Cisco နဲ့တိုက်ရိုက်မပက်သက်ပါ ဒါပေမယ့် ကြိုးစားအားထုတ်မှုတွေအရာမထင်လာလို့ စိ်တ်ပျက်နေတဲ့လူငယ်တွေအတွက် အားပေးဖို့သက်သက်သာဖြစ်ပါတယ်။လူငယ်ဘဝအရင်းအနှီး
အလုပ်ရဖို့အတွက်ဘာလိုလဲဆိုရင် အလုပ်လိုတယ်လို့ပဲပြောရမှာပဲ။ အလုပ်မရှိ၊ အလုပ်မခေါ်ပဲနဲ့အလုပ်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဒီလိုဆိုရလဲဆိုတော့ ငယ်ငယ်တုန်းက Programming တတ်ခါစအရွယ်က Programmer အလုပ်အရမ်းလုပ်ချင်ခဲ့ပါတယ် ဒါပေမယ့် ခေါ်တဲ့အလုပ်မရှိသလောက်ပါပဲ။ ၉၀ကျော်ခုလောက်က မြန်မာပြည်မှာဖြစ်ပါတယ်။ သင်တဲ့ဆရာ့ကို အားကိုးစွာနဲ့မေးကြည့်တော့ နောက်၁ဝနှစ်လောက်ဆိုပေါ်လာမှာပါလို့ပြောတယ်။ မှန်ပါတယ် ၂၀၀၀ကျော် လောက်မှာ Software company တွေပေါ်လာပီးတော့ Programmer software engineer စတဲ့ အလုပ်တွေပေါ်လာပါတယ်။ ဒီတော့ ဘာလုပ်ရမလဲဆရာဆိုတော့ လေ့လာလို့ရသမျှအကုန်လေ့လာကွာလို့ပြောပါတယ်။ ပီးရင်အကူဝင်လုပ်လို့ဆိုပီး အကြံပေးပါတယ်။ ဒီတော့ တပြားတချပ်မှမရပဲ ကိုယ့်စရိတ်ကိုယ်သုံးပီး နည်းနည်းပါးပါးလုပ်ရလဲ အမြတ်ဆိုပီး ဝင်လုပ်ခဲ့ရပါတယ်။ အဲဒီအရွယ်ဟာ အရှုံးအမြတ်မတွက်ပဲ အသိအပညာ အတတ်ပညာတိုးပွားရေးအတွက် အရင်းအနှီးလုပ်ဖို့အကောင်းဆုံး လို့ထင်ပါတယ်။
အဲဒီအချိန်မှာ ငွေရေးကြေးရေးထက် အတွေ့အကြုံရရှိရေးကိုပဲ ဦးစားပေးရပါတယ်။ စိတ်ထဲမှာ ယုံကြည်ထားတာကတော့ အတွေ့အကြုံများလာရင်၊ အရည်အသွေးပြည့်သထက်ပြည့်လာရင် ထင်ပေါ်ရင် စင်တော်က ကောက်ဆိုသလို ဖြစ်လာလိမ့်မယ်လို့လဲ ထင်ခဲ့ပါတယ်။ ငွေကြေးအရေးမကြီးတာက ပေါနေလို့မဟုတ်ပါ။ မရှိတစ်ခါ ပြတ်တလှည့်ပါပဲ။ သတင်းစာကိုအနောက်ကနေ နေ့တိုင်းဖတ်ပီး ကွန်ပျုတာဆိုတဲ့ စကားလုံးပါသလား အသည်းအသန်ရှာရပါတယ်။ စာစီစာရိုက်ခေါ်တဲ့အလုပ်တွေသာ တွေ့ရများပါတယ်။ ကံကောင်းချင်တော့ ရှားရှားပါးပါး Administrator အလုပ်တခုခေါ်ပါတယ် Programming လည်းနားလည်ရမယ်လို့ပါပါတယ်။ ဘွဲ့ရမှဖြစ်မယ်ဆိုတော့ ကျောင်းကမပီးသေးတော့ အခက်တွေ့ရ ပြန်ရော၊(အထက်တန်းကျောင်းမှာတစ်ကြိမ်၊ တက္ကသိုလ်မှာတစ်ကြိမ် ကျောင်းတွေပိတ်တာခံခဲ့ရပါတယ်) ဖြစ်ချင်ရာဖြစ်လျှောက်ကြည့်မယ် ဆိုပီးကြိုးစားကြည့်တော့ အဆင်ပြေသွားပါတယ်။ Boss က US ကနေပြန်လာကာစဆိုတော့ လူငယ်ခြေတက်တွေနဲ့ အလုပ်လုပ်ချင်ပါတယ်ဆိုပီး ခန့်လိုက်ပါတယ်။ လခဘယ်လောက်ရရလုပ်မယ် ဆိုတာ ကြောင့်လည်းပါမယ်ထင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ဖို့အတွက် အလုပ်ရှိဖို့က လိုပါတယ်၊ ဒါ့အပြင် ကိုယ့်ကိုခေါ်တဲ့အလုပ်ရှိဖို့က ပိုပီးအရေးကြီးပါတယ်။
ဒီလိုနဲ့ ဆယ်နှစ်ကျော်လောက် စဉ်ဆက်မပြတ်ကြိုးစားရင်း ထိုက်သင့်တဲ့ဝင်ငွေတခုနဲ့ ရပ်တည်လို့ရတဲ့ Professional တယောက်ဖြစ်လာခဲ့ပါတယ်။ တကိုယ်ရည်အတွက် လုံလောက်တဲ့အပြင် အဖေအမေ ကိုနည်းနည်းပါးပါးလောက်ပြန်ပေးနိုင်လာတာပေါ့။ အဲဒီထိုက်သင့်တဲ့ဝင်ငွေဆိုတာ Taxi မောင်းပီးရှာလို့ရတဲ့ ကားဆရာတွေရဲ့ဝင်ငွေကိုမမှီပါဘူး။ အဲဒီတုန်းကလည်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခဲ့ရင်း စဉ်းစားမိခဲ့ပါသေးတယ်။ ပညာနဲ့ ရှေ့ဆက်လုပ်စားဖို့ဖြစ်ပါ့မလား။ ဒါပေမယ့် ဒီလောက်လစာပေးနိုင်တဲ့ တခြားအဖွဲ့အစည်း၊ အတွေ့အကြုံကောင်းတွေရနိုင်တဲ့
တခြားအဖွဲ့အစည်း ကလည်းမရှိ၊ Network နဲ့ပက်သက်လာရင် အကောင်းဆုံးလို့ပြောရလောက်တဲ့ အနေအထားမှာရှိနေတော့လည်း ခက်တာပေါ့၊ ဒီတော့ နည်းပညာပိုင်းအရ နောက်ထက်မြင့်တဲ့ ပိုပီးဝင်ငွေကောင်းတဲ့ အလုပ်က လိုလာပြန်ရော။ အဲဒီလိုအလုပ်မျိုး ကိုယ့်တိုင်းပြည်မှာ ရှိဖို့ အရေးကြီးလာပြန်ရော။ ခေတ်ပျက်မှာ မွေးလာတော့လည်း ဘယ်တတ်နိုင်မလဲ။ ဒီလိုပြဿနာတွေဟာ ကျွန်တော့်တို့ ရွယ်တူတွေအတွက် အားလုံးကြုံရတဲ့ဘုံပြဿနာတခုပါ။ ကျွန်တော်နဲ့ဆယ်နှစ်လောက်ကွာတဲ့ ကျွန်တော့်အစ်ကိုတွေခေတ်ကဆို ပိုဆိုးပါတယ်။ ဘယ်မှာမှန်းမသိ၊ မမြင်ရတဲ့ပန်းတိုင်တွေကို ရောက်နိုးနိုးနဲ့ ရမ်းသမ်းသွားခဲ့ရပါတယ်။ ဒါကြောင့် ရေရှည်မှာကိုယ်နဲ့ကိုက်ညီမဲ့ အလုပ်ရဖို့အတွက် ရွေးချယ်လို့ရမယ့် အလုပ်တွေရှိဖို့လိုပါတယ်။
ကျေးဇူးတင်ပါတယ် မစ္စတာလီ
ဒီလိုနဲ့ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေနဲ့ကြိုးစားရင်းနဲ့ပဲ ကံအားလျှော်စွာ စင်ကာပူကိုရောက်လာခဲ့ပါတယ်။ ဒီလည်းရောက်ရော ကျွန်တော့်တို့ဆီမှာ အရာမသွင်းတဲ့ အသိအမှတ်မပြုချင်တဲ့ အတတ် ပညာရှင်တွေ အတွက်နေရာတွေ၊ အလုပ်တွေအများကြီး။ သူတို့ထက်အဖက်ဖက်ကနောက်ကျ တဲ့နိုင်ငံကလာတဲ့ သူတွေဖြစ်ပေမယ့် ပညာကိုအသိမှတ်ပြုပီး အလုပ်နေရာအများစုမှာ ဝင်ဆန့်ခွင့်ပေးခဲ့ပါတယ်။ တော်ရင်တော်သလို ကြိုးစားရင်ကြိုးစားသလို
ရှေ့ဆက် သွား နိုင်မယ့်လမ်းကြောင်းတွေက အမြဲလိုရှိနေတတ်တော့ ပညာနဲ့လုပ်စားလို့ရတယ်ဆိုတာကို သေသေချာချာ မျက်မြင် ကိုယ်တွေ့ကြုံခဲ့ရတာပေါ့။ အိမ်မက်လိုဖြစ်ခဲ့တဲ့ CCIE တွေဘာတွေဖြေနိုင်၊ နိုင်ငံရပ်ခြားတွေဘာတွေ တောင်အလည်အပတ်သွားနိုင်လာပါတယ်။ ဒါတွေဟာ အလုပ်လုပ်ခြင်းရဲ့ ရလာဒ်တွေပဲ။ အဲဒီအလုပ်တွေ လုပ်နိုင်အောင် ဖန်တီးပေးခဲ့တဲ့ မစ္စတာလီကို သူ့နိင်ငံသားတွေသာမက အကုန်လုံးကပါလေးစားကြတာအံ့ဩစရာ မဟုတ်ပါဘူး။ သစ်တပင်ကောင်း ငှက်သောင်း၊သိန်းမက နားလို့ရတယ်ဆိုတာကိုလည်း လက်တွေ့သဘောပေါက်သွားပါတယ်။ စင်ကာပူကြောင့် အနီးအနားက နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်တို့ အင်ဒိုနီရှားတို့ ကျွန်တော်တို့မြန်မာနိုင်ငံက လူငယ်လူရွယ်တွေရဲ့ အိမ်မက်တွေဟာ အကောင်အထည် ပေါ်လာပါတယ်။ မိသားစုဘ၀တွေဟာလည်း ပိုပီးဆိုပြေလာကြပါတယ်။ ဒီတော့ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တာ မမှားဘူးလို့ထင်ပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးအရတွေ ဘာတွေကနေ မကြည့်ပဲ သူရဲ့အားစိုက်ထုတ်သွားတဲ့ အလုပ်လုပ်အားကို ကြည့်ရင်းနဲ့တင် လေးစားပါတယ်။ သူလိုလူမျိုးကိုဝေဖန်ချင်တဲ့သူတွေနဲ့လည်းငြင်းနေစရာမလိုပါဘူး။ ကိုယ်တိုင် အတွေ့အကြုံ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လွတ်လပ်စွာ တွေးနိုင် မြင်နိုင် ဝေဖန်နိုင်ကြတာပဲ။ တခြားနိုင်ငံတွေလည်းရှိတာပဲလို့ ပြောချင်တဲ့သူတွေလဲ ရှိမှာပဲ၊ ဒါပေမယ့်လက်တွေ့ကျကျကြည့်ရင် အလှမ်းဝေးပါတယ်။ ပီးတော့ White-collar အလုပ်ရဖို့ခက်ခဲပီး အများစုက Blue-collar အလုပ်တွေလောက်ပဲ ရလေ့ရှိပါတယ်။
စင်ကာပူရဲ့အနေအထားကိုကြည့်ပီး ကျွန်တော်တို့နိုင်ငံကိုလည်း အရမ်းဖြစ်စေချင်ပါတယ်။ လူငယ်တွေအတွက်လည်း အလုပ်အကိုင်တွေ ရွေးချယ်စရာတွေ ရစေချင်ပါတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံခြား အဖွဲ့အစည်းတွေဝင်လာတော့ အရင်ကထက်စာရင်ပိုပီးတော့ အခွင့်အလမ်းတွေပေါ်လာပီလို့လဲထင်ပါတယ်။ ဒါပေမယ့် သူတွေနဲ့အတူပါလာမယ့် အလုပ်အကိုင်တွေကို ပြည်တွင်းက အတတ်ပညာရှင်တွေ က ပိုင်ပိုင်နိုင်နိုင်နဲ့ နေရာယူနိုင်ကြဖို့လိုပါတယ်။ အရေအသွေးမပြည့်မှီရင် အပြင်ကနေ ဝင်လာမည့်သူတွေဒုနဲ့ဒေးပါ။ ဒီတော့ လူငယ်တွေအနေနဲ့ အတတ်ပညာပိုင်း အရည်အသွေး ပိုင်းကို နေရာစုံကနေဖြည့် ထားဖို့လိုပါတယ်။ Microsoft တွေ Linux တွေ၊ Cisco တွေ Juniper တွေ၊ SDN တွေ Traditional တွေ အငြင်းပွားမနေပဲ ကိုယ်လိုင်းနဲ့ကို ကျွမ်းကျင်လာအောင် ပိုပီးတောက်ပလာအောင် လုပ်နေဖို့က ပိုပီးအရေးကြီးပါတယ်။ တသက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ဆိုသလိုပဲ ရေတို ရေရှည်လမ်းကြောင်းလေးတွေရေးဆွဲပီး ဆက်လျှောက်သွားဖို့အကြံပြုလိုပါတယ်။ မြန်မာပြည်ထက် ရှေ့ရောက်နေတဲ့ စင်ကာပူလို နေရာမျိုးမှာတောင် သူ့နေရာနဲ့သူ နည်းပညာအားလုံးဟာ အသုံးဝင်နေပါသေးတယ်။ ဒီတော့ အဆင်မပြေမှုတွေ အခက်အခဲတွေကို အံတုရင်း လုပ်စရာရှိတာဆက်လုပ်၊ လူ့အရင်းအမြစ် အတတ်ပညာတွေနဲ့ တိုင်းပြည်တည်ထောင်ပြသွားတဲ့ မစ္စတာလီတို့လို အလုပ်လုပ်သူတွေကို အတုယူပီး ကြိုးစားဖို့တိုက်တွန်းလိုပါတယ်။ အဲဒီလိုပြောရင်ကြီးကျယ်တယ်ဖြစ်နေပါအုံးမယ်။ (ကိုယ်တိုင်လည်းမလုပ်နိုင်ပါ) ဒါပေမယ့် တရက်ကို အနည်းဆုံး ၂နာရီလောက်အချိန်ပေးပီး လေ့လာမှတ်သားကြိုးစားသွားရင်တောင် တနှစ် နှစ်နှစ်အတွင်းမှာ အရည်အသွေးပိုင်းအရ သိသိသာသာ တက်လာပီး အခွင့်အရေးတွေပေါ်လာရင် ရယူနိုင်မဲ့အနေအထားကို ရောက်လာပါလိမ့်မယ်လို့အာမခံပါတယ်။
ကိုဖြိုး
No comments:
Post a Comment