Sunday 13 December 2015

Multicast Protocols

Multicast အကြောင်းကို အပေါ်ယံလောက်လေ့လာပြီးပြီ၊ Addressing အကြောင်းကိုတီးခေါက်မိပြီဆိုရင်တော့ သူ့ရဲ့အလုပ်လုပ်ပုံကိုစတင်လေ့လာလို့ ရပါပြီ။ အဲဒီမှာ အရင်ဆုံးတွေ့ရမှာကတော့ Multicast Protocols တွေပါပဲ။ သူတို့ရဲ့ အဓိကလုပ်ဆောင်ပုံကတော့ Multicast Source ကနေ Client တွေဆီကို Multicast Distribution Tree ကနေဘယ်လိုရောက်အောင်သွားမလဲဆိုတာပါပဲ။ Unicast မှာတုန်းက Client တွေက ကိုယ်ရောက်ချင်တဲ့ နေရာကိုရောက်အောင်သွားဖို့ကြိုးစားတယ်၊ အခု Multicast မှာတော့ Client တွေဆီကိုပြန်လာဖို့ကြိုးစားတယ်လို့လည်း ပြောလို့ရပါတယ်။

Multicast protocols တွေကိုလေ့လာတဲ့အခါမှာ  IGMP (Internet Group Management Protocol), CGMP(Cisco Group Management Protocol) နဲ့ PIM (Protocol Independent Multicast) တို့အကြောင်းကိုအရင်လေ့လာရပါမယ်။ သူတို့ကိုတော့ Intradomain Multicast Protocols တွေလို့ခေါ်ပါတယ်။ ပြီးမှ Interdomain Multicast Protocols တွေကိုဆက်လေ့လာသင့်ပါတယ်။ ဒီ Protocols တွေဟာ Multicast Distribution Tree တစ်ခုဖြစ်ပေါ်လာဖို့အတွက် အဓိကလုပ်ဆောင်ပေးပါတယ်။

ထပ်ပြီးခွဲကြည့်မယ်ဆိုရင် IGMP ဟာ Client/Host နဲ့ သူ့ရဲ့ Multicast Router တို့ကြားမှာ အသုံးပြုတဲ့ Protocol ဖြစ်ပြီး ဘယ် Multicast Group ကိုတော့ ဆက်သွယ်ချင်တယ် ဘယ် host တွေကတော့ အဲဒီအုပ်စုထဲမှာ ရှိနေသေးတယ်၊ ထွက်သွားပြီ စသဖြင့်ကို စောင့်ကြည့်ပေးတဲ့နေရာမှာ အလုပ်လုပ်ပါတယ်။ သူနဲ့ပက်သက်လာရင် သိထားသင့်တာကတော့ Membership report, Membership query, Leave group စတဲ့ Message တွေပါ။ လွယ်အောင်ထပ်ပြောရရင် host တွေဟာ သူတို့ဘယ်အုပ်စုကို ဆက်သွယ်ချင်တယ်ဆိုတာကို Router ဆီကို Membership report ပို့တယ်၊ Router က query ကိုပုံမှန် ပြန်ပို့ရင်း အဲဒီ Host တွေရှိသေးလား၊ ထပ်တိုးလာလား၊ ထွက်သွားပြီလားဆိုတာကို မှတ်ထားတယ်။ Host ကမသုံးချင်တော့ဘူး ထွက်တော့မယ်ဆိုရင်တော့ Leave group message ပြန်ပို့လိုက်တာပါပဲ။ IGMP v1 မှာတော့ Leave group မပါသေးပါဘူး။

ဒါပေမယ့် host တွေဟာ Multicast Router တွေဆီကို တိုက်ရိုက်ချိတ်ဆက်ထားတာမဟုတ်ပါဘူ။ ကြားထဲက Switch တွေကနေဖြတ်သွားရတာပါ။ ဒီတော့ Switch တွေကနေ အခုလို Message တွေကို ကိုင်တွယ်ဖို့အတွက် CGMP ကိုအသုံးပြုပါတယ်။ သူ့ကိုအသုံးပြုချင်းအားဖြစ် Switch အနေနဲ့သူ့ရဲ့နဂိုလုပ်ဆောင်ပုံဖြစ်တဲ့ Ports တွေအားလုံးကို ပို့မယ့်အစား ဒီအုပ်စုတွေမှာ ပါဝင်ပက်သက်မဲ့ Host Ports တွေကိုပို့ပေးပါတော့တယ်။ ဒီလိုလုပ်ဆောင်ပေးချင်းအားဖြင့် Switch ရဲ့စွမ်းဆောင်ရည်ကို ထိန်းချုပ်နိုင်ပါတယ်။ မလိုအပ်တဲ့ အရာတွေကိုအသုံးပြုစရာမလိုတဲ့အတွက် Efficiency ကိုမကျစေဘူးပေါ့။ ဘာနဲ့တူမလဲဆိုရင် Trunk ပေါ်မှာ Vlan/VTP Pruning လုပ်သလိုပေါ့၊ ဖြတ်သွားစရာမလိုတဲ့ Vlan တွေကိုဖယ်လိုက်သလိုမျိုး။

ကျန်တဲ့အပိုင်းကတော့ Multicast Router ရဲ့အလုပ်ပေါ့။ သူ့တာဝန်ကတော့ Source နဲ့ Receiver/Client တွေအကြား Loop Free Multicast Distribution Tree တည်ဆောက်ဖို့ပါ။ ဒီတစ်ခါအလှည့်ကြတာကတော့ PIM ပေါ့။ PIM ကို Protocol Independent လို့ဆိုပေမယ့် တကယ်ကတော့ သူ အလုပ်လုပ်ရမဲ့ Network အထဲမှာရှိတဲ့ ရှိသမျှ Protocol အားလုံးနဲ့ အတူတွဲလုပ်ရမယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်။ သူ့တစ်ခုထဲနဲ့ ဘာမှလုပ်မရပါဘူး။ အဲဒီ Unicast routing protocol တွေရဲ့ အကူအညီနဲ့မှ Multicast Routing table ကိုသူ့အနေနဲ့တည်ဆောက်လို့ရပါတယ်။ အဲဒါရပြီဆိုမှာ Multicast Forwarding ကို ပုံစံ၃ခုခွဲခြားပြီး အလုပ်လုပ်ပါတယ်။ PIM-DM (Dense mode) , PIM-SM(Sparse mode), Bidir-PIM (Bidirectional PIM)။ PIM ဟာကျယ်ပြန့်တဲ့အတွက် သီးသန့်အချိန်ပေးပြီးလေ့လာရပါမယ်။ အခုလောက်ဆို Multicast ဇတ်လမ်းရှည်ကြီးကို တဖြည်းဖြည်းချင်းဇတ်ရည်လည်လာပြီလို့ ထင်ပါတယ်။

ကိုဖြိုး


No comments:

Post a Comment