Sunday 24 December 2017

၂၀၁၇ မှရှေ့သို့။

၂၀၁၇ ကတော့ ရက်အနည်းငယ် အတွင်းမှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ကုန်သွားတာ မြန်တယ်လို့ထင်ရပေမဲ့ ဒီနှစ်အတွင်းမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေကတော့ အတော်များပါတယ်။ သက်ရောက်မှု အများဆုံးကိစ္စတွေကတော့ Wannacry attack နဲ့ IoT industry တို့က အရှေ့ဆုံး ကနေပါဝင်ခဲ့တာတွေ့ရပါတယ်။ Wannacry ကြောင့် လုံခြုံရေးသမားတွေ အပါအဝင် အ်ိုင်တီသမားတွေ အတော်ပဲ အလုပ်ရှုပ်ခဲ့သလို IoT Devices တွေကြောင့် အိုင်တီသမားတွေသာ မက တခြား အလုပ်သမား တွေပါ အလုပ်ပြုတ်ခဲ့တာတွေ့ရပါတယ်။

IoT devices တွေရဲ့ လုပ်ဆောင်နိုင်မှု၊ အိုင်တီစနစ်တွေမှာ ပါဝင်လာမှုဟာ အရှိန်မြင့်လာတဲ့အတွက် အလုပ်နေရာ အတော်များများမှာ ကုန်ကျစရိတ် လျော့ချတဲ့အနေနဲ့ လူအင်အားအသုံးပြုမှုကို လျော့ချ လာပါတယ်။ ဥပမာ Supermarket တွေမှာ အရောင်းဝန်ထမ်း၊ ငွေကိုင် တွေအစား ကိုယ်တိုင် ငွေပေးချေတဲ့ စက်တွေနဲ့ အသုံးပြုမှု၊ လေဆိပ်မှာ ကိုယ်တိုင် Check in ဝင်တဲ့စနစ်တွေကြောင့် Ground staff တွေ သိပ်မလိုတော့တာတွေ၊ IoT devices တချို့ကြောင့် SOHO/SME တွေမှာ အိုင်တီဝန်ထမ်းတွေ သိပ်မလိုတော့တာတွေ၊ စတာတွေအပြင် နောက်ဆုံး အလိုအလျောက် ကြမ်းပြင်သန့်ရှင်းရေးလုပ်တဲ့ စက်ကလေးတွေကြောင့် တချို့ရုံးတွေမှာ သန့်ရှင်းရေး ဝန်ထမ်းတွေ အမြောက်အများ ထားစရာ မလိုလောက် တော့ အထိ သက်ရောက်မှု ရှိခဲ့ပါတယ်။

အိုင်တီသမားတွေကတော့ IoT အပြင် Cloud Computing ရဲ့ ရိုက်ခတ်မှုကိုပါ ထပ်မံခံစားရပါတယ်။ အကုန်လုံးကို မိုးပေါ်က Cloud ကိုသာ ထိုးပို့နေကြတော့တဲ့ အတွက် အိုင်တီနဲ့ ပက်သက်တဲ့ အလုပ်အကိုင်တွေ အတော်နည်းသွားတာကိုလည်းတွေ့ရပါတယ်။ In-house application တွေအစား Cloud based apps တွေနဲ့ subscription နဲ့ အသုံးပြုတဲ့ လပေး၊ နှစ်စဉ်ပေး စနစ်နဲ့ Capex ကို တတ်နိုင်သလောက် လျော့ချပြီး အသုံးပြုကြပါတယ်။ In-House data center တွေ၊ Co-location တွေအစား AWS/Azure တို့လို Cloud ပေါ်က Computing resource ကို ငှားသုံးလာကြပါတယ်။ ဒီတော့ Application ၊ Systems ၊ Network ရှိသမျှ Layer 1-7 မှာ အလုပ်လုပ်နေတဲ့ အိုင်တီသမား အားလုံး ထိခိုက် ကုန်ပါတယ်။ နည်းပညာ တိုးတက်မှု ကြောင့်ဆိုပေမဲ့ အဖွဲ့အစည်း အတော်အများများရဲ့ ရွေးချယ်မှုကတော့ ကုန်ကျစရိတ်၊ ငွေကြေးကြောင့်ပါ။ အဆုံးအဖြတ်ပေးရတဲ့ C-Level သမားတွေမှာ Financial Figure တွေနဲ့တွဲပြီး ဆုံးဖြတ်ရတဲ့ အတွက် Presentation slide တွေပေါ်က ကိန်းဂဏန်းတွေရဲ့ ကွာခြားမှုကို မလွန်ဆန်နိုင်တာ တွေ့ရပါတယ်။

ဒါတွေဟာ တကယ်ရော အသုံးဝင် အဆင်ပြေကြရဲ့လား ဆိုတာ အဲဒီအပြောင်းအလည်းထဲမှာ ပါဝင်တဲ့သူတွေက ပိုပြီးသိပါလိမ့်မယ်။ အဆင်ပြေတာတွေ ရှိသလို ပြဿနာတွေလည်း အများအပြားပါ။ IoT Devices တွေရဲ့ ဖြစ်သလိုလုပ်လာတဲ့ Firmware/application ကြောင့် ပြဿနာတွေတက်ခဲ့သလို၊ Cloud လို့ဆိုပြီး တကယ်တမ်းမှာ စာရွက်ပေါ်မှာ ရေးထားတဲ့ Cloud အစစ်ရဲ့ facility မရပဲ ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့ Migration phase မှာပြဿနာတွေ တက်နေတာတွေလည်း ဒုနဲ့ဒေးပါ။ Cloud မှာအဆင်ပြေတာများတာကတော့ SaaS ပါ။ ဒီတော့ Cloud ဆိုတဲ့အတိုင်း အားလုံးအဆင်ပြေသွားမယ်လို့ တွက်ထားလို့မရပါဘူး။ သေသေချာချာ အိမ်စာလုပ်ပြီး စနစ် တကျ ပြောင်းမှာသာလျှင် အဆင်ပြေမှာပါ။ ကိုယ့်အဖွဲ့အစည်းအတွင်းမှာလည်း ရှေ့မှီ၊ နောက်မှီ နည်းပညာ အားလုံးကို နားလည်ထားတဲ့သူ ရှိဖို့လည်း လိုပါတယ်။ မဟုတ်ရင် Cloud Provider ဖက်က စကားလုံးအသစ်တွေနဲ့လာမဲ့ Pre-sales Engineer နဲ့ ကိုယ့်ဖက်က ခေါင်းမာတဲ့ Old school day Engineer တွေနဲ့တွေ့ရင် ပိုပြီး နှောင့်နှေးပါလိမ့်မယ်။

ဟာ…ဒါဆိုကျုပ်တို့က ဘာဆက်လုပ်ရမှာလဲ။ မေးလာနိုင်ကတော့ အခုမှ CCNA တက်ပြီး Networking လောကကို ဝင်လာမဲ့လူငယ်တစ်ယောက်။ အဖြေကတော့ ဆက်လုပ်ပါ။ IoT တွေ၊ Cloud တွေ အစားထိုးလာပေမဲ့ အဲဒါတွေဟာ Physical Backbone တွေမှာ မှီခိုနေရသေးတယ်ဆိုတာ အသိသာကြီးပါ။ Cloud Infrastructure ကို လုပ်ဆောင်တဲ့နေရာမှာလည်း  Physical DC/ circuit တွေကကို ကိုင်တွယ်တဲ့ Back-end Engineer တွေ ရှိနေသေးတယ်ဆိုတာလည်း မမေ့စေလိုပါဘူး။ နောက်တခါ Internetworking မှာ အသုံးပြုတဲ့ Layers တွေ IP Addressing တွေ၊ Routing တွေဟာလည်း အသုံးဝင်နေဆဲပါ။ လုံး၀ပျောက်ကွယ်သွားတဲ့ နည်းပညာတွေ မဟုတ်ပါဘူး။ ဒီတော့ Cloud computing ပဲလုပ်မယ်၊ Systems/Network တွေ ဆက်ပြီး မလေ့လာတော့ဘူးဆိုတဲ့သူတွေဟာ Cloud Computing အကြောင်းကို သေသေချာချာ မလေ့လာရသေးတဲ့ သူတွေလို့ဆိုနိုင်ပါတယ်။ ဒီလိုပြောလို့ Traditional Network/Systems တွေဖက်ကလိုက်ပြောတာမဟုတ်ပါဘူး။ Systems/Network သမားတွေ အနေနဲ့ အခုသင်ယူနေတဲ့ CCNA/ MCSE တို့ဟာ အခြေခံဖြစ်သွားပါပြီ။ Special Skillets အဆင့်မှာ မရှိတော့ဘူးလို့ပြောလို့ရပါတယ်။ အဲဒီ အခြေခံတွေ အပေါ်ကနေ အခုခေတ်ပေါ် နည်းပညာတွေကို လိုက်လုပ်နိုင်မှသာလျင် ရှားပါးလာတဲ့ အလုပ်ခွင် တွေထဲမှာ ရှိနေတဲ့ သူတွေ၊ စက်တွေနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၁၇ ဟာ နည်းပညာအသစ်တွေတိုးတက်လာတာနဲ့ အတူ အိုင်တီနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့သူတွေအတွက် အထိနာတဲ့ နှစ်လို့မြင်ပါတယ်။ ခေတ်အပြောင်း အလဲဟာလည်း ပိုပြီးမြန်ဆန်လာသလို ရေရှည်ရပ်တည်ဖို့အတွက် အပြောင်းအလဲတွေကို အသိအမှတ်ပြုပြီး အဲဒီအပြောင်းအလဲ လမ်းကြောင်းကြီးမှာ လိုက်ပါသွားနိုင်အောင် ကိုယ့်ရဲ့ အရည်အသွေးတွေကို နေရာစုံကနေ လိုက်ပြီး မြှင့်တင်ကြဖို့ လိုလာပြီလို့ ပြောပြနေတဲ့ နှစ်လို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါတွေကို စိတ်ပျက်စရာအနေနဲ့ ဘေးထွက်ပြီး ကြည့်နေမဲ့ အစား ရှေ့သို့ဘယ်လို ဆက်လှမ်းမယ်ဆိုတာကို သုံးသပ်ပြီး ၂၀၁၈ အတွက် ပြင်ဆင်ကြပါစို့။
 

ကိုဖြိုး။

pic-1 Self check out machine in Singapore

pic-2 Foodcourt tray return Robot in Singapore
pic-3 Self check-in machine in Singapore
pic-3 Tablet attached toilet in Switzerland




No comments:

Post a Comment