Sunday 8 October 2017

စိတ်ချပါရစေ။



ကျွန်တော်တို့ ငယ်စဉ်က ဘောလုံး ကစားကြတဲ့အခါ ရှိတဲ့သူငယ်ချင်းတွေနဲ့ အရေအတွက် ညီမျှစွာ လူခွဲပြီး နှစ်ဖက်ခွဲကန်လေ့ရှိပါတယ်။ အဲဒီလို ခွဲတဲ့အခါ ကန်တတ်တဲ့သူ အကန်ကောင်းတဲ့သူဆိုရင် ကိုယ့်ဖက်က ကစားဖို့ လုကြပါတယ်။ ဒါမှသာ ကိုယ့်ဖက်က နိုင်ဖို့ အခြေအနေ ပိုသာမှာ ဖြစ်ပါတယ်။ နိုင်ဖို့ အပြင် တခြားအဓိက တစ်ချက် ကျန်ပါသေးတယ်။ ငယ်တုန်းအခါကတော့အဲဒီအချက်ကို သတိပြုမိမယ် မထင် ပါဘူး။ သူပါရင် ကိုယ်ဖက်က သာမယ်၊ မရှုံးနိုင်ဘူးဆိုတာလောက်ပဲ မြင်တာလေ။ အဲဒီမှာ မသိစိတ်က သူ့ကို ယုံကြည်မှု၊ စိတ်ချမှုဆိုတာက အဓိက တွန်းအားပေးတဲ့ အချက်ပါ။ ယုံကြည်မှုပေါ့။ အသင်းဖော် အဖြစ် အားထား ယုံကြည်ရသူ တစ်ယောက်အဖြစ်ပေါ့။

နောက်တခါ ကောင်းကောင်းမကစားတတ်တဲ့သူ၊ ငယ်တဲ့သူ တွေပါလာရင် သိပ်မလိုချင်ကြသလို အာလူး ဘူးသီးဆိုပြီး ထည့်မတွက်ပဲ ပေးကစားခဲ့ရတဲ့ ကစားဖော်တွေလဲ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ သူတို့ကို အပြည့်အဝ မယုံကြည်ရလို့ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းလိုက်မလဲ၊ အငယ်တွေ ဆိုရင်လဲ တဖက်က သဘာရင့် ကစားသမားရဲ့ လှည့်ကွက်ကို သိနိုင်ပါ့မလား၊ အတွေ့အကြုံ ရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထားနေရတဲ့ အတွက် မခေါ်ချင်ကြပါဘူး။ ဒါ အားလုံးကြုံခဲ့ဖူးကြမယ့် ငယ်ဘဝ က အခြေအနေ တစ်ခုပါ။

အခု လုပ်ငန်းခွင်ထဲ ရောက်လာပြီ၊ လုပ်ဖော်ကိုင်ဖက်တွေ အများကြီးနဲ့ လုပ်နေရတဲ့ အချိန်မှာ ငယ်ငယ်က ကြုံခဲ့ရတဲ့ အားထားရတဲ့ ကစားသမားလား အာလူး ဘူးသီးလားဆိုတဲ့ ခွဲခြားမှုဟာ ပိုပြီးသိသာ ပြင်းထန်လာပါတယ်။ ငယ်ငယ်က ကစားတာဆိုတော့ ဘာဖြစ်ဖြစ် အဆင်ပြေသလို ကစားခဲ့ကြပေမဲ့ အလုပ်လုပ်လာရတဲ့ အချိန်မှာတော့ တာဝန် ဆိုတဲ့ အရာကြောင့် လက်ခံလို့မရတော့တဲ့ အခြေနေမျိုးတွေ ကြုံတွေ့လာပါတယ်။ တခါတလေမှာ အာလူး ဘူးသီးတွေကို ဖယ်ထုတ်ရတဲ့ အထိ ဖြစ်လာတာ တွေ့ရပါတယ်။ ဒီနေရာ စဉ်းစားဖို့လိုလာတာက ကိုယ်ကပဲ ရွေးချယ်ရတဲ့သူ အဖြစ် အမြဲရှိနေနိုင်မလား၊ ကိုယ်ကရော အရွေးချယ်ခံ ကစားသမား တစ်ယောက် ဖြစ်နိင်ချေ ရှိလားဆိုတဲ့ အချက်ပါ။ သေချာတာကတော့ အရွေးချယ်ခံ ဖြစ်ဖို့က ရာခိုင်နှုန်း ပိုများတယ်ဆိုတာပါပဲ။

ဒီလိုဆို ကိုယ်က ဘယ်လိုလူမျိုးဖြစ်သင့်လဲ ဆိုတာ မေးစရာ မလိုတဲ့ မေးခွန်းတစ်ခုပါ။ ဘယ်သူမှအာလူး ဘူးသီး အဖြစ်မခံချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ လုပ်ပုံ ကိုင်ပုံ၊ အတတ်ပညာ၊ အသိပညာကျွမ်းကျင်နှံ့စပ်ပုံ၊ အလုပ်ပေါ်  တာဝန်ယူမှု စတာတွေကို ကြည့်ပြီး ကျန်တဲ့ လုပ်ဖော် ကိုင်ဖက်၊အထက်လူကြီးတွေက ဆုံးဖြတ်မှာပါ။ ကိုယ်က ပါးစပ်နဲ့ အောင်လက်မှတ်တွေနဲ့ ငါ အာလူး ဘူးသီး မဟုတ်ဘူးကွဆိုပြီး ပြောယုံနဲ့မရပါဘူး။ ဒါဆို ခရမ်းသီးပေါ့ဆိုပြီး လှောင်ပြောင်ကြပါလိမ့်မယ်။ဘာနဲ့ သက်သေ ပြရမလဲ ဆိုရင်တော့ အလုပ်နဲ့ သက်သေပြရပါမယ်။ ဒါက အတိုပြောတာပါ။ ဘယ်လို အလုပ်နဲ့ သက်သေ ပြရမလဲဆိုတာ တွေက အချက်အလက်တွေ အများကြီးနဲ့ ပေါင်းစပ်ထားတာပါ။ 

အခြေခံကျတဲ့ အချက်တွေ ပြောပါဆိုရင်တော့ အရင်ဆုံး အမှားကင်း/နဲ ရပါမယ်။ မမှားတဲ့သူ မရှိဘူးဆိုပေမယ့် မကြာခဏ မှားနေတဲ့သူကိုတော့ ဘယ်သူမှ မကြိုက်ပါဘူး။ ၂၀၁၇ နှစ်ဆန်းပိုင်းက Amazon က ဝန်ထမ်း တစ်ယောက်ရဲ့ အမှားကြောင့် AWS service down သွားပြီး ထိခိုက်ပျက်စီးမှု အများကြီး ဖြစ်သွားပါတယ်။ သူမှားတာ Command တစ်ကြောင်း မှားသုံးမိသွားလို့ပါ။ဒီတော့ ကိုယ့်အမှားဟာ ဘယ်လောက်အတိုင်းအတာ အထိ သွားမယ်ဆိုတာ မှန်းဆဖို့ လိုအပ်ပါတယ်။ ဥပမာ ပြောရရင် Network Change တွေ ကိုယ်တွယ်တဲ့အခါမှာ အဲ့ဒီ Change ကြောင့်ဘာတွေထိခိုက်နိင်လဲဆိုတဲ့ Impact analysis ကို ထည့်တွက်ရပါတယ်။ AWS ကိစ္စဖတ်ကြည့်ချင်ရင်

Amazon human error
https://www.recode.net/2017/3/2/14792636/amazon-aws-internet-outage-cause-human-error-incorrect-command

https://aws.amazon.com/message/41926/

နောက်ထပ် ကြည့်မယ်ဆိုရင် ဘာကြောင့်မှားတာလဲ ဆိုတဲ့ ကိစ္စပါ။ ကျွမ်းကျင်မှုမရှိလို့ သို့မဟုတ် မသေချာလို့၊ ပေါ့ဆလို့၊ အလေးထားမှု ပေါ့လျော့လို့ဆိုတဲ့ နောက်ဆက်တွဲ ကိစ္စတွေပါလာပါတယ်။ ကျွမ်းကျင်မှု မရှိတာက လေ့လာသင်ယူလို့ရပေမဲ့ ကျန်တဲ့ကိစ္စတွေက မသိမသာ အသားကျ နေခဲ့တဲ့ ကိုယ့်ရဲ့လုပ်ပုံ ကိုင်ပုံ တွေနဲ့ အကျင့်ကြောင့် ဆိုရင်တော့ သင်ယူယုံနဲ့မရ ကိုယ်တိုင် ပြင်ယူမှ ရမှာ ဖြစ်ပါတယ်။ ဒါမှာသာ ကိုယ်ရှေ့ဆက်ရမဲ့ လမ်းကြောင်းအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါတွေက ပြင်လို့ရတဲ့ ကိစ္စတွေ၊ လုပ်ဖော်ကိုင်ဖက် တွေရဲ့ ကောင်းတဲ့ အချက်တွေကနေ အတုယူလို့ ရတဲ့ ကိစ္စတွေပါ။

အခြားအချက်တွေဖြစ်တဲ့ တာဝန်ယူမှု၊ အချိန်တိကျမှု၊ စေ့စပ်သေချာမှု၊ လိုက်လျောညီထွေရှိမှု၊ခေါင်းဆောင် နောက်လိုက် သူ့နေရာသူ လုပ်ဆောင်တတ်မှု စတဲ့ ကိစ္စတွေအပြင် စကားပြော၊အရေးအသား ကျွမ်းကျင်မှု၊ ကိုယ့် အလုပ်နဲ့ ပတ်သက်တဲ့ နည်းပညာ နယ်ပယ်မှာ ကျွမ်းကျင်မှု၊ဆက်စပ်နေတဲ့ နည်းပညာများအပေါ် ဖတ်ရှုလေ့လာထားမှု တွေက လုပ်ဖော်ကိုင်ဖက်ချင်း၊ အဖွဲ့အစည်း တစ်ခု အတွင်း ယုံကြည် အားကိုး အားထားရတဲ့ သူတစ်ယောက် အဖြစ်ကို တွန်းပို့ပေးမဲ့ အရာတွေ ဖြစ်ပါတယ်။

ကိုယ်တိုင်လဲ ဒါတွေကို ကြိုးစားဖြည့်တင်းနေဆဲဖြစ်သလို အခုမှ လုပ်ငန်းခွင်ကို ဝင်လာကြမဲ့ လူငယ် ခြေတက်တွေကို အရောင် တောက်ပလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြောပြရတာ ဖြစ်ပါတယ်။ အချိန်တွေ ကြာလာပေမဲ့ အာလူး ဘူးသီး ဘဝ ကနေ မတက်ဆိုရင်တော့ မကောင်းပါဘူး။အလုပ်တွေ ပြောင်းသွား သည့်တိုင် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ ဆရာတွေက ငယ်ငယ်က ဘောလုံးအသင်း လူလုတဲ့ ပုံစံအတိုင်း မင်းနဲ့ငါ နောက်တကြိမ်လောက် အတူတူ ပြန်လုပ်ချင်သေးတယ်၊ မင်းနဲ့ဆို အချိန်မရွေး ပြန်လုပ်ဖို့ အသင့်ပဲ ဆိုတဲ့ စကားမျိုးတွေ ပြန်ကြားရတဲ့ပီတိဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာ တချိန်မှာ သိလာနိင်သလို၊ ဒါတွေဟာ ကိုယ့်ရဲ့ အောင်မြင်မှုကို ပြသနေတဲ့ အချက်တွေဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ဒီတော့ ကိုယ့်အတွက် အလုပ်အကိုင် အခွင့်အရေးရဖို့ လက်မှတ်တွေဖြေ၊ လေ့လာ လိုက်စားမှုတွေ ပြီးလို့ အလုပ်ထဲစတင်ဝင်ရောက်တဲ့ အချိန်ကစပြီး အားထားရတဲ့ Reliable person အဖြစ် ရပ်တည် နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ကိုဖြိုး


No comments:

Post a Comment