Sunday 3 January 2016

VSS

Cisco ရဲ့Network System Virtualization Technology ဖြစ်တဲ့ VSS (Virtual Switching System) ဆိုတာကို လေ့လာကြည့်ရအောင်။ VSS ဟာ Catalyst 6500/4500 တွေမှာအသုံးပြုလို့ရတဲ့ System Virtualization နည်းပညာဖြစ်ပါတယ်၊ ဒါပေမယ့် Cat65/45 အတိုင်းမှာ သုံးလို့တော့မရပါဘူး။ Switch တွေကို အဓိက ထိန်းချုပ်ထားတဲ့ Supervisor Engine အပေါ်မူတည်ပါတယ်။ VS Supervisor Engine တွေ ဥပမာ (VS-S720-10GE-3C / VS-S720-10GE-3CXL/ VS-SUP2T-10G) နဲ့သာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဒီ Switch တွေဟာ DC/Campus တွေရဲ့ Distribution Layer တွေမှာ အသုံးများတဲ့အတွက် အဲဒီနေရာတွေမှာ အလုပ်လုပ်နေတဲ့သူတွေအဖို့ သိထားသင့်တဲ့ နည်းပညာတစ်ခုပါ။

VSS ကဘာလုပ်ပေးလဲဆိုရင် အဲဒီ Cat65/45 နှစ်လုံးကို Virtual System တစ်ခုအဖြစ်ပေါင်းစပ်ပေးပါတယ်။ Modular Switch တွေမဟုတ်တဲ့ Cat37/36 တို့မှာ Stack လုပ်သလိုမျိုးပေါ့။ ပေါင်းစပ်ပြီးတဲ့အခါမှာ Management/Control plane ကိုတစ်ခုထဲအနေနဲ့တွေ့ရပြီး IP တစ်ခု၊ Console တစ်ခုထဲကပဲ ကိုင်တွယ်ရပါတယ်။ Standby Switch ရဲ့ Console ဟာ Lock ဖြစ်နေပြီး ဝင်လို့မရတာကိုတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် Switch နှစ်ခုလုံမှာရှိတဲ့ Line card/ Modules တွေကတော့ တပြိုင်နက် အလုပ်လုပ်နေပြီး Switch ဒါမှမဟုတ် Module တစ်ခုခုဖြစ်သွားရင် ပြတ်တောက်သွားမှုနည်းအောင် SSO (Stateful Switchover) နည်းနဲ့ အချင်းချင်း Synced လုပ်ထားပါတယ်။ ဒီနေရာမှာ သတိထားသင့်တာက VSS ကိုလာရောက်ချိတ်ဆက်ထားတဲ့ Access Switch တွေ၊ Server တွေဟာ VSS ရဲ့ Member Switch နှစ်ခုစလုံးကိုချိတ်ဆက်ထားမှသာ SSO ရဲ့ ရလာဒ်ကိုခံစားရမှာပါ။ မဟုတ်ရင်တော့ Module ပျက်ရင် အဲဒီမှာချိတ်ထားတဲ့ Server/Switch ဟာလဲ ပြတ်တောက်သွားမှာဖြစ်ပါတယ်။

VSS ရဲ့ အဓိကအသက်ကတော့ သူတို့အချင်းချင်းကို ချိတ်ဆက်ထားပေးတဲ့ VSL ခေါ် Virtual Switch Link ဖြစ်ပါတယ်။ VSL ကိုအနဲဆုံးနှစ်လင့်လောက်အသုံးပြုသင့်ပါတယ်။ VSS Network မှာ VSL ပြတ်တောက်သွားရင် ပြန်တက်အောင်လုပ်ဖို့ သိပ်မလွယ်ပါဘူး။ ဘာလို့လဲဆိုရင် VSL မရှိတဲ့နောက်မှာ Member Switch တွေဟာ Dual-Active ဖြစ်သွားပြီးတော့ မမျှော်မှန်းထားတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် VSS မှာ Dual-active Detection ဖြစ်တဲ့ PAgP Detection တို့ Fast Hello Link တို့နဲ့ ထပ်ပြီးကူရပါတယ်။ ဒီတော့ အောက်ကသုံးထားတဲ့ Port Channel တွေရဲ့ Channel protocol တွေကိုရွေးချယ်မှုဟာလဲ အရေးပါပါတယ်။ ON mode သုံးထားရင်တော့ Fast Hello ကိုပဲသုံးရပါလိမ့်မယ်။ Dual-active detection ဖြစ်သွားရင် Active Switch က သူ့ရဲ့ Module တွေအားလုံးကို shutdown လုပ်လိုက်ပြီး Recovery mode ကိုရောက်သွားပါတယ်။ ဒီအချိန်မှာ သူ့ကိုချိတ်ထားတဲ့ Device တွေအကုန်လုံးဟာ ပြတ်တောက်သွားမှာဖြစ်ပါတယ်။ Standby Switch မှာချိတ်ထားတဲ့ Device တွေကတော့ ဆက်ပြီး အလုပ်လုပ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် အထက်ကပြောခဲ့သလိုပဲ Member Switch နှစ်ခုလုံးမှာ ချိတ်ထားတဲ့ Device သာ VSS ရဲ့ အကျိုးကို ခံစားရမှာပါ။

Recovery mode ကနေ နဂိုအခြေအနေကိုပြန်ရောက်ဖို့အတွက် Force-Switchover ပြန်လုပ်ရမှာဖြစ်ပါတယ်။ VSS မှာ HSRP/VRRP တို့လို Preempt မပါပါဘူး၊ အရင်က ပါခဲ့ပေမယ့် Cisco က မသုံးဖို့ပြောပါတယ်၊ နောက်ပိုင်းမှာ မပါတော့ပါဘူး။ ဘာလို့လဲလို့လေ့လာကြည့်တဲ့အခါမှာ VSS Switchover လုပ်တဲ့အချိန်မှာ Active ကနေ Standby mode ကိုသွားမဲ့ Member switch ဟာ Reload ဖြစ်သွားပြီး နောက်ထပ်ပြတ်တောက်မှု တစ်ကြိမ်ထပ်ကြုံရပါတယ်။ HSRP တို့လိုအလျှင်အမြန်ပြောင်းသွားတာမဟုတ်ပါဘူး။ ဒါကြောင့် Cisco က မလုပ်စေချင်တာပါ။ VSS ကို Force-Switchover လုပ်ရင် သီးသန့် အချိန်ယူပြီးမှ (Maintenance Window) လုပ်သင့်ပါတယ်။ ဒါကြောင့် VSL ဟာအဲဒီ Network တည်ငြိမ်ဖို့အတွက် အရေးအကြီးဆုံးပါ။ ဒီနေရာမှာ မေးစရာရှိတာက ဒါလောက်တောင် ပြဿနာတွေရှိနေရင် ဘာကြောင့် VSS ကိုသုံးနေကြသေးလဲ ဆိုတဲ့ မေးခွန်းပါ။

အရင်ဦးဆုံးမြင်သာတာကတော့ MEC လို့ခေါ်တဲ့ Multichasis EtherChannel ပါ၊ အခုနောက်ပိုင်း Server တွေဟာ Switch တွေလိုပဲ PortChannel တွေလိုအပ်လာပါတယ်၊ VSS မရှိရင် Redundancy အနေနဲ့ MEC သုံးလို့မရပဲ Switch တစ်ခုထဲကိုပဲချိတ်ဆက်ပြီးသုံးရမှာ ဖြစ်ပါတယ်။ Nexus မသုံးနိင်သေးတဲ့ Network တွေမှာ VSS သာ အသုံးဝင်နေဆဲပါ။ ပြီးတော့ Virtual Switch တစ်ခုဖြစ်သွားတဲ့အတွက် အောက်ကလာရောက်ချိတ်ဆက်မဲ့ Switch တွေဟာ STP ရဲ့ တစ်ဖက်ပိတ်တဲ့ ကိစ္စကို ကျော်လွှားနိုင်ပြီး Bandwidth အနေနဲ့ ပိုမိုသုံးလို့ရလာမှာဖြစ်ပါတယ်။ နောက်တခါ Distribution Level မှာသုံးနေကျ HSRP/VRRP တို့လဲ မလိုတော့ပါဘူး။ Backplane bandwidth အနေနဲ့လဲ ပိုမိုများပြားလာပြီးတော့  SSO ကြောင့် Topology changes convergence တွေကိုသိပ်ပြီး မခံစားရတော့ပဲ ပြတ်တောက်မှုတွေကိုနည်းပါးစေပါတယ်။ ဒါ့အပြင် IOS upgrade လုပ်တဲ့အခါမျိုးမှာလဲ ISSU တနည်းအားဖြင့် eFSU Enhanced Fast Software Upgrade တို့ကိုသုံးပြီး ပြတ်တောက်ချိန်အနည်းဆုံးနဲ့ လုပ်ငန်းကို မထိခိုက်အောင် တွဲပြီးလုပ်ဆောင်လို့ရပါတယ်။

Configuration ပိုင်းအနေနဲ့ ကတော့သီးသန့်ခွဲရေးမှသာ အဆင်ပြေပါလိမ့်မယ်။ မြင်သာအောင် Cisco site ကနေယှဉ်ပြထားတဲ့ VSS နဲ့ VSS မပါတဲ့ ပုံကိုကြည့်ပါ။ 





ကိုဖြိုး

No comments:

Post a Comment