ဒီအသံကြားတာနဲ့ Network Engineer/Admin တွေဟာ ကြောက်ကြပါတယ်၊ အများစုကမလုပ်ချင်ကြပါဘူး။ ဒါပေမယ့် Documentation မရှိရင် သူတို့ ကိုပြန်ပြီးထိခိုက်လာနိုင်တယ်ဆိုတာ တစ်ချို့ကသိတောင်မသိကြဘူး။ တစ်ချို့ကလဲ ဒါသူတို့အလုပ်မဟုတ်ဖူးလို့တောင် ထင်ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပေါ့။ ဘာကြောင့်မလုပ်ချင်ကြလဲဆိုရင် ပထမဆုံးကတော့ ပျင်းတာပေါ့။ နောက်ပြီးတော့ တာဝန်မယူချင်တာ၊ နည်းပညာအပိုင်းအသိမလုံလောက်တာ၊ ရှေ့က အတွေ့အကြုံရှိ Senior တွေက မရှင်းပြ၊ မလုပ်ခိုင်း၊ သူတို့ကိုယ်တိုင်လဲမလုပ်ချင် စသဖြင့်ပေါ့။ အဖွဲ့အစည်းအတွင်းမှာလည်း စနစ်တကျ အသုံးပြုတာမျိုးမရှိရင်တော့ သွားပြီးပေါ့။ တကယ်တမ်းပြဿနာတက်လာရင် အောက်ကလူကော၊ အထက်ကလူကော ဒုက္ခနဲ့လှလှနဲ့တွေ့ကြရတာပေါ့။
Documentation ရှိရင်ရပြီလားဆိုတော့ မရသေးပါ။ အမြဲတမ်းမှန်နေဖို့လည်းလိုသေးတယ်။
Update အမြဲဖြစ်နေဖို့ လိုပါသေးတယ်။ အချက်အလက်တွေကမှားနေရင် အလကားပဲ၊ မရှိတာနဲ့အတူတူပဲပေါ့။
ဒီတော့ တခုခုအပြောင်းအလဲလုပ်ပီးတာနဲ့ သေသေချာချာ မှတ်သား ပြင်ဆင်ရပါလိမ့်မယ်။ ဒါမှသာ
အသုံးဝင်တဲ့ အချက်အလက်တွေကို အသုံးပြုပြီး အခက်အခဲတွေကို အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။
Documentation ဆိုတဲ့စကားလုံးဟာ တကယ်တော့ခြုံပြီးပြောကြတာပါ၊ လိုအပ်တယ်လို့ ယူဆရတဲ့အကြောင်းအရာတွေ၊
အချက်အလက်တွေကိုရေးမှတ်ထားတာလို့ဆိုရင်လဲရပါတယ်။ Network Engineer/ Administrator တယောက်အနေနဲ့ဆိုရင်တော့
အခြေခံအားဖြင့် ကိုယ်ကိုင်တွယ်ရမဲ့ Router တွေ၊ Switch တွေ၊ Maintenance Contract၊
IP address allocation ၊ Network Diagram နဲ့အတူ အသုံးပြုထားတဲ့ WAN/ Internet လင့်တွေရဲ့
အသေးစိတ်တွေ စသဖြင့်မှတ်ထားရပါမယ်။ Network Diagram မှာဖြစ်နိုင်ရင် Physical နဲ့
logical diagram အနေနဲ့ခွဲထားပြီး တပ်ဆင်ထားတဲ့ Rack အမည်၊ နေရာ၊ Cable နဲ့ Switch
port တွေချိတ်ထားပုံ၊ IP/ Layer 3 routing တွေရဲ့ အသုံးပြုထားပုံတွေ ပါဝင်သင့်ပါတယ်။
ဘယ်ကစလုပ်ရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုရင်တော့ Cisco ရဲ့ အခြေခံ
Command တွေနဲ့အတူ၊ PING တို့ SNMP တို့ကိုအသုံးပြုပြီး အထက်ကပြောထားတဲ့ အကြောင်းအရာတွေကို
တစ်ခုစီ တည်ဆောက်သွားရပါမယ်။ အချက်အလက်တွေစုံပီဆိုရင်တော့ မှန်ကန်တိကျတဲ့ Diagram တွေ၊
ပြည့်စုံတဲ့မှီငြမ်းလို့ရမဲ့ အထောက်အထားတွေရနိုင်ပါပြီ။ Node တွေအများကြီးပါတဲ့
Network အကြီးတွေမှာဆိုရင် Network Management Tools တွေကိုအသုံးပြုပီး အချက်အလက်တွေစုဆောင်းရပါတယ်။
Node အရေအတွက်သိပ်မများရင်တော့ Cisco Command တွေနဲ့တင်ရပါတယ်။
ဥပမာ Hardware အတွက်ဆိုရင်တော့ Show version လောက်ကြည့်လိုက်ရင်
Model/ Serial No./ Modules တွေကိုသိနိုင်ပါတယ်။ အဲဒါနဲ့ Hostname နဲ့တွဲမှတ်ထား၊
Maintenance အတွက် ကုန်မဲ့ရက်နဲ့ တခုခုဖြစ်ရင်ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာမျိုးတွေ မှတ်ထားရပါမယ်။
IP allocation နဲ့ Diagram တွေအတွက် Network segment တစ်ခုအောက်မှာ
Up ဖြစ်နေတဲ့ IP/Host တွေကိုကြည့်ချင်ရင် Broadcast IP ကို PING ကြည့်၊ Show arp နဲ့
Interface တစ်ခုရဲ့အောက်မှာမြင်ရမယ့် MAC နဲ့ IP တွဲရက်ကို ဖြစ်ဖြစ်ကြည့်ပီး သိနိုင်ပါတယ်။
အဲဒီကမှ IP/Host တွေဟာ ဘယ်Switch port မှာချိတ်ထားတာကိုသိချင်ရင် Show
mac-address-table နဲ့ကြည့်ပီး ခုနကရထားတဲ့ IP-MAC pair နဲ့ပြန်တိုက်ကြည့်ပေါ့။
CDP run ထားတဲ့နေရာမျိုးဆို Show cdp neighbor နဲ့တိုက်ရိုက်ချိတ်ထားတဲ့ Device ကိုသိနိုင်ပါတယ်။
လိုအပ်ရင် နောက်တခါထပ်မလုပ်ရအောင် Interface description တွေသေချာထည့်ထားပေါ့။ ဒီအချက်တွေရပီဆိုရင်
Physical Diagram စဆွဲလို့ရပါပြီ။ Logical အတွက်ဆိုရင်တော့ ကိုယ်သုံးထားတဲ့ HSRP တို့
OSPF/BGP အစရှိတဲ့ Routing protocol တွေရဲ့ သက်ဆိုင်တဲ့ Show command တွေကိုအသုံးပြုပီး
လိုအပ်လာရင်မှီငြမ်းလို့ရအောင် ဆွဲထားသင့်ပါတယ်။ ဒါမှသာ တခုခုဖြစ်ရင် ဘယ်အပိုင်းက ပြဿနာတက်နေလဲ၊
ဘယ်ကစရှင်းရမလဲကို အလွယ်တကူပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးကိုယ်မရှင်းနိုင်တော့ရင်တောင်
ကိုယ့်ထက်သိတဲ့သူကို အဲဒီ Diagram ပြပြီး အကူအညီတောင်းလို့ရတာပေါ့။
ဒါတွေတော့ရှိပြီ ဒါပေမယ့် တကယ်ကောအသုံးဝင်ရဲ့လား၊ အကျိုးရှိရဲ့လားလို့
မေးချင်တဲ့သူရှိမှာပါ။ နမူနာအနည်းငယ်နဲ့ကြည့်လိုက်ရင် သိသာလာပါလိမ့်မယ်။ ဆိုကြပါစို့Server
အဖွဲ့ဖက်က Server အသစ်တလုံးကို ကိုယ်ရဲ့ Server room/DC ထဲမှာထည့်ချင်တယ်။ အသုံးပြုရမဲ့
IP နဲ့ ချိတ်ရမယ့် Switch port ကိုလာတောင်းပီဆိုပါတော့။ Network Admin တယောက်အနေနဲ့
ဘယ် Segment အောက်မှာထားရမယ်၊ ဘယ် IP ဘယ် Port ကတော့လွတ်သေးတယ်ဆိုတာအရင်သိမှ ပေးလို့ရမှာပေါ့။
မှီငြမ်းစရာ Documentation မရှိရင် ခုနကဟာတွေအကုန်ပြန်လုပ်မှ လိုချင်တဲ့အချက်ကိုရမှာ။
Documentation ရှိတဲ့သူဆိုရင်တော့ မိနစ်ပိုင်းအတွင်းမှာ ရော့ ဒီIP ကိုသုံး၊ဒီPort မှာချိတ်ဆိုပြီးချက်ချင်းပေးလိုက်ယုံပဲ။
တဖက်လူကလဲကိုယ့်ကိုကြိတ်ပီးလေးစားသွားလိမ့်မယ်၊ တယ်သေသပ်ပါလား၊ တိကျပါလားဆိုပီးတော့၊
ဒီလိုမှမဟုတ်ပဲပထမသူလိုဆိုရင်တော့ အချိန်ကလည်းကြာသေး၊ တောင်ရှာမြောက်ရှာနဲ့ ဟုတ်ပမလားဆိုပြီး
သံသယတောင် ဝင်နိုင်ပါသေးတယ်။ နောက်တခါ Network Outage ဖြစ်တဲ့အချိန်မျိုးဆိုပါတော့
Diagram ကြည့်လိုက်တာနဲ့တင် Failover ရှိရဲ့လား၊ ဒီလမ်းကြောင်းကပြဿနာဖြစ်နေတော့ ဟိုလမ်းကြောင်းကသွားလို့ရတယ်၊
Impact ကဘယ်လောက်ရှိတယ်ဆိုတာကို အလွယ်တကူခန်မှန်းလို့ရတာပေါ့။ အဲဒီလိုမှမဟုတ်ရင် တခုခု
ပြဿနာတက်ရင် ဘယ်ကစပြီးဘာလုပ်ရမှန်းမသိ၊ ဘယ်လောက်အထိပြဿနာကြီးမယ် ငယ်မယ်ဆိုတာမသိပဲ ပြာနေတတ်တဲ့
သူတွေအဖြစ်ကိုရောက်သွားပါလိမ့်မယ်။
Tools တွေနဲ့အသုံးပြုချင်သူတွေအနေနဲ့ NEDI တို့ Solarwinds
Engineering Toolset တို့လို Software တွေကိုအသုံးပြုပီး တိကျမှန်ကန်တဲ့ Network
Documentation တွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ဒီတော့ အလုပ်စဝင်ကာစမှာ ဘာလုပ်ရမှန်းမသိသေးခင်
အရင်ဆုံးလုပ်ရမှာကတော့ ရှိပြီးသား Documentation တွေကိုစုဆောင်းဖို့၊ မှန်မမှန်ပြန်လည်စစ်ဆေးဖို့၊
မရှိသေးရင် လိုအပ်တဲ့ Tools တွေနဲ့အချက်အလက်တွေဆုဆောင်းပါလို့အကြံပေးချင်ပါတယ်။
ကိုဖြိုး
No comments:
Post a Comment