲ။ အဲဒီလို စသိသွားပြီဆိုရင် လေ့လာရတာပိုပြီးကောင်းလာတာ တွေ့ရပါတယ်။ တီဗွီဇတ်လမ်းတွေ ကြည့်သလိုပေါ့၊ စ စချင်းမှာ သိပ်စိတ်ဝင်စားစရာမကောင်းတဲ့ ဇတ်ကားတောင် ဇတ်ရည်လည်လာတာနဲ့ အမျှနောက်ထပ်ဆက်ကြည့်ချင်စိတ်ပေါ်လာသလိုပေါ့။

 ဒါပေမယ့် အဲဒါတွေအတွက် အမြဲတမ်း အကုန်အကျခံရမယ်ဆိုရင်တော့ ဘယ်လွယ်လိမ့်မလဲ၊ အလကားရနိင်တဲ့နေရာတွေ၊ အဖွဲ့အစည်းကပံ့ပိုးပေးမယ့် အထောက်အပံ့တွေ ရှာထားရတာပေါ့။
Cisco Networking လေ့လာသူတွေအနေနဲ့ကတော့ သိပ်ပြီးဝေးဝေးလံလံ လိုက်ရှာနေစရာမလိုပါဘူး။ Cisco documentation လို့ခေါ်တဲ့ Cisco Product documents တွေကိုလိုက်ပြီးလေ့လာယုံနဲ့ တင်အချိန်မလောက်ပါဘူး။ Product ကိုအသားပေးရေးထားတဲ့ အကြောင်းအရာတွေသာမက Internetworking နဲ့သက်ဆိုင်တဲ့ နည်းပညာတွေကိုလဲ တွေ့နိုင်ပါတယ်။ ပြီးရင် Cisco Community အထဲဝင်ပြီး မေးချင်တာတွေမေး၊ သူများတွေ အမေးအဖြေလုပ်ထားတာတွေကို ဖတ်ရင်းနဲ့လည်း ကိုယ်တိုင်မကြုံတွေ့နိင်တဲ့ အတွေ့အကြုံတွေကိုမြည်းစမ်းကြည့်လို့ရပါတယ်။ ဒါမှအားမရသေးရင် တနှစ်ကို လေးကြိမ်ကျင်းပတဲ့ Cisco Live ဆိုတာရှိပါသေးတယ်၊ ဒါပေမယ့် အာရှဖက်မှာလုပ်တဲ့ အရေအတွက်နဲတာကြောင့် သွားတက်ဖို့က သိပ်မလွယ်ပါဘူး။ အချိန်အရကော ကုန်ကျစရိတ်ကပါ မသေးပါဘူး။အနီးဆုံးအနေနဲ့ Melbourne မှာပဲလုပ်ပါတယ်။ ဒါပေမယ့် Cisco Live မှာလာရောက်ပြောဆိုကြတဲ့ ပညာရှင်တွေ၊ အကြောင်းအရာတွေဟာ စိတ်ဝင်စားစရာကောင်းပြီး အပြင်မှာ ထုတ်ဝေထားတဲ့ စာအုပ်တွေမှာ ရှာဖွေမတွေ့နိုင်တဲ့ အရာတွေ ပါပါတယ်။ Online event တွေဆိုရင်တော့ Live တက်လို့ရပါတယ်။


အဆင်ပြေတာကတော့ အဲဒီပွဲတွေကနေ ရိုက်ကူးထားတဲ့ Video တွေ၊ Presentation တွေကို Cisco Live website မှာ အကုန်ပြန်ကြည့်လို့ရပါတယ်။ User account register လုပ်ထားပြီး ဘယ်အချိန်တုန်းကကျင်းပခဲ့တဲ့ပွဲတုန်းက ပြောသွားတဲ့အရာတွေဖြစ်စေ၊ ကိုယ်သိချင်တဲ့ နည်းပညာပိုင်းဆိုင်ရာ သီးသန့်ပဲဖြစ်စေ စသဖြင့်ရွေးချယ်ပြီး ကြည့်လို့ရပါတယ်။ ကိုယ့်ဖက်က အချိန်ပေးနိင်ဖို့ရယ်၊ အင်တာနက်ကောင်းဖို့ရယ်ပဲ လိုပါတယ်။ Cisco Live On-demand library မှာကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ရွေးချယ်ပြီး ကြည့်နိုင်ပါတယ်။ မြန်မာပြည်အတွက်တော့ Video ကိုကြည့်ဖို့အခက်အခဲရှိနိုင်ပေမယ့် PDF/ PPT File ကိုတော့ အလွယ်တကူ Download ယူပြီးဖတ်လို့ရပါတယ်။ ဒီတော့ ဘာဖတ်ရမှန်းမသိတဲ့သူတွေ၊ ကုန်ကျစရိတ်တွေကြောင့် နှောင့်နှေးနေနဲ့သူတွေ၊ နည်းပညာကိုရူးသွပ်နေသူတွေအတွက် ဖတ်၍မကုန်နိုင်စရာတွေ အင်တာနက်ပေါ်မှာ အလကားရှိနေပါတယ်လို့ သတင်းပေးလိုပါတယ်။ မိမိရဲ့ စိတ်အားထက်သန်မှုနဲ့အချိန်ပေးနိင်မှုပေါ်မူတည်ပြီးတော့ ကိုယ်ဘယ်လောက်အထိ လိုက်လုပ်နိုင်မလဲဆိုတာပဲ ကြည့်ရမှာပါ။


www.ciscolive.com








ကိုဖြိုး

No comments:

Post a Comment