Saturday 1 August 2015

VIRL

Virtual Internet Routing Lab (VIRL) အကြောင်းကိုကြားစကပင် စမ်းသပ်ချင်နေတာကြာပါပြီ။ အချိန်မရတာရယ်၊ ကွန်ပြူတာအဆင်သင့်မရှိတာရယ်နဲ့ မစမ်းဖြစ်သေးတာ။ အခု 16GB RAM နဲ့ကွန်ပြူတာရတာနဲ့ ပြီးခဲ့တဲ့အပတ်ကမှစမ်းသပ်ဖြစ်လိုက်ပါတယ်။ ၁နှစ်လိုင်စင်နဲ့ Personal Editon ကို $199.99 ရှိပြီး၊ Academic Edition ကိုတော့ $79.99 ပေးရပါတယ်။ ကျောင်းတခုခုတက်နေတဲ့ အထောက်အထားနဲ့ဆို Academic Edition ဝယ်လို့ရပါတယ်။ ဘာမှကွာခြားမှုမရှိပဲ သက်သက်ဈေးချရောင်းပေးတာပါ။ VIRL ဟာ Cisco ကအသုံးပြုတဲ့ Network Simulation System ဖြစ်ပြီး အခုမှ အပြင်ကိုထုတ်ရောင်းတာဖြစ်ပါတယ်။ VIRL ကိုအသုံးပြုဖို့အတွက် 4Cores CPU နဲ့ 8GB RAM အနည်းဆုံးလိုအပ်ပါတယ်။ VMware အပေါ်မှာသုံးဖို့အဓိကပြုလုပ်ထားတဲ့ Ubuntu VM ဖြစ်ပြီး VMware Fusion/ Workstation/ Player နဲ့ ESXi စတဲ့ Hypervisors တွေအားလုံးမှာအသုံးပြုလို့ရပါတယ်။ Non-Hypervisor version အနေနဲ့လည်းသုံးလို့ရတယ်လို့ရေးထားပါတယ်။

ဝယ်တဲ့အချိန်မှာ ကိုယ်ကဘယ် VMware အပေါ်မှာသုံးမယ်ဆိုတာရွေးရပါတယ်။ ဒါပေမယ့် နောက်ပိုင်းအဆင်မပြေလို့ပြောင်းချင်တယ်ဆိုရင်လည်း VIRL Support email ကိုအကူအညီတောင်းလိုက်ရင် ကိုယ်တောင်းတဲ့ အမျိုးအစားကို Download ထပ်လုပ်နိုင်ပါတယ်။ လိုင်စင်ကတော့တခုပါပဲ။ ရွေးတုံးက ESXi ရွေးလိုက်ပြီး Workstation ပေါ်မှာ ESXi ထပ်တင်တော့ ကွန်ပြူတာရဲ့စွမ်းဆောင်ရည်ကို အကုန်အသုံးပြုလို့မရတာနဲ့ ESXi package ကို workstation အနေနဲ့ပြောင်းသုံးတာတော့ရပါတယ် ဒါပေမယ့် VIRL Support က Workstation version ကသက်သက်ရှိတယ် ထပ်ပို့ပေးမယ်ဆိုတာ နဲ့ Workstation ကိုပဲပြန်ပြောင်းသုံးလိုက်ရတာပေါ့။ အပြင်က Internet Download တွေအနေနဲ့လည်းအလုပ်တော့ဖြစ်မယ်ထင်တာပဲ ဒါပေမယ့် လိုင်စင်ဆာဗာနဲ့ အနည်းဆုံးတပတ်တကြိမ်ဆက်သွယ်မှ Simulation ထပ်သုံးလို့ရမယ်ဆိုတဲ့အတွက် လိုင်စင်မရှိရင် တပတ်လောက်ပဲအသုံးပြုနိုင်မယ်လို့ထင်ရတာပဲ။

VIRL အပေါ်မှာ IOSv IOSvL2 IOSXRv NX-OSv CSR1000v နဲ့ ASA1000v စတဲ့ အမျိုးအစားတွေအသုံးပြုလို့ရပါတယ်။ တနည်းအားဖြင့် IOS Router/ Layer 2 Switch/ IOS XE Router/ IOS XR Router / Nexus Switch နဲ့ ASA Firewall စတာတွေကိုအသုံးပြုနိုင်ပါတယ်။ နောက်တခုကတော့ Simulation ပြုလုပ်ရာမှာ GNS3 တို့ IOU တို့လိုကိုယ်တိုင် Configuration ထည့်စရာမလိုပဲ လိုချင်တဲ့ IP range, AS Number စတဲ့အချက်အလက်တွေထည့်ပေးရုံနဲ့ Configuration တွေကိုသူ့အလိုလိုထည့်ပေးပါတယ်။ ဆိုချင်တာကတော့ ကိုယ်တိုင်မလုပ်ချင်ရင် မလုပ်တတ်ရင် သူဘယ်လ်ိုရေးထားလဲဆိုတဲ့ Configuration ကိုပြန်ပြီးလေ့လာလို့ရပါတယ်။ ဘယ်လောက်တောင်သေသပ်မှုရှိလည်းဆိုရရင် Interface description တွေကအစ သပ်သပ်ရပ်ရပ်နဲ့ ထည့်ပေးပါတယ်။ အပြင်မှာ အလုပ်ထဲကသူတွေတောင်ဖြစ်သလိုရေးကြတာ အများကြီးပါ။ နောက်တခုကတော့ စပြီး VM တည်ဆောက်ကတည်းက လိုအပ်တဲ့ VLAN နဲ့ အပြင်ကချိတ်ဆက်ဖို့အတွက်ကို VLAN လေးခုထည့်ပေးထားရတဲ့အတွက် Simulation အသုံးတဲ့အခါမှာ အတွင်းက Router switch တွေကို Console ကနေဝင်သုံးစရာမလိုပဲ Network ထဲက ဘယ်ကွန်ပြူတာကမဆို Telnet နဲ့လှမ်းအသုံးပြုလို့ရပါတယ်။ GNS3 မှာဆိုအဲဒီလိုအသုံးပြုဖို့ Cloud နဲ့ချိတ်၊ PC ရဲ့ NIC နဲ့ပြန်တွဲ၊ စတာတွေထပ်လုပ်ပေးရပါတယ်။ Titanium နဲ့ GNS အပေါ်မှာ Nexus သုံးလို့ရပေမယ့် ကိုယ်ပဲသေချာမလုပ်တတ်တာလား Source ကပဲမကောင်းတာကြောင့်လားမသိ ခဏခဏပြဿနာပေးပါတယ်။ VIRL မှာတော့ Nexus ကိုအဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။

Nexus ရပြီဆိုလို့ပျော်မသွားပါနဲ့အုံး။ N7K ရဲ့ Layer 3 နဲ့ တခြားအခြေခံ Layer 2 လုပ်ဆောင်ပုံတွေပဲရတာပါ။ တကယ့် Nexus မှာအသုံးပြုချင်တဲ့ FEx VPC OTV စတဲ့ အနှစ်တွေမရပါဘူး၊ နောက်ပိုင်းမှာတော့ ထည့်ပေးဖို့အစီအစဉ်ရှိတယ်လို့လဲသိရပါတယ်။ အဲဒါတွေအတွက်အဓိကဝယ်လိုက်မိရင်တော့ ကြေကွဲရုံပေါ့။ အသုံးပြုရတာကတော့ GNS3 လောက်မလွယ်ကူတာကတော့ အသေချာပါ ဒါပေမယ့် နောက်ပိုင်းအသုံးပြုရင်းနဲ့ ကျွမ်းကျင်သွားရင်တော့ အသုံးပြုလို့ပိုကောင်းလာမယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ INE နဲ့ VIRL ပေါင်းလုပ်တဲ့ပွဲမှာ INE က ဘရိုင်ယန် အသုံးပြုသွားပုံကတော့ အားရစရာပါပဲ။ မတက်လိုက်ရတဲ့ သူတွေအတွက် ပြန်ကြည့်လို့ရအောင် ကူးထားတဲ့ ဗွီဒီယိုကို VIRL Youtube မှာတင်ထားပါတယ်။ INE ကတော့ သူတို့ရဲ့ LAB တွေကို Physical အစား Virtual ဘက်ကိုပြောင်းပြီးအသုံးပြုသွားမယ်လိုဆိုပါတယ်။ သူရဲ့ သင်ခန်းစာတွေ၊ လေ့ကျင့်စရာတွေကိုလည်း VIRL နဲ့အသုံးပြုလို့ရအောင် ထုတ်လုပ်သွားမယ်လို့ပြောပါတယ်။ ဒီအတိုင်းဆိုရင်တော့ နောက်ပိုင်း INE LAB session တွေဈေးချပေးနိုင်မယ့်အလားအလာရှိပါတယ်။ Cisco ရဲ့ CCIE LAB ကတောင် Virtual ဖက်ကိုပြောင်းပြီးတဲ့နောက် သင်ကြားရေးဖက်မှာ Virtual ဖက်ကိုလိုက်ပြောင်းလာတာ သဘာဝကျပါတယ်။ အခုလို Cisco က VIRL ကိုအပြင်ကိုပေးသုံးလိုက်တာကလည်း ပိုပြီးအဆင်ပြေသွားတာပေါ့။ ဒါပေမယ့် ၁၅ လုံးသာအများဆုံးအသုံးပြုလို့ရတဲ့အတွက် အတိုင်းအတာတခုအထိ အဆင်ပြေပေမယ့် တခြားလိုအပ်တွေအတွက်ကတော့ အဖြေရှာဖို့လိုနေအုံးမှာပါ။

အခုမှစပြီးအသုံးပြုမှာဖြစ်တဲ့အတွက် သူရဲ့ တခြားအားသာချက်၊ အားနည်းချက်တွေကို မရေးနိုင်သေးပါဘူး၊ ဒါပေမယ့် CCNP နဲ့ CCIE RnS အတွက်ကတော့လုံလောက်တဲ့ Simulation တခုလို့တော့ပြောလို့ရပါတယ်။ နောက်ပိုင်းစမ်းသပ်ရင်း တွေ့လာမယ့်အကြောင်းအရာတွေကိုတော့ အဆင်ပြေရင်ပြေသလို ပြောပြပေးပါမယ်။ နောက်တခုကတော့ လိုင်စင်က တနှစ်စာပဲဖြစ်တဲ့အတွက် ကိုယ့်ကို တိတိကျကျအချိန်ပေးထားသလိုမျိုး တနှစ်အတွင်းမှာ အားစိုက်ပြီးလုပ်ဖြစ်တာပေါ့။ (ထင်ရတာပဲ)။

VIRL
http://virl.cisco.com/about-virl-2/#details

INE & VIRL Web Seminar
 http://youtu.be/1BjBEVl24eA


ကိုဖြိုး




No comments:

Post a Comment