BGP ရဲ့ Routes တွေကို ဘယ်လိုဖလှယ်လဲ Route-map တွေနဲ့ Attributes တွေကိုဘယ်လိုပြောင်းလို့ရလဲဆိုတာတွေ ရေးပြီးတဲ့အချိန်မှာ နောက်ထပ်သတိထားစရာတွေကို ထပ်ပြီးကြည့်ဖို့ လိုအပ်ပါသေးတယ်။ အဲဒီထဲကမှ Prefix limitation အကြောင်းကို ကြည့်ကြတာပေါ့။ ဒီအကြောင်းရေးဖို့ ဖြစ်လာတဲ့တွန်းအားကတော့ လမ်းပေါ်ကပါပဲ။ အရင်ရေးခဲ့တဲ့အကြောင်းအရာတွေမှာလဲ လမ်းပေါ်ကမြင်တွေ့နေကြကိစ္စတွေနဲ့ နှိုင်းယှဉ်ပြီးရေးခဲ့ဘူးပါတယ်။ ပိုပြီးတော့မြင်သာအောင်လို့ပါ။ ဒီတခါကတော့ ကားကြပ်တဲ့ကိစ္စနဲ့တွဲပြီး စဉ်းစားကြတာပေါ့။
မကြာသေးခင်ကရန်ကုန်ကိုပြန်ရောက်တုန်း သတိထားမိတာကတော့ ကားတွေပိုများလာပြီး လမ်းတွေပိုပြီးတော့ကြပ်လာတာတွေ့ရပါတယ်။အရေးပေါ်ဆေးရုံကားတို့ မီးသတ်ကားတို့အတွက် အရေးပေါ်လာရင် အမြန်သွားဖို့အတွက်တောင် အခက်အခဲဖြစ်နေပါတယ်။ သေချာပေးထားတဲ့လမ်းတွေကလဲမရှိ (No Priority/ No QoS) လမ်းနဲ့ကားအရေအတွက်ကလဲမမျှ (Infrastructure/ Capacity issue) တဲ့အတွက် မီးလောင်ရင်လဲအချိန်မှီသွားရောက်ငြိမ်းသတ်ဖို့မလွယ်၊ အသက်လုရမည့်လူနာလဲလမ်းပေါ်မှာတင် အသက်ဆုံးရမည့် အနေအထားတွေဖြစ်လာနိုင်ပါတယ်။ ပြောရရင်တော့ သေချာစီမံကိန်းရေးဆွဲထားခြင်းမရှိတဲ့ မှားယွင်းတဲ့ အစီအစဉ်ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲအကျိုးတွေပါပဲ။ ဘယ်ကစလဲဆိုရရင် ကိုယ့်မှာရှိတဲ့ Infrastructure/ Facility ကိုမလေ့လာ မသုံးသပ်၊ စနစ်ကြတဲ့ Policy/ Direction မရှိပဲ ကားတွေကို အကန့်အသတ်မရှိသလောက်ပေးသွင်းခဲ့တာက စတယ်လို့ယူဆရပါတယ်။
Network မှာလဲဒီလိုပါပဲ။ ကိုယ်သုံးတဲ့ Hardware ရဲ့ စွမ်းဆောင်နိုင်မှု၊ ရွေးချယ်တဲ့ နည်းပညာ၊ပုံစံ၊ အစီအမံ အစရှိတဲ့ အသေးစိတ်တွေကိုအရင်လေ့လာပြီးမှ ကိုယ်နဲ့ကိုက်ညီမဲ့ Design/ Hardware/ Protocols စသဖြင့်ရွေးချယ်အသုံးပြုရပါတယ်။ ပစ္စည်းတခုဝယ်မယ်ဆိုရင်လည်း ထုတ်လုပ်သူဖက်ကပေးထားတဲ့ Data Sheet လို့ခေါ်တဲ့ အသေးစိတ်ကိုသေချာဖတ်ကြည့်ပြီး လိုချင်တဲ့ Specification/ performace ရနိုင်ပြီး အသုံးတည့်မယ့်ပစ္စည်းကိုဝယ်ယူရပါတယ်။ BGP သုံးတဲ့အခါမှာလဲ ထို့အတူပါပဲ။ ဘယ်နေရမှာ သုံးမှာလည်း၊ Peers/ Neighbors တွေဘယ်နှစ်ခုရှိလည်း၊ Routes/Prefix တွေဘယ်လောက်များလဲ၊ ကိုယ့်ရဲ့ Hardware ကရော BGP အသုံးပြုဖို့အတွက်လုံလောက်ရဲ့လားဆိုတာကို အရင်လေ့လာသင့်ပါတယ်။ ကိုယ့်မှာရှိတဲ့ RAM ထက် ကိုယ်လက်ခံတဲ့ Routes အရေအတွက်ကများသွားရင် BGP Restart ဖြစ်ပြီး Network Interruption ဖြစ်နိုင်ပါတယ်။ Network ပြတ်တောက်မှုအတွက် ထိခိုက်နိုင်တာတွေ၊ အရေးပါပုံတွေကို အရင်က ရေးခဲ့ပြီးတဲ့အတွက် ထပ်မရှင်းတော့ပါဘူး။
Internet routing တွေကိုလက်ခံရမည့် Router တွေမှာဆိုရင်ပိုပြီးဂရုစိုက်ရပါတယ်။ အခုဆိုရင် တကမ္ဘာလုံးရဲ့ Internet Routes တွေဟာ ၅သိန်း ကျော်လာခဲ့ပါပြီ။ ဒီတော့ အဲဒီ ပမာဏကိုလက်ခံနိုင်ဖို့ အတွက် Router တစ်လုံးမှာရှိရမဲ့ RAM လိုအပ်ချက်ကို သေချာကြည့်ရပါမယ်။ Cisco ကထုတ်ပြန်ထားတဲ့ Cisco Router တွေရဲ့လိုအပ်ချက်နဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ကို Cisco Forum မှာ ပြီးခဲ့တဲ့နှစ်က The Size of the Internet Global Routing Table and Its Potential Side Effects ခေါင်းစဉ်နဲ့ဆွေးနွေးထားပါတယ်။ ဒီလင့်မှာ သေချာဖတ်ကြည့်ပါ။
https://supportforums.cisco.com/document/12202206/size-internet-global-routing-table-and-its-potential-side-effects
လိုအပ်ရင် အဆင်မြှင့်၊ အသစ်ဝယ်ဆိုတာလဲ လက်တွေ့မှာသိပ်လွယ်တဲ့ကိစ္စမဟုတ်ပါဘူး၊ ငွေကြေးအရကော၊ အစားထိုးဖို့ပြင်ဆင်ရတာတွေအနေနဲ့ပါအခက်အခဲရှိပါတယ်။ အထူးသဖြင့်အချိန်ပေါ့။ ပြဿနာကတက်နေပြီဆိုရင် ပစ္စည်းဝယ်ပြီးလဲတဲ့အထိကို ဘယ်လိုမှစောင့်ဖို့ရာမဖြစ်နိုင်ပါဘူး။ ဒီတော့ တခြားနည်းနဲ့ ဖြေရှင်းရပါတယ်။ ဒီကိစ္စမှာတော့ Workaround အနေနဲ့ BGP maximum prefix ကိုဖြစ်ဖြစ် Prefix အငယ်တွေလက်မခံခြင်းဖြစ်ဖြစ်၊ ဒါမှမဟုတ် Default Route အသုံးပြုခြင်းနဲ့ ယာယီဖြေရှင်းရပါလိမ့်မယ်။
http://www.cisco.com/c/en/us/support/docs/ip/border-gateway-protocol-bgp/25160-bgp-maximum-prefix.html
Configuration ပိုင်းအရအထွေအထူးပြောနေစရာမလိုပါဘူး။
http://www.cisco.com/web/about/security/intelligence/protecting_bgp.html#8
ဒီအကြောင်းအရာဟာလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Secuity ဖက်ကနေပြီးတော့ရေးထားတာပါ။ အဲဒီမှာလဲ Maximum prefix အကြောင်းရေးထားပါတယ်။
ကျွန်တော်တို့ ရန်ကုန်မြို့မှာလည်း လမ်းတွေ၊တံတားတွေဆောက်ပြီး လမ်းပန်းဆက်သွယ်ရေးကိုကောင်းအောင်ပြုပြင်နေတုန်း ယာယီဖြေရှင်းနည်းတွေနဲ့ကျောင်းကား၊ဆေးရုံကားနဲ့ မီးသတ်ကားတို့လို အရေးကြီးတဲ့ယာဉ်တွေသွားသွားဖို့ Workarounds တွေကိုဖန်တီးပေးနိုင်မယ် စီစဉ်ပေးနိုင်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ဆုံးရှူံးမှုတွေကို လျော့နည်းစေမှာဖြစ်ပါတယ်။
ကိုဖြိုး
No comments:
Post a Comment