Saturday, 25 July 2015

ရန်ကုန်မြို့ထဲက Port Channels လမ်းမကြီးများ။

Router တွေ၊ Switch တွေမှာ Physical ports တွေကို Logical port အဖြစ်ပေါင်းစပ်ထားတာကို Port Channel လို့ဆိုပါတယ်။ Bandwidth လိုအပ်ချက်ကြောင့်ဖြစ်စေ၊ Redundancy ကြောင့်ဖြစ်စေ၊ Design လိုအပ်ချက်ကြောင့်ဖြစ်စေ အသုံးပြုကြပါတယ်။ အများအားဖြင့် Switch အချင်းချင်း ချိတ်ဆက်ပီး သုံးတာများပေမယ့် Router တွေ Server တွေနဲ့လဲသုံးလေ့ရှိပါတယ်။ အသုံးများပီး နေရာတိုင်းမှာတွေ့နိုင်တဲ့ အတွက် စာမေးပွဲ (CCNA/CCNP/CCIE) အတွက်ကော အလုပ်အတွက်ပါ သေချာနားလည်အောင် သိထားသင့်ပါတယ်။ ဒီတော့ သူ့အကြောင်းကို နေ့စဉ်မြင်နေ ရတဲ့မြင်ကွင်းပေါ်ကနေ လေ့လာကြည့်ရအောင်၊

တလောက ရန်ကုန်ပြန်ရောက်တော့ ကားကြပ်တဲ့ ဒုက္ခကို ကိုယ်တိုင်ခံစားရင်း Taxi ပေါ်မှာ စဉ်းစားမိသေးတယ်။ လမ်းတွေကို လဲ Network မှာလို Port Channel လုပ်လိုက်ရင် အတော်အဆင်ပြေမယ်လို့ထင်မိတယ်။ တကယ်တော့ ရန်ကုန်မြို့ထဲက လမ်းမကြီးတွေက Port Channel လုပ်ထားသလိုပါပဲ၊ အနော်ရထာလမ်းမှာ နဲနဲကြပ်နေတော့ ကားဆရာက အောက်ဖက် ကမ်းနားလမ်းကနေ သွားတယ်၊ ဒါကိုကြည့်လိုက်ရင် Port Channel ရဲ့သဘောတရားကို Taxi ပေါ်မှာ ထိုင်ရင်း တခါတည်းနားလည်သွား နိုင်တယ်၊ အပေါ်လမ်းမှာ ကြပ်နေတာကို Traffic congestion ဖြစ်နေတယ်ဆိုပါစို့၊ အခုလို အောက်လမ်းကသွားလို့ရခြင်းဟာ Bandwidth လိုအပ်ချက်ကို ပြေလည်စေပါတယ်၊ တကယ်လို့များ အပေါ်လမ်းဟာ အကြောင်းမျိုးမျိုးကြောင့်ပိတ်နေပီလုံး၀ သွားလို့မရတော့ ဘူးဆိုရင် ကားတွေအားလုံးအောက်လမ်းက သွားရတော့မယ်ဆိုရင်တော့ ဒါကို Redundancy ရှိတယ်ဆိုရမှာပေါ့၊ ပီးတော့ အဲဒီလမ်းမကြီးတွေရဲ့ဦးတည်ဖက်ဟာ တစ်လမ်းခြားစီ ရှိနေတာကို ကြည့်ခြင်းအားဖြင့် လိုအပ်သလို ဖောက်လုပ်ထားတဲ့ Design လို့လည်းမြင်နိုင်ပါတယ်။ လမ်းတွေခြားနေပေမယ့် တူညီတဲ့ ဦးတည်ဖက်ကို တချိန်တည်းမှာ သွားနိုင်တာပေါ့၊ဘာနဲ့တူမလဲဆိုရင် Link နှစ်ခုကို တစ်ခုစီ STP (Spanning Tree) အရ Block အဖြစ်မခံပဲ Logical အရ ပေါင်းစပ်ပီးသား တခုတည်း အဖြစ် နှစ်ခုလုံးကို Forwarding အနေနဲ့ထားသလို ပေါ့။

ထပ်ပီးကြည့်မယ်ဆိုရင် ဗိုလ်ချုပ်လမ်းနဲ့အနော်ရထာလမ်းဟာ လမ်းကြောင်းမတူတဲ့ အတွက် ပေါင်းပီး သွားလို့မရသလို Network မှာလဲ မတူညီတဲ့ Interface Type တွေကို Port Channelအဖြစ်ပေါင်းလို့ မရပါဘူး၊ နောက်ပီး အနော်ရထာလမ်းနဲ့ကမ်းနားလမ်းဟာ ကပ်ရပ်တည်ရှိနေတာမဟုတ်ပါဘူး လမ်းခြားနေပါတယ် ဒါပေမယ့် တူညီတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ပေါင်းလို့ရပါတယ်။ ထို့အတူပဲ Port Channel တွေကို Switch တစ်ခုထဲမှာ ပေါင်းလို့ရသလို Switch နှစ်ခု သုံးခုပေါင်းပီးတော့လဲ ပေါင်းစပ်လို့ ရပါတယ်၊ ဒါကိုတော့ Multi-Chasis Etherchannel (MCE) လို့ဆိုနိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ Switch တွေဟာ Stackwise တို့VSS တို့စတဲ့ နည်းပညာတွေကို အသုံးပြုထားရပါမယ်။

Port Channel မှာ Traffic တွေဘယ်လိုသွားမယ်၊ Load-balancing ဘယ်လိုလုပ်မယ်ဆိုတာရွေးလို့ရပါတယ်၊ Destination IP/MAC/TCP-UDP port base လား၊ Source IP/MAC/TCP-UDP base လား စသဖြင့်ရွေးလို့ရပါတယ်၊ ဒါဟာဘာနဲ့တူမလဲဆိုရင် ဘယ် Bus လိုင်းဟာ ဘယ်လမ်းမှ သွားဆိုသလိုမျိုးပေါ့၊ ဥပမာ ၃၃ ဟာ အလုံဖက်ကိုသွားရင် အနော်ရထာလမ်းကပဲသွားပါတယ်၊ လမ်းကြပ်နေရင်လဲ အဲဒီလမ်းကပဲသွားပါတယ်၊ အပေါ်ကသွားလိုက် အောက်ကသွားလိုက် မသွားပါဘူး၊ စထွက်တဲ့ လမ်းကပဲ ရောက်အောင်သွားပါတယ်၊ ဒီတော့ Network မှာ Packet/Frame တစ်ခုဟာ Port Channel ပေါ်မှာ Interface နှစ်ခုကနေမျှမသွားပါဘူး၊ Port Channel group ထဲက Interface တစ်ခုခု ဖြစ်သွားမှသာ တခြား Interface ဖက်ကနေပြောင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ Interface တွေကို Monitor လုပ်ကြည့်ရင် Traffic တွေဟာ Load balancing အနေနဲ့အမြဲ အညီအမျှ မရှိတာကို တွေ့ရပါတယ်။

Channel တွေကိုလည်း PAgP LACP စတဲ့ Protocol တွေအသုံးပြုလို့ဖြစ်စေ Static (ON) နဲ့ဖြစ်စေ တည်ဆောက်ရပါတယ်၊ PAgP ဟာ Cisco ရဲ့ Protocol ဖြစ်ပေမယ့် Nexus မှာ ပါမလာတော့တာတွေ့ရ ပါတယ်၊ Command တွေမှာလည်း Etherchannel အစား Port Channel လို့ပဲပြောင်းသုံးလာတယ်၊ ပီးတော့ Switch အချင်းချင်း Port Channel လုပ်လို့ရမရ စစ်ပေးတဲ့ Command ( Show port-channel compatability-parameters) လဲပါလာပါတယ်။ Protocol အသုံးပြုပီးတော့ တဖက်နဲ့ တဖက်အဆင်ပြေမှ Port Channel ကို ဖြစ်ပေါ်စေပါတယ်၊ ဒီနေရာမှာလဲ ဘယ်ဘက်က စပြောမလဲဆိုတာကို Active/Passive mode အသုံးပြုထား တဲ့အပေါ်မှာ ကြည့်ပီး သိနိုင်သလို Dynamic Failover အတွက် Ports တွေအများကြီးကို တခါတည်း Configure လုပ်ထားနိုင်ပါတယ်၊ Member port ထဲကတစ်ခုခုဖြစ်ရင် Standby အဖြစ်ရှိနေတဲ့ Port က အစားထိုးဝင်ရောက်နိုင်တာပေါ့၊ ဘယ်သူက Primary/ Standby ဆိုတာကိုတော့ Port Priority တွေသတ်မှတ်ပီး ခွဲခြားနိုင်ပါတယ်။ ON mode မှာတော့ အဲဒါတွေ ဘာမှ မပါပဲ ဘာဖြစ်ဖြစ် Channel အဖြစ်တန်းသုံးလိုက်ပါတယ် တဖက်က Configure လုပ်မထားရင် တော့မရဘူးပေါ့၊ ဘာနဲ့သွားတူမလဲဆိုရင် လမ်းမှာတွေ့တဲ့လူတစ်ယောက်ကို စကားတတ်သလား နာရီပါလားအရင်မကြည့်ပဲ ဘယ်အချိန်ရှိပီလဲ သွားမေးသလိုပါပဲ၊ ဟိုဘက်က လူက နာရီလဲ ပါမယ်၊ စကားလည်းနားလည်ရင် တော့အလုပ်ဖြစ်တာပေါ့၊ မဟုတ်ရင်တော့ ကိုယ်သိချင်တာ သိရမှာ မဟုတ်ပါဘူး၊

လုပ်ငန်းခွင်မှာတော့ Switch အချင်းချင်း ချိတ်ဆက်ပီးပဲ သုံးတာများပါတယ်၊ ဒါပေမယ့် Blade Server တွေပေါ်လာပီးနောက်မှာ Switch တွေနဲ့Server တွေကြားမှာလည်း Port channel တွေကိုလည်း အသုံးများလာတာ တွေ့ရမှာပါ၊ Layer 2 Access/Trunk တွေအနေနဲ့သုံးကြသလို Layer 3 Interface အဖြစ်လည်း သုံးကြပါတယ်။ ခုနောက်ပိုင်းဆို VMware ဘက်က ESXi / vDS တို့အသုံးများ လာတဲ့အတွက် Switch တွေနဲ့Blade server ကြားမှာ Port Channel ချိတ်ဆက်မှ ူဟာ Network သမားတင်မကပဲ Systems သမားတွေပါ သိထားရဲ့မယ့် အရာ ဖြစ်လာပါတယ်။ နောက်ပီးတော့ အရင်က FE Interface တွေဟာ 100MB ဖြစ်တဲ့အတွက် Port Channel ဟာ Bandwidth ပိုင်းအရ လိုအပ်ချက်ဟာ အဓိကလိုဖြစ်ခဲ့ပါတယ်၊ Hardware နဲ့ OS ပေါ်မူတည်ပီး ၄၊၈၊၁၆ စသဖြင့် ပေါင်းစပ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော့ အမြင်ရဆိုရင်တော့ GE Interface တွေများလာတဲ့အချိန်မှာတော့ Bandwidth ထက် Redundancy ပိုင်းက အသုံးဝင်မှူဟာပိုပီးပေါ်လွင်လာတယ်လို့ထင်ပါတယ်။ Port/Interface redundancy အပြင် Multi-chasis redunadancy ကိုပါ Design ထဲမှာထည့်ပီးစဉ်းစားလာရပါတယ်၊ MCE နဲ့ဆက်နွယ်နေတဲ့ VPC ဟာဆိုရင် နောက်ပိုင်း Data Center တွေမှာ မရှိမဖြစ် အသုံးပြုရမဲ့ နည်းပညာ ဖြစ်ပါတယ်။

အခုလောက်ဆို Etherchannel/ Port Channel တွေအကြောင်းကို တီးမိခေါက်မိရှိပီး ဆက်ပီးလေ့လာဖို့ အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။

http://www.cisco.com/c/en/us/support/docs/switches/catalyst-3750-series-switches/69979-cross-stack-etherchannel.html

http://docwiki.cisco.com/wiki/Cisco_NX-OS/IOS_Port-Channel_Comparison



ကိုဖြိုး

No comments:

Post a Comment