ကျွန်တော် Computer နဲ့ စတင်ရင်းနှီးခဲ့တာက Programming နဲ့ဖြစ်ပါတယ်၊ အဲဒီမှတဆင့် Hardware တွေအကြောင်း၊ Operating Systems တွေအကြောင်းကနေ Networking ဖက်ကိုဆက်ပီးလေ့လာရင်းနဲ့နောက်ပိုင်းမှာ Network Professional တယောက်အနေနဲ့ပဲ လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုရွေးချယ်ဖို့ဆိုတာလဲ တကယ်တော့သိပ်မလွယ်ပါဘူး၊ ကိုယ်လုပ်ချင်တာလုပ်ရဖို့၊ အလုပ်ရဖို့က သိပ်မလွယ်တော့ တခါတလေမှာ အဆင်ပြေတာ ဝင်လုပ်ရင်း နဲ့ လိုင်းပြောင်းသွားတဲ့ သူတွေလည်း ရှိပါတယ်။ မိမိဖက်ကလည်း လိုအပ်ချက်တွေ ဖြည့်ရင်း၊ ကြိုးစားရင်းနဲ့အခြေအနေတွေ အခွင့်အရေးတွေပေးလာရင် ရယူနိုင်ဖို့အသင့် ပြင်ထားရပါတယ်။ ဒါပေမယ့် ဘာတွေပြင်ထား ရမလဲဆိုတာကလည်း အမြဲတွေ့နေကြ မေးခွန်းတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်က မြန်မာပြည်မှာ စာအုပ်တွေကရှား၊ Internet ကမရှိနဲ့ဘာ လုပ်လို့လုပ်ထားရမှန်းမသိပါဘူး၊ မဲမဲမြင်တာ လိုက်လုပ်ကြတာပဲ၊ Microsoft Linux Unix ဟို Server ဒီ Server စသဖြင့်ပေါ့၊ Cisco ဆိုရင်လဲ တကယ့် hardware ကရှားတော့ Notepad နဲ့ပါလေ့ကျင့်ရတယ်၊ အလုပ်ကလည်း ဘာတွေခေါ်မယ်မှန်းလည်း မသိပါဘူး၊ ဒါတွေဟာ ဒီဘက်ခေတ်နဲ့ယှဉ်ကြည့်ရင် အရမ်းကိုကွာသွားပါပီ၊ အပြင်မှာဘာတွေသုံးနေကြလဲ၊ ဘယ်လိုအလုပ်တွေခေါ်နေလဲ၊ ဘာတွေတောင်းထားလဲ ဆိုတာတွေကို Internet ကနေ အလွယ်တကူရှာလို့ရနေပါပီ၊ ပီးတော့ ကိုယ်သွားမည့်၊ ရွေးချယ်ချင်တဲ့ လမ်းကြောင်းဟာ လစာကောင်းရဲ့လား၊ ဘယ်လောက်ရနိုင်ခြေရှိလည်းဆိုတာတွေကိုပါသိနိုင်နေပါပီ။ ဥပမာ လုပ်ငန်းခွင်အတွေ့အကြုံ အတော်ရှိတဲ့ CCIE တစ်ယောက်ဟာ Professional အနေနဲ့အလွန်ဆုံး တစ်နှစ်ကို $140,000 အထိလောက်ပဲ ရနိုင်ခြေရှိပါတယ်။ (US/SG/AU နိုင်ငံတွေရဲ့ Survey အရဖြစ်ပါတယ်) အများစုက $70,000 ကနေ $100,000 လောက်ရကြပါတယ် ဒီထက်ပိုလိုချင်ရင်တော့ Technical နဲ့ Management ပိုင်းကိုမျှပီးတော့ လုပ်မှသာ ရနိုင်ပါလိမ့်မယ်။ ဘာကြောင့် CCIE နဲ့နမူနာပြရလဲဆိုရင် အဲဒီထက်ပိုလိုချင်တဲ့၊ ဝင်ငွေအများကြီးရလိုတဲ့ သူအဖို့ဒီလမ်းကြောင်းဟာ သူအတွက်သင့်တော်မှာ မဟုတ်တဲ့အတွက် မရွေးချယ်နဲ့လိုပဲ အကြံပေးရမှာပဲ။ (Professional အနေနဲ့ဝင်ငွေကိုပြောတာပဲ၊ တခြားကိုယ်ပိုင်အလုပ်တွေကိုမဆိုလိုပါ)။ Network Engineer အများစုရဲ့ ဝင်ငွေအနေနဲ့ကတော့ Singapore မှာ $36,000 ကနေ $70,000 ကြားမှာရှိကြပါတယ်။ မြန်မာပြည်မှာလည်း မဝေးတော့တဲ့ အချိန်အတွင်းမှာ လုပ်ခလစာတွေ မြင့်တက်လာမယ်လို့တော့မျှော်လင့်ရတာပဲ။ Singapore လောက်မဟုတ်တောင် Malaysia နဲ့Thailand လောက်က Network Enginner တွေလောက်တော့ ရနိုင်တယ်လို့ထင်ပါတယ်။
ဒီ Site မှာ Survey လုပ်ထားတဲ့ အချက်အလက်တွေကနေ ဖော်ပြထားတာတွေ့နိုင်ပါတယ်။ (အပြင်နဲ့အတော်နီးစပ်တာတွေ့ရပါတယ်)။
http://www.payscale.com/research/SG/Job=Network_Engineer/Salary
http://www.payscale.com/research/SG/Certification=Cisco_Certified_Internetwork_Expert_(CCIE)/Salary
ဒါက US က CCIE အလုပ်နဲ့ဝင်ငွေတွေအကြောင်းရေးထားတဲ့ Blog Link ပါ
http://www.bradreese.com/blog/2-18-2014.htm
ကိုယ်ကရွေးချယ်လိုက်ပီ၊ ဆက်သွားမယ်ဆိုရင်တော့ အလုပ်တွေကလိုအပ်ချက်တွေကို လေ့လာရတော့မှာပေါ့၊ အကောင်းဆုံးကတော့ အလုပ်ခေါ်တဲ့ Website တွေကနေ JD လို့ခေါ်တဲ့ Job Description တွေကို လေ့လာရပါမယ်၊ JD မှာ ကြည့်ရင် ကိုယ်ဘာတွေ သိထားပီလဲ၊ သူတို့ဘာတွေလိုအပ်လဲ၊ ကိုယ်ဘာတွေထပ်ဖြည့်ထားရမလဲဆိုတာ အလွယ်တကူသိနိုင်ပါတယ်။ တဖက်ကလည်း JD ရဲ့ ၁၀၀% လုံးကိုတော့သိစရာလည်း မလိုလောက်ပါဘူး၊ အလုပ်ခေါ်တဲ့သူကတော့ စွယ်စုံရတဲ့ Super man တို့၊ Batman တို့လိုသူတွေပဲခေါ်ချင်တာပေါ့၊ JD ကိုကြည့်ပီးတော့လဲ အားငယ်နေစရာ မလိုပါဘူး၊ JD ထဲကဟာတွေအကုန်သိမှဆိုရင် ကျွန်တော်တို့လည်းအလုပ်ရဖို့မလွယ် ပါဘူး၊ ဒါပေမယ့် များများသိလေ ပိုကောင်းလေပေါ့၊ Singapore မှာဆိုရင်တော့ ဒီ Websites တွေဟာ လူသိများပါတယ်။
http://www.monster.com.sg
http://sg.jobsdb.com/sg
http://www.jobstreet.com.sg
http://www.jobline.com.sg/p/jobs
အဲဒီ Site တွေရဲ့ Search option မှာ Network ဆိုပီး ရှာလိုက်ရင် Network နဲ့ပက်သက်တဲ့ အလုပ်တွေ နဲ့JD တွေကိုတွေ့ပါလိမ့်မယ်။
Network နဲ့ပက်သက်တဲ့အလုပ်တွေကိုသိသလောက် ပြောရရင်တော့ အနည်းဆုံးအုပ်စု လေးခုလောက်ခွဲပီးပြောလို့ရပါတယ်၊ ပထမအနေနဲ့ Level 1 Engineer တွေပါ၊ အများစုဟာ Shift နဲ့လုပ်ရပါတယ်၊ ညဖြစ်ဖြစ် နေ့ဖြစ့်ဖြစ် ၂၄ နာရီ အတွင်းမှာ အလှည့်ကြအလုပ်လုပ်ရပါတယ်၊ ကိုယ့်လုပ်တဲ့အဖွဲ့အစည်းပေါ်မူတည်ပီး လိုအပ်ချက်တွေကွဲပြားပါတယ်၊ အများစုဟာ Customer နဲ့ပထမဆုံးထိတွေ့ရသူတွေဖြစ်တဲ့အတွက် နည်းပညာပိုင်းအပြင် အပြောအဆို အရေးအသား အပိုင်းပါလိုအပ်ပါတယ်။ Level 1 လို့ခေါ်ရတာက နှိမ်ဖို့မဟုတ်ပါဘူး၊ သူတို့ဟာပြဿနာတွေကို ပထမဆုံးအနေနဲ့စတင်ဖြေရှင်းပေးရတဲ့အဖွဲ့ဖြစ်တဲ့အတွက် အခုလိုဆိုလိုခြင်းဖြစ်ပါတယ်။ Certification အပိုင်းရသိပ်မလိုအပ်ပေမဲ့ CCNA လောက်ရထားရင် တော့အကောင်းဆုံးပေါ့၊ ဒုတိယအနေနဲ့ကတော့ Level 2 Engineer တွေပါ၊ Network Engineer အများစုဟာ ဒီအုပ်စုမှာရှိပါတယ်။ ဒီနေရာမှာတော့ နည်းပညာပိုင်းကပိုပီးလိုအပ်ပါတယ်၊ Networking ရဲ့အခြေခံတွေအပြင် Specialist Skills တွေတစ်ခုထပ်ပိုပီးလိုအပ်ပါတယ်၊ ဥပမာ Voice Security Wireless စသဖြင့်ပေါ့၊ ခုနောက်ပိုင်းဆို Fabric Data Center တို့VIrtualization တို့ပါသိထားရတော့မှာပါ။ Certification အနေနဲ့ကတော့ CCNA CCNP ကနေ CCIE အထိလိုအပ်ပါတယ်။ Multi Vendor ရရင်ပိုကောင်းပါတယ်၊ ဥပမာ Juniper ။ အများစုဟာ Technical Support နဲ့Operations ပိုင်းကို ကိုင်တွယ်ရပါတယ်။ ပီးတော့ အရေးကြီးရင် ကြီးသလို ပြဿနာတွေကို ရုံးချိန်ပြင်ပဖြေရှင်းပေးဖို့အတွက် 24×7 standby တာဝန်ကိုလဲ ယူရလေ့ရှိပါတယ်။
နောက်တဖွဲ့အနေနဲ့ကတော့ နည်းပညာသာမက စီးပွားရေးတွေ၊ငွေရေးကြေးရေးကိစ္စတွေမှာပါ ပါဝင်ပက်သက်ရတဲ့ အုပ်စုဖြစ်ပါတယ်။ သူတို့တွေကြတော့ Customer/ Business ရဲ့လိုအပ်ချက်တွေမူတည်ပီး လိုအပ်တဲ့ ပစ္စည်းတွေ Design တွေကို ရွေးချယ်တွက်ချက်ပေးရပါတယ်။ စီးပွားရေးအမြင်ရှိပီး Presentation skill တို့ Project management တို့အတွေ့ အကြုံရှိဖို့လိုအပ်ပါတယ်။ ဒီအုပ်စုထဲမှာပါဝင်တဲ့ သူတွေကိုတော့ Technical Designer ၊ Network Architect ၊ Network Planning Engineer/Manager ၊ Senior Network Consultant စသဖြင့် ခေါ်လေ့ရှိပါတယ်။ အများစုဟာ Operation ပိုင်းကိုလုပ်ရလေ့မရှိပဲ Project Delivery/ Deployment အပိုင်းတွေမှာ အဓိက လုပ်ရပါတယ်။ Operations ပိုင်းမှာ အနည်းဆုံး ၅နှစ်မှ ၆နှစ်လောက်အတွေ့အ ကြုံရှိထားရင် ပိုကောင်းပါတယ်။ Operations က Senior Engineer အများစုဟာလဲ နောက်ပိုင်းမှာ ဒီအုပ်စုထဲကို ပြောင်းပီးလုပ်ကိုင်လေ့ရှိပါတယ်။ နောက်ဆုံးတစ်ဖွဲ့ကတော့ Technical Management အုပ်စုပါ၊ Senior/ Staff Engineer ၊ Technical/Network Manager/ Director ၊ Department Head စသဖြင့် ရှိကြပါတယ်။ သူတို့ကြတော့ နည်းပညာပိုင်း၊ စီးပွားရေး၊ ငွေရေးကြေးရေးတွေအပြင် အထက်လူကြီးတွေနဲ့အဖွဲ့အစည်းတွေကချထားတဲ့ Goal ရည်မှန်းချက်တွေကို ပြည့်အောင် Network Professional တွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါတယ်။ အတွင်းအပြင် အစည်းအဝေးတွေမှာလဲ SME (Subject Matter Expert) အဖြစ်တာဝန်ယူရပါတယ်။ ဒါ့အပြင် People Management ပိုင်းကိုလည်း သိထားဖို့လိုအပ်ပီး HR တွေနဲ့တွဲဖက်ကာ အလုပ်နေရာချထားရေး၊ ဝန်ထမ်းအရေအသွေးမြှင့်တင့်ရေး စတဲ့ကိစ္စတွေမှာလဲ ပါဝင်ပက်သက်ရပါတယ်။ ဒီနောက်ဆုံး နှစ်ဖွဲ့အတွက် ကတော့ လုပ်ငန်းအတွေ့အ ကြုံကပိုအရေးကြီးပါတယ် ဒါပေမယ့် အလုပ်ခေါ်ရာမှာ CCIE ရထားတဲ့သူတွေကို ဦးစားပေးခေါ်လေ့ရှိပါတယ်။ CCIE အပြင် ITIL PMP SixSigma စတဲ့ တခြား Certificate တွေလဲ ရှိထားဖို့လိုအပ်ပါတယ်။
အထက်ကပြောခဲ့တဲ့ အလုပ်တွေပီးရင် Sales Engineer တို့ Technical Trainer တို့စတာ တွေအပြင်တခြား Network အလုပ်အကိုင်တွေအများကြီး ရှိပါသေးတယ်။ ဒါပေမယ့်အများစုဟာ ဒီအုပ်စု လေးခုနဲ့ဆက်စပ်နေတဲ့အတွက် သီးခြားလိုက်ရှာပီး မရေးတော့ပါဘူး၊ အလုပ်လုပ်တဲ့ Company ရဲ့ Business/ Products/Services ပေါ်မူတည်ပီး အခေါ်အဝေါ်နဲ့တာဝန်အနည်းငယ် ကွဲပြားတာပဲ ရှိပါတယ်။ အခုလောက်ဆို Network အလုပ်တွေအကြောင်းကို အကြမ်းအားဖြင့်သိလောက်ပီလို့ ယူဆပါတယ်။ ရှေ့ဆက်လျှောက်မလား နောက်ပြန်လည့်မလား လမ်းကူးမလားဆိုတာ ကိုတော့ ဒီအချက်အလက် အချို့ကနေ စဉ်းစားဖို့အနည်းငယ်မျှ ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်။
ကိုဖြိုး
No comments:
Post a Comment